မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ဇန်နဝါရီ ၁၈ ရက် မနက်က ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့အကြားတိုက်ပွဲဖြစ်ပွားပြီး Zero Line အနီးရှိဒုက္ခသည်စခန်းမီးရှို့ခံရကာ ဒုက္ခသည် ၅၀၀ လောက်နဲ့ ARSA တပ်ဖွဲ့တွေ မြန်မာဘက်ကို ထွက်ပြေးသွားကြတယ်လို့ နယ်စပ် ဒုက္ခသည်အသိုင်းအဝိုင်းက သိရပါတယ်။
အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) တပ်ဖွဲ့တွေကို ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့(RSO)နဲ့ ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးတပ်ဖွဲ့(RAB)တပ်ဖွဲ့တို့ ပူးပေါင်းပြီးတိုက်ခိုက်ရာက တိုက်ပွဲ အပြန်အလှန် ဖြစ်ပွားခဲ့တာလို့ နှစ်နိုင်ငံနယ်စပ်ရှိ ဒုက္ခသည်တွေက ပြောပါတယ်။
မျက်မြင်တွေ့ရတဲ့ ဒုက္ခသည်တဦးက "တိုက်ပွဲဖြစ်တာက ဘင်္ဂလားအစိုးရရဲ့ Rapid Action Battalion(RAB) တပ်ဖွဲ့နဲ့ RSO တပ်ဖွဲ့တွေပူးပေါင်းပြီး Zero Line မှာ ခိုအောင်းနေကြတဲ့ ARSA အဖွဲ့ကိုဝင်တိုက်တာ။ အပြန်အလှန်ပစ်ခတ်ရင်း RSO ဘက်က တစ်ဦးသေသွားတယ်။ တဦးဒဏ်ရာရသွားတယ်”လို့ ပြောပါတယ်။
နှစ်နိုင်ငံ နယ်စပ်မှတ်တိုင် အမှတ် ၃၀ နဲ့ ၃၅ ကြားက တောင်ပြိုလက်ယာနဲ့ ကပ်နေတဲ့ Zero Line နေရာနားမှာ တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး ARSA တပ်ဖွဲ့တွေက Zero line ရှိ ဒုက္ခသည်နေအိမ်တွေကို မီးရှို့ပြီး ခြံစည်းရိုးကို ဖြတ်ကျော်ကာ မြန်မာနိုင်ငံဘက်ကို ထွက်ပြေးသွားကြတယ်လို့လည်း သိရပါတယ်။
"ARSA တပ်ဖွဲတွေက မနက်ကတည်းက အဝိုင်းခံထားရတာ။ ညနေပိုင်း မိုးချုပ်တာနဲ့ ဝင်စီးခံရမှာကြောက်ပြီး ညနေ ၅ နာရီလောက်မှာ Zero line ကနေအိမ်တွေကိုမီးရှို့ပြီး မီးလောင် တာနဲ့ လူတွေရှုတ်ရှုတ်သဲသဲဖြစ်နေချိန်မှာ ARSA တပ်ဖွဲ့တွေတွေက ခြံစည်းရိုးကိုကျော်ပြီး မြန်မာဘက်ကို ထွက်ပြေးသွားကြတာ။ အိမ်ခြေ ၃၀၀ ကျော်လောက်မီးလောင်သွားတယ်။ ပလတ်စတစ်နဲ့ ဆောက်ထားတဲ့အိမ်တွေဖြစ်တော့ ဘာမှယူလိုမရခဲ့ကြဘူး။ ARSA က ထွက်ပေါက်ရှာပြီးမီးရှို့ခဲ့ကြတာ"လို့ပြောပါတယ်။
မီးလောင်သွားတဲ့ Zero Line စခန်းမှာ ရိုဟင်ဂျာဒုက္ခသည် ၃၀၀၀ လောက် နေထိုင်နေကြပြီး မီးရှို့ခံခဲ့ရတဲ့ နေအိမ် ၃၀၀ ထဲမှာ တချို့က မြန်မာပြည်တွင်းကို ခိုလှုံလာတာရှိသလို တချို့ကတော့ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးကြတာတွေရှိတယ်လို့ ဒုက္ခသည်တွေထံက သိရပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့သို့ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် နဲ့ ရဲချုပ်တို့ရောက်ရှိနေချိန် အခုလို နယ်စပ်မှာ တိုက်ပွဲဖြစ်ပွားတာလည်းဖြစ်ပါတယ်။
အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခံထားရတဲ့ ARSA အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာခေါင်းဆောင်တွေကို ခြိမ်းခြောက်သတ်ဖြတ်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တာကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရက ၂၀၂၂ ခုနှစ် နိုဝင်ဘာမှာ ARSA အဖွဲ့ခေါင်းဆောင် အာတာအူလာနဲ့ အပေါင်းအပါတွေကို ဖမ်းဝရမ်း ထုတ်ပြန်ထားပါတယ်။
ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့(RSO)အဖွဲ့ဟာလည်း ရက္ခိုင်တပ်တော် (အေအေ) တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ နယ်ခြားမှတ်တိုင် ၄၀ နဲ့ ၄၅ စခန်းတွေကို သူတို့တပ်ဖွဲ့တွေ ဝင်ရောက်သိမ်းပိုက်သလိုမျိုး ဖန်တီးထားတဲ့ ရုပ်သံဗီဒီယိုတွေကို မကြာသေးခင်က အွန်လိုင်းမှာ ဖြန့်ချိခဲ့ပါတယ်။
ARSA တပ်ဖွဲခေါင်းဆောာင် အာတာ အူလာနှင့် တပ်ဖွဲဝင်များ နယ်စပ်ခြံစည်းရိုးအားဖြတ်ကျော်ပြီး မြန်မာဖက်သို့ထွ က်ပြေးလာခဲ့ကြရကြောင်း မျက်မြင်ဒုက္ခသည်များထံမှသိရှိရပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ် သြဂုတ်လလောက်က ARSA အဖွဲ့ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေ လုပ်လာတာကို အကြောင်းပြုပြီး မြန်မာစစ်တပ်က နယ်မြေရှင်လင်းခဲ့တာကြောင့် ရခိုင်ပြည်နယ်က မွတ်ဆလင် ၆ သိန်းကျော် တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။
PHOTO- TBS News
မြန်မာနိုင်ငံ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက် စီးနင်းမှုတခုမှာ ဒေါ်လာ ၁.၁၂ သန်းတန်ဖိုး ရှိတဲ့ မူးယစ်ဆေးဝါးအမြောက်အမြားကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့တွေက စနေနေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ တရားဝင်ကြေညာချက်ခဲ့ပါတယ်။
သတင်းပေးချက်တခုအရ အရှေ့တောင်ဘက်ကမ်းရိုးတန်း ကော့ခ်ဘဇား နယ်ခြားစောင့် တပ်ရင်းဟာ မနက်အရုဏ်မတက်ခင် ဝင်ရောက်စီးနင်းရာမှာ လူတစ်ဦးကို ဖမ်းဆီးခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၂၅ သန်းတန်ဖိုးရှိ မြန်မာယာဘဆေးပြား ၃ သိန်း ၂ သောင်းကို သိမ်းဆည်းရမိခဲ့တယ်လို့ တပ်ရင်းထုတ်ပြန်ချက်က ဆိုပါတယ်။
အဲ့ဒီစီးနင်းမှုဟာ နှစ်နိုင်ငံအကြားက မှောင်ခိုလမ်းကြောင်းလို့ ယူဆရတဲ့ အာ့ခီရာနယ်မြေ အနီးက စက်တပ်လှေပေါ်မှာ ဖြစ်သွားတာပါ။ ဒါကို ရာဇ၀တ်မှုတစ်ခုအဖြစ် အမှုတွဲထားပြီး မှောင်ခိုတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ဒီနှစ်တနှစ်တည်းမှာ နယ်စပ်တပ်ရင်းဟာ ဒေါ်လာ ၁၁.၈၃ သန်း တန်ဖိုးရှိတဲ့ မြန်မာယာဘဆေးပြား ၃.၃၇ သန်းကို သိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါးမှောင်ခိုမှုမှာ လူ ၁၆၁ ဦး ကို ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ယာဘဆေး သုံးစွဲမှုနဲ့ မှောင်ခိုအရောင်းအဝယ်တွေကို တားဆီးဖို့ ကြိုးစားနေပေမယ့်လည်း ထောင်နဲ့ချီတဲ့လူတွေ အထူးသဖြင့် ဘင်္ဂလားဒေ့ရ်ှလူငယ်တွေဟာ လတ်တလောနှစ်တွေ အတွင်းမှာ အနီရောင် သို့မဟုတ် ပန်းရောင် ယာဘ ဆေးပြားတွေကို စွဲလမ်းလာကြပါတယ်။
ယာဘဟာ မက်သာဖက်တမင်းစိတ်ကြွဆေးပြားနဲ့ ကဖိန်းဓာတ်တို့ကို ပေါင်းစပ်ထားတာ ဖြစ်ပြီး မြန်မာနိုင်ငံမှာ တရားမ၀င် ထုတ်လုပ်တာလို့ ပြောဆိုနေကြပါတယ်။