close

မြန်မာ တိုင်းရင်းသူ အလောင်း

close

April 21, 2022

ချင်းမိုင်မဲ့ပင်းမြစ်ထဲ မြန်မာတိုင်းရင်းသူ ၁ ဦး၏ အလောင်းတွေ့ရှိ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့  နခွန်းဖင်းတံတားအနီး ချင်းမိုင်မဲ့ပင်းမြစ်ထဲ မျောလာတဲ့အလောင်း မြန်မာတိုင်းရင်းသူတဦးအလောင်း ဖြစ်တယ်လို့ သိရပါတယ်။

မဲ့ပင်းမြစ်ထဲမှာ ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်နေ့မွန်းလွဲပိုင်းက ရေထဲမျှောလာတဲ့ အလောင်းတလောင်းကို အနီးနားနေပြည်သူတွေ တွေ့ရှိပြီး ရဲစခန်းကို အကြောင်းကြားခဲ့တာပါ။

မြို့မရဲစခန်းနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက အလောင်းကို သွားရောက် စစ်ဆေးဆယ်ယူရာမှာ သေဆုံးသူမှာ အသက် ၃၀ ကျော်အရွယ် အမျိုးသမီး ၁ ဦးဖြစ်ပြီး ခန္ဓာကိုယ်မှာ ထိရှဒဏ်ရာ တစုံတရာမရှိဘဲ မည်သူမည်ဝါဖြစ်ကြောင်း သက်သေအထောက်အထားလည်းမရှိတာကြောင့် မဟာရာ့ချ်ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ပေးထားတယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းမိုင်နာရေးကူညီမှုအသင်းမှ စိုင်းတိုင်းထိန်ကတော့ အဆိုပါအလောင်းဟာ လွန်ခဲ့တဲ့ရက်ပိုင်းက ပျောက်ဆုံးနေတဲ့  နန်းမွန်းဆိုသူရဲ့ အလောင်းဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါ တယ်။ 

“သူက ဧပြီ ၁၄ ရက်ညက လင်မယားချင်းစကားများပြီး အိမ်ကနေထွက်သွားတယ်၊ တန်ဖိုးရှိတဲ့ ပစ္စည်းတွေဘာမှယူမသွားဘူး၊ ဖုန်းတောင်မယူဘူး၊ အဲနောက်ပိုင်း ပြန်မလာဘူး၊ အသိဆွေမျိုးတွေ လိုက်မေးတာ ဘယ်သူမှမသိလို့ ရဲစခန်းမှာလူပျောက်တိုင်ထားတာခင်ဗျ။ မနေ့ (ဧပြီ ၂၀) တုန်းက ရဲစခန်းက အကြောင်းကြားလာတယ်။ ဆွန်ဒေါက်ဆေးရုံမှာ ပိုင်ရှင်မဲ့အမျိုးသမီး အလောင်း ၁ လောင်းရောက်နေတယ် သွားကြည့်ပါလားဆိုလို့ သွားကြည့်ကြတာ၊ နန်းမွန်းဖြစ်နေတာ။”

နန်းမွန်းမှာ အသက် ၂၅ နှစ်ရှိပြီး ရှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် လွိုင်ချိုကျေးရွာကဖြစ်ကြောင်း၊ တရွာတည်းသား စိုင်းလိတ်နဲ့ အိမ်ထောင်ကျပြီး ၆ နှစ်ရွယ်ကလေးတယောက်ရှိကြောင်း၊ လင်မယား နှစ်ယောက်လုံး ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ကာ ချန့်ဖိုတ်ရပ်ကွက်ထဲမှာ အလုပ်လုပ်နေတာလို့ ဆိုပါတယ်။ 

နန်းမွန်း ရေထဲကိုဘယ်လိုကျသွားပြီး ဘယ်လိုသေဆုံးတယ်ဆိုတာတော့ မသိရကြောင်း၊ နီးစပ်သူ တွေကတော့ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်တယ်ဆိုပြီး ယူဆနေကြတယ်လို့ ဆိုပါတယ်။ 

လက်ရှိ သူမအသုဘကို ချင်းမိုင်ဝပ်ကူတောက်ကျောင်းတိုက်မှာ ပြုလုပ်ပြီး မနက်ဖန်မှာ မီးသင်္ဂြိုဟ်မယ်လို့ နာရေးကူညီမှုအသင်းက ပြောသွားပါတယ် ။  

57 seconds Ago
Up