close

မြန်မာ့အားကစား

close

June 4, 2022

မြန်မာ့အားကစား တိုးတက်အောင်မြင်၊ ကမ္ဘာ့အဆင့်အထိသွားရန် စစ်ခေါင်းဆောင် တိုက်တွန်း

မြန်မာ့အားကစား တိုးတက်အောင်မြင်မှုရခဲ့တာကို မငြင်းနိုင်တဲ့အကြောင်းနဲ့  ကမ္ဘာ့အဆင့်အထိ သွားကြရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

(၃၁)ကြိမ်မြောက် ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲမှာ ဆုတံဆိပ်ရရှိခဲ့ကြတဲ့ မြန်မာအားကစားအဖွဲ့တွေကို ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ဇွန် ၃ ရက်က နေပြည်တော်မှာ ကျင်းပရာမှာ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာပါ။

ဒီပြိုင်ပွဲမှာ မြန်မာနိုင်ငံအနေနဲ့  အားကစားသမား ၂၉၃ ဦး၊ အုပ်ချုပ်သူ၊ နည်းပြ ၉၇ ဦး စုစုပေါင်း ၃၉၀ ဦးစေလွှတ်ပြီး အားကစားနည်း ၂၀ ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ ရွှေတံဆိပ် ၉ ခု၊ ငွေတံဆိပ် ၁၈ ခု၊ ကြေးတံဆိပ် ၃၅ ခု၊ စုစုပေါင်း ဆုတံဆိပ် ၆၂ ခုတို့ကို ရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် အဆင့် ၇ ရရှိခဲ့တာဖြစ်ပါတယ်။

အရင်ပြီးခဲ့တဲ့ ဆီးဂိမ်းပြိုင်ပွဲတွေမှာလည်း မြန်မာဟာ အဆင့် ၇ နေရာမှာပဲ ရပ်တည်ခဲ့တာဖြစ်ပြီး အောက်မှာ အာဆီယံ ဒေသတွင်းက လူဦးရေးနည်းပြီး အင်အားအနည်းဆုံးနိုင်ငံတွေဖြစ်တဲ့  ကမ္ဘောဒီးယား၊ လာအို၊ ဘရူနိုင်းနဲ့ အရှေ့တီမောနိုင်ငံတို့သာရှိနေတာဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့   ကိန်းဂဏန်းများအရ တိုးတက်အောင်မြင်မှု ရခဲ့သည် ကိုမငြင်းနိုင်ကြောင်း၊  ဆီးဂိမ်းစ်မှာသာမကဘဲ အာရှအဆင့်အထိ သွားရမယ်၊ အဲဒီကတဆင့် ကမ္ဘာ့အဆင့်အထိ သွားရမယ်  မိမိအနေနဲ့ အပြည့်အဝအားပေးရန်အသင့်ရှိတယ်လို့ပြောပါတယ်။

အားကစားသမားအဖွဲ့တွေအနေနဲ့ အကောင်းဆုံး စံချိန်တွေ အခုရခဲ့သလား ဆိုတာ ပြန်ဆန်းစစ်ဖို့ တချို့သော အားကစားပွဲတွေဟာ နည်းစနစ်အရ၊ သက်လုံအရ၊  ကြံ့ခိုင်မှုအရ လိုအပ်ချက်ရှိနေသေးပြီး အင်ပြည့်အားပြည့် ကစားဖို့ လိုနေသေးတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

ဆီးဂိမ်စ်မှာ ရွှေတံဆိပ် ရရှိခဲ့သူတွေကို  ငွေကျပ်သိန်း ၃၀၀ ၊ ငွေတံဆိပ် ကျပ်သိန်း ၂၀၀၊ ကြေးတံဆိပ် ငွေကျပ် သိန်း ၁၀၀ နဲ့ အသင်းလိုက်ပြိုင်ပွဲမှာ ရွှေတံဆိပ်ရရှိခဲ့တဲ့ အားကစားသမား တယော်ကို  ငွေကျပ် သိန်း ၁၀၀၊ ငွေတံဆိပ် သိန်း ၇၀၊ ကြေးတံ ငွေကျပ် ၃၅ သိန်းပေးအပ်ခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။

ရွှေတံဆိပ်ရ နည်းပြတစ်ဦးကို ငွေကျပ်သိန်း ၁၀၀ ၊ ငွေတံဆိပ် ငွေကျပ်သိန်း ၅၀ ၊ ကြေးတံဆိပ် ငွေကျပ်သိန်း ၃၀ နဲ့ အားကစားနည်းအလိုက် အုပ်ချုပ်မှုအဖွဲ့တွေကိုလည်း ရွှေတံဆိပ်ရအဖွဲ့တွေကို ငွေကျပ်သိန်း ၁၀၀၊ ငွေတံဆိပ် ငွေကျပ်သိန်း ၅၀၊ ကြေးတံဆိပ်ရရှိသည့် ငွေကျပ်သိန်း ၃၀ နှုန်းနဲ့ စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၁၃၂၇၀ ကို ချီးမြှင့်ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

ယခင်စစ်အစိုးရတွေလက်ထက်ကလည်း မြန်မာ့အားကစားကမ္ဘာလွှမ်းရမယ်လို့ ကြွေးကြော်ခဲ့ဖူးပါတယ်။

1 min Ago
Up