close

မြန်မာ ၁၁ ဦး

close

April 23, 2022

ပွဲစားခဘတ် ၄ သောင်းစီပေးပြီး ထိုင်းကတဆင့် မလေးရှားသွားမည့် မြန်မာ ၁၁ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာပြီး မလေးရှားနိုင်ငံကို ဆက်သွားမယ့် မြန်မာနိုင်ငံသား ၁၁ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဧပြီ ၂၂ ရက်နေ့လယ်ပိုင်းမှာ  ဖမ်းဆီးလိုက်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

သူတို့အုပ်စုကို ထိုင်းနိုင်ငံတောင်ပိုင်းနယ်စပ် ဆဒေါင်းခရိုင်ထဲက သစ်တောဧရိယာတခုထဲမှာ ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်တပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ပူးပေါင်းပါဝင်တဲ့ ကင်းလှည့်တပ်ဖွဲ့က ဖမ်းမိခဲ့တာလို့ ရဲတွေက ပြောပါတယ်။

ဖမ်းမိချိန်မှာတော့ သူတို့အားလုံးဟာ ပင်ပန်းနွမ်းနယ်နေကြပုံရပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရခြင်း ရှိမရှိ စစ်ဆေးချိန်မှာတော့ အားလုံးမှာ ကူးစက်ခံထားရခြင်း မရှိဘူးလို့ ဆိုပါတယ်။

ဖမ်းမိသူတွေမှာတော့ အမျိုးသား ၉ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ပါဝင်ပြီး ရဲတွေက သူတို့ကို စစ်ဆေးမေးမြန်းရာမှာ မော်လမြိုင်ကနေ လာရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

သူတို့အုပ်စုဟာ မြန်မာဘက်ကနေ ထိုင်းနိုင်ငံထဲကို တောလမ်းက ဝင်ရောက်လာခဲ့ကြပြီး အဲဒီကနေတဆင့် မလေးရှားကို ခေါ်ဆောင်သွားမယ့် ကားကို စောင့်နေချိန်မှာ ခုလိုဖမ်းဆီးခံခဲ့ရတာလို့ ပြောပါတယ်။

သူတို့ဟာ တယောက်ကို ပွဲစားခဘတ် ၄ သောင်းစီပေးဖို့ သဘောတူညီခဲ့ကြပြီး တဝက်ကို မြန်မာဘက်မှာ ပေးချေခဲ့ပြီးဖြစ်ကာ ကျန်တဲ့တဝက်ကိုတော့ မလေးရှားရောက်မှ ပေးကြရမယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ သူတို့ကို သက်ဆိုင်ရာ အာဏာပိုင်တွေဆီ လွှဲပြောင်းပြီး ဥပဒေအရ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ခုကာလတွေအတွင်း မြန်မာနိုင်ငံဘက်ကနေ မလေးရှားနိုင်ငံမှာ အလုပ်ဆက်လုပ်ဖို့ ရည်ရွယ်ချက်နဲ့ ထိုင်းနိုင်ငံ ရနောင်းနဲ့ ကန်ချနဘူရီခရိုင်တွေထဲကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူတွေ ပိုများပြားလာနေပြီး အများ စုကတော့ တောင်ပိုင်းခရိုင်နယ်စပ်ဆီ မရောက်ခင်မှာပဲ ဖမ်းဆီးခံနေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဘက်မှာ စစ်အာဏာသိမ်းမှုနဲ့အတူ လက်ရှိနိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် အလုပ်သမားတွေအနေနဲ့ MoU စနစ်နဲ့ သွားရောက်နိုင်ခြင်း မရှိသေးသလို နေ့စဉ်လိုလို တရားမဝင်လမ်းကြောင်းတွေ ကတဆင့် ထိုင်း နိုင်ငံထဲကို ဝင်ရောက်နေကြပြီး ဖမ်းဆီးခံနေရတာတွေလည်း ရှိနေပါတယ်။

29 seconds Ago

May 3, 2020

ထိုင်းတွင် ပြစ်ဒဏ်ကျခံပြီး မြဝတီပြန်ပို့သည့် မြန်မာ ၁၁ ဦး အချုပ်ကားပေါ်မှ ထွက်ပြေး

ထိုင်းနိုင်ငံဥပဒေ ချိုးဖောက်လို့ ဖမ်းဆီးခံရကာ ပြစ်ဒဏ်ကျခံပြီး မြဝတီဘက် ပြန်ပို့စဉ် အချုပ်ကားပေါ်ကနေ မြန်မာလုပ်သား ၁၁ ဦး ထွက်ပြေးခဲ့ကြပြီး ၂ ဦး ပြန်ဖမ်းမိတယ်လို့ သိရပါတယ်။  သူတို့ဟာ ထိုင်းနိုင်ငံအတွင်း တရားဥပဒေ ချိုးဖောက်တာနဲ့ ပြည်တွင်းခိုးဝင် ပြစ်မှုတွေနဲ့ ပြစ်ဒဏ်ကျခံပြီးသူတွေ ဖြစ်ပြီး မေ ၂ ရက်က မြဝတီလက်ခံရေးစခန်းကို ပြန်ပို့စဉ် အချုပ်ကားပေါ်မှ ၁၁ ဦး ခုန်ချထွက်ပြေးရာ ထိုင်းနယ်စပ်ရဲတပ်ဖွဲ့က ၂ ဦးကို ပြန်လည်ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ မြန်မာ-ထိုင်းနယ်စပ် မြဝတီနဲ့ တာခ့်ခရိုင် အပါအဝင် သောင်းရင်းမြစ်တလျှောက်က ဝေါ်မြိုင်တဖက်ကမ်း၊ ဆုံဆည်းမြိုင်တဖက်ကမ်းနဲ့ မော်လီချိုင်းတဖက်ကမ်း ထိုင်းဘက်မှာ လုံခြုံရေးတင်းကျပ်ထားပြီး သွားလာခွင့် ပိတ်ထားတာပါ။ COVID-19 ကြောင့် မေလအတွင်း ထိုင်းရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ မြဝတီမြို့မှာ ပြန်လည်လက်ခံနေတာဖြစ်ပြီး မေ ၁ ရက်က အယောက် ၆၀၊  မေ ၂ ရက်က ၅၄ ဦး ဝင်ရောက်ခဲ့ပြီး ကျန်းမာရေးစစ်ဆေးတာနဲ့ ကျန်းမာရေးပညာပေးတွေ လုပ်ဆောင်ကာ ၂၁ ရက် စောင့်ကြည့်သွားမယ်လို့ မြဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။ မြန်မာနိုင်ငံ ပြန်ဖို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာသံရုံး ထောက်ခံချက်မပါဘဲ မေ ၂ ရက်နေ့က အိမ်စီးကားတွေကို ဈေးကြီးပေးပြီး ဘန်ကောက်ကနေ ခရိုင် ၇ ခုကို ကျော်ဖြတ်လာကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေလည်း ရှိတယ်လို့ ဘန်ကောက်က ပြန်လာတဲ့ အလုပ်သမားတဦးက ပြောပါတယ်။ ထိုင်းနိုင်ငံမှာလည်း ခရီးသွားခွင့်နဲ့ ကျန်းမာရေးထောက်ခံချက် မပါတဲ့ အိမ်စီးကားတွေကို အရေးယူတာတွေ ရှိနေပါတယ်။
2 years Ago
Up