close

“မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်”

close

December 27, 2021

မြန်မာ့အားကစား ကမ္ဘာတစ်ဝန်းကို လွှမ်းမိုးနေရမည်ဟု မဆိုလိုကြောင်း စစ်ခေါင်းဆောင်ပြော

“မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်”ဆိုတာဟာ မြန်မာ့အားကစားလုပ်ဆောင်မှုတွေ ကမ္ဘာတစ်ဝန်းကို လွှမ်းမိုးနေရမယ်လို့ မဆိုလိုတဲ့အကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောပါတယ်။

ဒီဇင်ဘာ ၂၆ ရက်က ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏ အမျိုးသား အားကစားပြိုင်ပွဲရုံ (၁) သို့ သွားရောက်ကြည့်ရှုရာမှာ စစ်ခေါင်းဆောင်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်တာလို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။

သုဝဏ္ဏ ကစားရုံကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးတဲ့ တရုတ်နိုင်ငံကို ကျေးဇူးတင်ရှိကြောင်း၊ လက်ရှိမှာ နိုင်ငံရဲ့ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအားနည်းနေပြီး အားကစားကဏ္ဍတိုးတက်ရေး ချက်ချင်းဆောင်ရွက်လို့မရဘဲ အဆင့်ဆင့်ပြန်လည်ပြင်ဆင် စနစ်တကျလုပ်ဆောင်သွားရမှာ ဖြစ်ကြောင်း၊ လာမယ့် ဆယ်စုနှစ်တစ်ခုအတွင်း ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်ကပြောပါတယ်။

“မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်”ဆိုတဲ့ မြန်မာ့အားကစားလုပ်ဆောင်မှုတွေဟာ  ကမ္ဘာတစ်ဝန်းကိုလွှမ်းမိုးနေရမယ်လို့ မဆိုလိုဘဲ မြန်မာ့ရိုးရာအားကစားနည်းတွေကို ကမ္ဘာကသိရှိစေရေး ဆောင်ရွက်ရမှာဖြစ်ပြီး ရိုးရာအားကစားနည်းတွေရဲ့ အဆင့်အတန်းမြင့်မားရေး၊ နိုင်ငံတကာ အားကစားပွဲတွေမှာ ထည့်သွင်းယှဉ်ပြိုင်နိုင်ရေးတို့အတွက်လည်း ဆက်လက်လုပ်ဆောင်သွားရမယ်လို့လည်း ဆိုပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ သုဝဏ္ဏဘောလုံးအားကစားကွင်းသို့လည်း သွားရောက်ကြည့်ရှုခဲ့ရာမှာ  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် က သုဝဏ္ဏဘောလုံး အားကစားကွင်း သမိုင်းအကျဉ်းနဲ့ ပြုပြင်ထိန်းသိမ်းဆောင်ရွက်ထားရှိမှု၊ လေ့ကျင့်ရေးကွင်းတွေ ထပ်မံတည်ဆောက်ထားရှိမှု၊ မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲတွေနဲ့ နိုင်ငံတကာအားကစားပြိုင်ပွဲတွေ လက်ခံကျင်းပခဲ့မှု အခြေအနေတွေကို ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

“မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်”ဆိုတဲ့ဆောင်ပုဒ်ကို ယခင်နဝတ စစ်အစိုးရခတ်ကတည်းက စတင် အသုံးပြုကြွေးကြော်ခဲ့တာဖြစ်ပြီး လက်ရှိအခြေအနေမှာတော့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှု အခြေအနေတွေကြောင့် အားကစားပြိုင်ပွဲတွေနဲ့ လှုပ်ရှားမှုတွေလည်း နည်းပါးသွားခဲ့ပြီး  ဘောလုံးအပါအဝင်  မြန်မာ့အားကစားကဏ္ဍဟာ ဒေသတွင်းမှာ အဆိုးရွားဆုံးအခြေအနေနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။  

Photo-MOI

1 min Ago
Up