ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ကုန်သွယ်ရေးဇုန်အနီးမှာ မတ် ၂၅ ရက်ကစပြီး ၂၈ ရက်နေ့ထိ စစ်ကောင်စီတပ်နဲ့ KNU/KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ Cobra စစ်ကြောင်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
“စစ်ကောင်စီတပ်ဘက်က သင်္ကန်းညီနောင်စခန်းနဲ့ ၂၇၅ တပ်တွေကနေ လက်နက်ကြီးတွေနဲ့ ရမ်းသန်းထုနေတယ်။ လက်နက်ကြီးကြောင့် ရွာသား တယောက် နှစ်ယောက် ထိခိုက်မိတာ ရှိတယ်။ အိုးအိမ်ပျက်စီးမှုကတော့ ရှိတယ်။ အိမ်ကြားထဲ ကျတာတွေရှိတယ်။”
မတ် ၂၅ ရက်က စစ်ကောင်စီရဲ့ ကုန်သွယ်ရေးဇုန်မှာရှိတဲ့ အုပ်ချုပ်ရေးယန္တရား၊ ကုန်သွယ်ရေးယန္တရား အားလုံးကို ဖြတ်တောက်ခဲ့တာလို့ သိရပါတယ်။
“စစ်ကောင်စီတပ်ကို ကျနော်တို့ကတော့ တိုက်မှာပဲ၊ ခွင့်မလွှတ်ဘူး၊ နိုင်အောင်တိုက်မှာ” လို့ မြေပြင်မှ ရဲဘော်တဦးက ပြောပါတယ်။
တိုက်ပွဲဆက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အခုတောင် လက်နက်ကြီးနဲ့ ရမ်းသန်းထုနေတယ်လို့ ပြောပါတယ်။
ကရင်ပြည်နယ်ရှိ မြဝတီ၊ ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာ မတ်လအတွင်း စစ်ကောင်စီတပ်နဲ့ KNU/KNLA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေပြီး ပြည်သူ့နေအိမ်တွေ ပျက်စီးတာတွေ ရှိနေတယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်ရှိ မြဝတီကုန်သွယ်ရေးဇုန်ကို တိုက်ခိုက်တာဟာ မိုက်မဲတဲ့လုပ်ရပ်ဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ်လ ၂၇ ရက်မှာ ပြောထားပါတယ်။
မြန်မာ-ထိုင်းနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့၊ ကုန်သွယ်ရေးဇုန်အတွင်းမှ ဝန်ထမ်းတွေနဲ့ ကုန်သွယ်မော်တော်ယာဉ်တွေအားလုံး တစ်နာရီအတွင်းထွက်ခွာကြဖို့ သင်္ဃန်းညီနောင်အခြေစိုက် စစ်ကောင်စီဗျူဟာမှူးက ညွှန်ကြားထားတယ်လို့ ဒေသခံ ကုန်သည်တွေထံက သိရပါတယ်။
ဘာကြောင့် စစ်ကောင်စီက အခုလိုညွှန်ကြားတယ်ဆိုတာ မသိရသေးပေမဲ့ အခုရက်ပိုင်းတွေမှာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ စစ်စခန်းနဲ့ ရဲစခန်းတွေ တိုက်ခိုက်ခံနေရပြီးနောက် အခုလိုဆောင်ရွက်လာတာဖြစ်ပါတယ်။
မြဝတီနဲ့ ရန်ကုန် ပြေးဆွဲတဲ့ ခရီးသည်တင်လိုင်းကားတွေနဲ့ ကုန်တင်ယာဉ်တွေကိုလည်း စစ်ကောင်စီတပ်တွေက ပိုမိုစည်းကမ်းတင်းကျပ် စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။
မြဝတီ ကုန်သွယ်ရေးဇုန်ဟာ မြန်မာနိုင်ငံရဲ့ ဒုတိယ ကုန်သွယ်မှုအများဆုံးနေရာဖြစ်ပြီး မြဝတီမြို့မှ ပြည်မကြီးကို ကုန်စည်စီးဆင်းမှုမရှိပါက မြန်မာပြည်သူလူထုတွေ စားဝတ်နေရေးနဲ့ ကုန်ဈေးနှုန်းတွေ ထပ်တက်လာမှာကို စိုးရိမ်တယ်လို့ မြဝတီမြို့ခံတဦးက ပြောပါတယ်။
မြဝတီမြို့ သင်္ဃန်းညီနောင်အနီး အာရှလမ်းမကြီးမှာ သြဂုတ် ၁၈ ရက် ဒီကနေ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွါးပြီး KNLA ဘက်က တယောက်ကျဆုံး၊ နှစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီဘက်မှ ကျဆုံးထိခိုက်မှုကို အခြေအနေကိုတော့ မသိရသေးပါဘူး။
ကော့ကရိတ်မြို့နယ်မှာလည်း တောင်သုံးလုံးစစ်ကောင်စီစခန်းကို DKBA ခွဲထွက် ဗိုလ်ချုပ်ကျော်သက်ဦးစီးတဲ့တပ်က သြဂုတ် ၁၈ ရက် နေ့လယ် ၂ နာရီကျော်လောက်က စတင်တိုက်ခိုက်နေတယ်လို့ ကရင်လက်နက်ကိုင်အဖွဲ့ထံက သိရပါတယ်။