မြန်မာ-တရုတ် အဓိကကုန်သွယ်ရာ ဂိတ်ဖြစ်တဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ ကျင်စန်းကျော့ - ဝမ်တိန် နှစ်နိုင်ငံနယ်စပ်ဂိတ် တရုတ်ဘက်ခြမ်းက အကောက်ခွန်ဌာနမှာ စစ်ဆေးမှု ကြန့်ကြာလို့ပိတ်မိနေတဲ့ မြန်မာ့ ဖရဲ၊ သခွား ပို့ကုန်ကားတွေ ဇန်နဝါရီ ၅ ရက် ညနေပိုင်းမှာ လမ်းပြန်ပွင့်ပြီဖြစ်ကြောင်း ကုန်သည်လုပ်ငန်းရှင်တွေနဲ့ ကားသမားတွေဆီက သိရပါတယ်။
မူဆယ် ၁၀၅ မိုင် သစ်သီးကုန်စည်ဒိုင် တာဝန်ရှိသူ တဦးက "လမ်းပိုင်းပွင့်သွားပါပြီ။ ဒီနေ့ အစီးရေ ၁၀၀ ခန့်ဝင်နိုင်ခြေရှိပါတယ်။ နောက်နေ့တွေ မပိတ်တော့ပါဘူး။ ကားတွေ အလှည့်ကျ ရောင်းလိုအားနဲ့ ချိန်ညှိပြီးလွှတ်မယ်" လို့ ပြောပါတယ်။
တရုတ်ဘက်အဝင်ဂိတ်မှာ တရုတ်အကောက်ခွန်က စစ်ဆေးမှု ကြန့်ကြာပြီး ပိတ်ဆို့မှုကြောင့် အဝင်ခက်နေကာ မြန်မာဘက်မှာ ဖရဲ၊ သခွား ကား အစီးရေ ၅၀၀ ကျော် စောင့်ဆိုင်းနေရတာ ဖြစ်တယ်လို့ ပြောပါတယ်။
တရုတ်ဘက် ဝမ်တိန်သစ်သီး အရောင်းကွင်းမှာတော့ ဝယ်လိုအား ကောင်းသလောက် အသီးအဝင်က ဒီရက်ပိုင်း အစီး ၂၀၊ ၃၀ သာရှိတာကြောင့် တရုတ်ဘက် ရောင်းကွင်း အရောင်းစင်မှာ အသီးပြတ်နေတာလို့ ဆိုပါတယ်။
သစ်သီး ပို့ကုန် လုပ်ငန်းရှင် တဦးက "ဒီနေ့ ကုန်သွယ်မှုကတော့ အစီးရေ အနည်းဆုံး ၈၀ နဲ့ ၁၀၀ ကြား ဝင်ပါတယ်နော်။ ဒီနေ့ ညနေ။ ဒီမနက်ကစ ပြီးတော့ အဲဒီလောက် ဝင်ပါတယ်"လို့ ပြောပါတယ်။
ယခင်ပုံမှန် တစ်ရက်ကို ဖရဲ၊ သခွားကား ပျမ်းမျှ အနည်းဆုံး အစီး ၇၀ ဝန်းကျင် တင်ပို့ရာကနေ စနစ်အပြောင်းအလဲကြောင့် စစ်ဆေးမှု နှောင့်နှေးလို့ တစ်ရက်ကို အစီး ၂၀၊ ၃၀ သာ တရုတ်ဘက်ထဲ ဝင်နိုင်လို့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ အရှေ့မြောက်တံခါး အများပိုင်ကုမ္ပဏီ သစ်သီးကွင်းနဲ့ အောက်ဘက် ကျင်စန်းကျော့မှာ ဖရဲ၊ သခွားကား အစီးရာချီ ပိတ်မိနေတာဖြစ်ပြီး ကုန်သည်၊ ကားသမားတွေ များစွာအခက်အခဲ ဖြစ်ကြရကြောင်း သစ်သီး ကုန်သည် လုပ်ငန်းရှင်တွေက ပြောပါတယ်။
ဒီနေ့ ဖေဖော်ဝါရီလ ၅ ရက်မှာတော့ ဖေဖော်ဝါရီ ၂ ရက်အထိ ဖရဲ၊သခွား ကားအစီးရေ ၁၃၀ ခန့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ ရွှေလွယ်အင်ကွင်းဘက်ကို ဆင်းလို့ ရကြောင်း ဖရဲ ကုန်တင် ယာဉ်မောင်း တဦးက ပြောပါတယ်။
"ဝမ်တိန်ထဲ အဝင်မြန်ရင်တော့ မနက်ဖြန် ၃ ရက်နေ့ ရက်စွဲ ကားတွေပါ ဆင်းရမယ်"
ဖေဖော်ဝါရီ ၅ ရက် တရုတ်ဘက် သစ်သီး အရောင်းကွင်းမှာ ဖရဲ 855 ၁ ကီလိုဂရမ်ကို ၃ ဒသမ ၅ ယွမ်မှ ၄ ယွမ်အထိ၊ သခွားမွှေးက ၁ ကီလိုဂရမ်ကို ၄ ဒသမ ၅ ယွမ်မှ ၅ ဒသမ ၈ ယွမ် အထိ ဈေးရကြောင်း သစ်သီး ပို့ကုန်လုပ်ငန်းရှင်တွေ ဆီက သိရပါတယ်။
ဈေးပြန်ရလာပေမယ့် ပြန်လည်ကြန့်ကြာလာတဲ့ လမ်းပိုင်းကြောင့် အသီးတွေ လတ်ဆတ်မှု အားနည်းပြီး ပယ်သီးများ ပါလာတဲ့အပြင် ဈေး တက်သင့်သလောက် တင် မရောင်းနိုင်တော့ဘူး လို့ ဆိုပါတယ်။
လက်ရှိမှာ တရုတ်ငွေနဲ့ မြန်မာငွေ လဲလှယ်နှုန်းမှာ ၁ ယွမ်ကို မြန်မာငွေ ၄၁၅ နဲ့ ၄၂၀ ကျပ် ဝန်းကျင် ရှိပါတယ်။
ဇန်နဝါရီ ၃၀ ရက်ကစပြီး မူဆယ် ကျင်စန်းကျော့ - ဝမ်တိန် နှစ်နိုင်ငံ ကုန်သွယ်ရာဂိတ် တရုတ်ဘက်ခြမ်းက အကောက်ခွန်ဌာနမှာ Border Trade Level 1.0 စနစ် ကနေ Border Trade Level 2.0 စနစ်သို့ အဆင့်မြှင့်တင် စနစ် ပြောင်းနေတာကြောင့် စစ်ဆေးမှု ကြန့်ကြာနေပြီး မြန်မာဘက်က ဖရဲ၊ သခွားကားတွေ တရုတ်ဘက် အဝင်နည်းနေခဲ့တာ ဖြစ်ပါတယ်။
တရုတ်တနိုင်ငံလုံး လော့ဒေါင်းဖြေလျှော့လိုက်ပြီးနောက် ၃ နှစ်နီးပါး ပိတ်ထားတဲ့ မြန်မာ-တရုတ်နယ်စပ် ကျယ်ဂေါင်မှာလည်း လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုလိုက်တဲ့ အပြင် ဆိုင်တွေပါ ဖွင့်ခွင့်ပြုလိုက်ပြီလို့ တရုတ်ဘက်ခြမ်းက မြန်မာလုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ရွှေလီမှာနေတဲ့ မြန်မာလုပ်ငန်းရှင်တဦးက “ဆိုင်တွေဖွင့်ခွင့်ရပြီ။ ကျယ်ဂေါင် လွတ်လွတ်လပ်လပ် သွားလို့ရပြီ။ ကျယ်ဂေါင်ဖွင့်တာ ၁၅ ရက်လောက်ရှိနေပြီ” လို့ ပြောပါတယ်။
ကျယ်ဂေါင်ကိုလည်း မြန်မာနိုင်ငံသားတွေရော တရုတ်နိုင်ငံသားတွေရော အလွယ်တကူ ဝင်ထွက်သွားလာလို့ရပြီ ဖြစ်သလို ဆိုင်တွေလည်း ဖွင့်ခွင့်ပြုလိုက်တာကြောင့် တော်တော်များများ ဆိုင်တွေရော ကျောက်ဝိုင်းတွေပါ သန့်ရှင်းရေးတွေလုပ်ကာ ပြင်ဆင်နေကြပြီလို့ ကျယ်ဂေါင် ကြေးမုံ ကျောက်ဝိုင်းက ကျောက်ကုန်သည်တဦးက ပြောပါတယ်။
“ငါတို့တောင် ကျောက်ဝိုင်းသွားလုပ်နေပြီ။ ပိတ်ထားတာ သုံးနှစ်ရှိပြီ။ အခုက ဆိုင်တွေ ဘာတွေ လာဖွင့်ဖို့ သန့်ရှင်းရေးလုပ်နေပါတယ်။”
ကျယ်ဂေါင်မှာ လူတွေနေထိုင်တာ မရှိသေးပေမဲ့ လွတ်လပ်စွာ သွားလာခွင့်ပြုလိုက်ပြီဖြစ်လို့ သန့်ရှင်းရေးတွေလုပ်ကာ စတင်လှုပ်ရှားနေတာတွေ ရှိပေမဲ့ မြန်မာဘက်က ကုန်သည်တွေရဲ့ လက်ကျန်ကုန်ပစ္စည်းတွေကိုတော့ ထုတ်ခွင့်မရသေးသလို နှစ်နိုင်ငံ လူဝင်လူထွက်ကိုလည်း ပိတ်ထားဆဲဖြစ်ပါတယ်။
ဒီဇင်ဘာ ၇ ရက်ည သန်းခေါင်ယံ ထုတ်ပြန်ကြေညာချက်အရ တရုတ်နိုင်ငံ၊ တယ်ဟုန်ခရိုင် တခုလုံး လူအိုရုံ၊ ဆေးရုံ၊ ကျောင်းတွေကလွဲပြီး ကျန်တဲ့နေရာတွေအားလုံး လေယာဉ်ပဲစီးစီး၊ ကားနဲ့ပဲသွားသွား၊ ကိုဗစ်ဆေးထိုးသည်ဖြစ်စေ၊ မထိုးသည်ဖြစ်စေ စစ်ဆေးမေးမြန်းမှု မရှိတော့ဘဲ လွတ်လွတ်လပ်လပ် သွားလာလို့ရပါပြီလို့ ဆိုပါတယ်။
“ကွာရန်တင်းစင်တာကဆိုရင် မနေ့က လူတွေအကုန်လုံးကို ပြန်လွှတ်လိုက်ပြီလေ။ တယောက်မကျန် အကုန်လုံး အိမ်ကို ပြန်လွှတ်လိုက်ပြီ” လို့ နယ်စပ်ကုန်သည်တဦးက ပြောပါတယ်။
မြို့ကြီးတွေကတော့ တမြို့နဲ့တမြို့ ကူးပြောင်းသွားလာမယ့် နေရာအတွက် သက်ဆိုင်ရာ နေရာတွေမှာ ဆေးစစ်ချက်ယူပြီးမှ သွားလာရမှာဖြစ်ကာ အပြင်ထွက်ရင် mask တပ်ရုံကလွဲပြီး အစိုးရစရိတ်နဲ့ အာခေါင်တို့ပတ် စစ်ဆေးတာတွေ ရပ်နားလိုက်ပြီလို့ ဆိုပါတယ်။
“ဆေးတွေဆိုလည်း အပြင်မှာ ဝယ်သောက်လို့ရပြီလေ။ အရင်တုန်းက အပြင်မှာ တရားဝင် မရောင်းဘူးလေ။ အဲလိုပဲ မိမိကိုယ်ကို မိမိပဲ စောင့်ရှောက်ရမှပေါ့နော်။”
ပြီးခဲ့တဲ့ရက်ပိုင်းတွေက တရုတ်နိုင်ငံရဲ့ မြို့ကြီးတချို့ကို လော့ဒေါင်းပြုလုပ်တာတွေ ရပ်နားလိုက်ပြီး ကိုဗစ်ရောဂါကိုလည်း သာမန် နှာစေး၊ ချောင်းဆိုးရောဂါအဖြစ်သာ သတ်မှတ်လိုက်ပြီး ဆေးတွေ လွတ်လပ်စွာ ဝယ်လို့ရတဲ့အပြင် ပိုးတွေ့ခဲ့ရင်လည်း လိုအပ်တဲ့ ဆေးဝယ်ယူပြီး မိမိအိမ်မှာ မိမိဘာသာ အိမ်မှာပဲနေပြီး ကုလို့ရပါပြီလို့ ဆိုပါတယ်။
တရုတ်ဘက်က ကိုဗစ်သတ်မှတ်ချက်တွေ ဖြေလျှော့လိုက်တာကြောင့် မြန်မာဘက်က ကိုဗစ်ရောဂါ အကြောင်းပြပြီး တင်းကျပ်မှုတွေ၊ ရှန်တိန်အဆင့်ဆင့်တွေ လျှော့ပေါ့သင့်ပြီ ဖြစ်ပြီး မြန်မာနိုင်ငံဘက်က လျှော့ပေါ့မှသာ ကုန်ကျစရိတ်တွေသက်သာကာ ကုန်သည်တွေ၊ တောင်သူတွေ၊ စားသုံးသူတွေအတွက် သက်သာမှာဖြစ်တယ်လို့ နယ်စပ်ကုန်သည် လုပ်ငန်းရှင်တွေက ပြောပါတယ်။
“ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေ လျှော့ပေါ့ပေးပါလို့ ပြောချင်ပါတယ်။ ၅ မိုင်ကနေ ရှန်တိန် သုံးလေးဆင့်လည်း မလိုတော့ဘူး။ ဖြုတ်ပစ်လိုက်သင့်ပြီ။ အစိုးရကွင်းကလွဲပြီး အကုန်လုံး ဖြုတ်သင့်ပြီ။ ကုန်သည်တွေ၊ တောင်သူတွေ ဝန်ထုပ်ဝန်ပိုး ဖြစ်နေတာပေါ့နော်” လို့ ကုန်တင်ယဉ်ပိုင်ရှင်တဦးက ပြောပါတယ်။
တရုတ်ဘက် ရွှေလီ၊ ကျယ်ဂေါင်၊ ဝမ်တိန်တို့နဲ့ ထိစပ်နေတဲ့ မြန်မာဘက် မူဆယ်နယ်စပ်၊ ကျင်စန်းကျော့-ဝမ်တိန် နှစ်နိုင်ငံ ကုန်သွယ်ရာဂိတ်က မြန်မာ-တရုတ် ကုန်သွယ်မှုရဲ့ ၇၀ ရာခိုင်နှုန်းလောက် ကုန်သွယ်နေရပြီး မြန်မာနိုင်ငံရဲ့ ပို့ကုန်၊ သွင်းကုန် လွယ်ကူ မြန်ဆန်မှုဟာလည်း တရုတ်ဘက်က ကိုဗစ်သတ်မှတ်ချက် တင်းကျပ်မှု၊ ဖြေလျှော့မှုပေါ်မှာ များစွာ မူတည်နေတာလည်း ဖြစ်ပါတယ်။