close

မြန်အောင်

close

December 4, 2022

မြန်အောင်မြို့နယ်၌ ဒေသခံ ၁၀ ဦးခန့်ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေ

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ ကနောင်နယ်မြေ ရဲစခန်းဗုံးဖောက်ခွဲ ပစ်ခတ်တိုက်ခိုက်ခံရအပြီး စစ်ကောင်စီက လယ်ယာနဲ့ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၀  ယောက်ထက်မနည်းကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေထံက  သိရပါတယ်။

နိုဝင်ဘာ ၂၄ ရက် ညနေပိုင်းက အမည်မသိလက်နက်ကိုင်အဖွဲ့က လက်ပစ်ဗုံးနဲ့ ပစ်ခတ်ကာ သေနတ်နဲ့ဝင်ရောက်ပစ်ခတ်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီက ဒေသခံတွေကို လိုက်လံဖမ်းဆီးနေတာဖြစ်ပါတယ်။

ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက "ရဲစခန်း ဗုံးပစ်တိုက်ခိုက်ခံရအပြီး တပတ်အတွင်း လိုက်ဖမ်းတာ ၁၀ ဦးရှိပြီ။ အားလုံးက အမျိုးသားတွေချည်ပဲ။ လူငယ်တွေများတယ်။ လူကြီးပိုင်းတွေလည်းပါတယ်။ ရဲစခန်းမှာပဲ စစ်ဆေးနေတယ်"လို့ ပြောပါတယ်။

ဖမ်းဆီးစစ်ဆေးခံရသူတွေကတော့ လယ်ယာလုပ်ငန်းလုပ်ကိုင်သူ ဒေသခံ အမျိုးသား လူငယ် ၇ ဦးနဲ့ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ဒေသခံ အမျိုးသား ၃ ဦးတို့ ဖြစ်ပါတယ်။

ကနောင်မြို့ အမှတ် ၂ ရပ်ကွက်မှာ ပြီးခဲ့တဲ့ ဇွန်လပိုင်းက ရဲတပ်ဖွဲ့ဝင်တစ်ဦးကို အမည်မသိသေနတ်သမားအဖွဲ့က ပစ်သတ်ခဲ့လို့  စစ်ကောင်စီက ဒေသခံပြည်သူတွေကို ဖမ်းဆီးစစ်ဆေးခဲ့ပါသေးတယ်။

4 mins Ago

November 14, 2022

မြန်အောင်တွင် ရာအိမ်မှူး ၁ ဦး ပစ်ခတ်ခံရ

ဧရာဝတီတိုင်း မြန်အောင်မြို့နယ်မှာ နိုဝင်ဘာ ၁၂ ရက် ညနေပိုင်းက   မျှင်ဝါတောင်ကျေးရွာက  ရာအိမ်မှူး တယောက် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မျှင်ဝါတောင်ကျေးရွာက ရာအိမ်မှူး မင်းထွဋ်ဆိုသူကို နယ်မြေ ရဲစခန်းနားမှာ အမည်မသိ သေနတ်သမားက သုံးချက်ထက်မနည်း ပစ်ခတ်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

"မျှင်ဝါးတောင် ရဲစခန်းနားမှာ ပစ်သွားတာ။ ဒဏ်ရာကတော့ စိုးရိမ်ရတဲ့ အနေအထားရှိတယ်။ ဘယ်သူပစ်လဲတော့ မသိရဘူး။ သူကလည်း ရွာထဲ မျက်မုန်းကြိုးခံရတဲ့ အထဲပါတော့ ပစ်သွားတာ ဖြစ်လိမ့်မယ်။" 

သေနတ်နဲ့ပစ်ခံရသူ မင်းထွဋ်ဟာ စိုးရိမ်ရဒဏ်ရာတွေကြောင့် မြန်အောင်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

သေနတ်ပစ်ခတ်မှုအပြီး စစ်ကောင်စီတပ်က သရက်ချောင်း၊  ဝင်္ကပါ၊ ရွာသစ်ကုန်း ၊ မျှင်ဝါးတောင် ကျေးရွာတွေမှာ စစ်ဆေးမေးမြန်းရှာဖွေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

3 weeks Ago
Up