close

မြဝတီဘဏ်

close

February 20, 2023

ရွှေဘိုမြို့ပေါ်ရှိ မြဝတီဘဏ်စောင့် စစ်ကောင်စီတပ် ထပ်မံတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်မှာရှိတဲ့ စစ်တပ်ပိုင် မြဝတီဘဏ်မှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၁၉ ရက်ညက ဒုတိယအကြိမ် လက်လုပ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

မနေ့ည ၇ နာရီလောက်က ရွှေဘိုမြို့၊ လမ်းမတော်လမ်းမပေါ်မှာရှိတဲ့ မြဝတီဘဏ်ရှေ့ ဘန်ကာအတွင်းမှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ယောက်ကို Who am i-Army နဲ့ Ranger Army ပူးပေါင်းတပ်ဖွဲ့က K.R.L လက်ပစ်မိုင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Who am i-Army က ထုတ်ပြန်ထားပါတယ်။

အခင်းဖြစ်ပွားတဲ့နေရာအနီး နေထိုင်သူက “အရင်တကြိမ်ကလည်း ဖေဖော်ဝါရီလထဲမှာပဲ ညဘက် လာပစ်သွားတာ။ ခုတကြိမ်က မနေ့ညက ဖြစ်တာပါ။ ဒီမနက်မှာတော့ စစ်ကောင်စီတပ်တွေက တယောက်သေတယ်ကြားတယ်။ ဒီကစ္စဖြစ်ပြီးမှာ မြိုအဝင်အထွက်တွေနဲ့ တောစပ်နေရာတွေကို လိုက်စစ်နေတာမျိုးတွေရှိတယ်။ PDF တွေထဲကတော့ မိသံမကြားဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဘက်က သေဆုံးတာနဲ့ပတ်သက်ပြီး ထုတ်ပြန်တာမျိုး မရှိတဲ့အတွက် တပ်သားတွေ ထိခိုက်သေဆုံးမှုနဲ့ပတ်သက်လို့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

“စစ်ကောင်စီတပ်တွေဘက်ကနေ ပြန်ပစ်တဲ့အသံတွေတော့ ကြားတယ်။ ရမ်းသန်းပစ်တာ၊ ပေါက်ကွဲသံကြားပြီး သိပ်တော့မကြာဘူး၊ ပစ်ခတ်တဲ့အသံတွေ ကြားရတာပဲ။ ပြီးတော့ လူနာတင်ယာဥ် ရောက်လာတယ်ထင်တယ်။ ကားအချက်ပေးသံကြားတယ်” လို့ ဒေသခံက ပြောပါတယ်။

ဖေဖော်ဝါရီ  ၁၁ ရက်ကလည်း အခုတိုက်ခိုက်ခံရတဲ့ မြဝတီဘဏ်ကို တကြိမ်တိုက်ခိုက်ခဲ့သလို ဖေဖော်ဝါရီ ၁၈ ရက် ည ၆ နာရီခွဲလောက်ကလည်း ရွှေဘိုမြို့မရဲစခန်း မျှော်စင်ပေါ်က ကင်းစောင့်ရဲတွေကို Who am i-Army နဲ့ Ranger Army ပူးပေါင်းတပ်ဖွဲ့က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

2 months Ago

January 25, 2023

မြစ်ကြီးနားရှိ စစ်တပ်ပိုင် မြဝတီဘဏ်ခွဲတွင် ဗုံးကွဲ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စစ်တပ်ပိုင် မြဝတီဘဏ်ခွဲမှာ  ဇန်နဝါရီ ၂၄ ရက် မနေ့ ညနေပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ဘဏ်လုံခြုံရေးဝန်ထမ်းတစ်ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မြေမြင့်ရပ်ကွက်မှာရှိတဲ့ မြဝတီဘဏ်ခွဲမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ကာ ဘဏ်လုံခြုံရေး ဝန်ထမ်းတစ်ယောက်  ထိခိုက်သေဆုံးပြီး ၂ ဦးထက်မနည်း ထိခိုက် ဒဏ်ရာ ရခဲ့ပါတယ်။

ဘဏ်အနီးနေထိုင်သူ တစ်ဦးက “ညနေ ၅ နာရီလောက်က  ဘဏ်အရှေ့အပေါက်ဝကို လာပစ်သွားတာ။ အဲ့ ဘဏ်ရှေ့ကင်းတဲမှာ စစ်တပ်က အမြဲလုံခြုံရေးယူထားတယ်။ နောက်ပြီး ဘဏ်ရှေ့မှာလည်း သွပ်ဆူးကြိုးတွေ အမြဲကာထားတာ အဲ့ဒါကို လာပစ်သွားတယ်။ ဗုံးကတော့ တစ်လုံးထဲပေါက်တာ။ ဝန်ထမ်းတစ်ဦးသေတယ်။ နှစ်ဦးလောက်လည်း ထိခိုက်မှုရှိတယ်။ ဗုံးပေါက်ကွဲပြီး ဆိုင်ကယ်တွေကို သေနတ်နဲ့ ပစ်တာတွေ့ရတယ်" လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲအပြီး စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ကာ ဘဏ်ရှေ့ လမ်းမကြီးကနေ ဖြတ်သွားတဲ့ ဆိုင်ကယ်တွေကို စစ်ဆေးရန် ရပ်တန့်ခိုင်းပြီး မရပ်ပေးခဲ့တဲ့ ဆိုင်ကယ်တွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။

ဘဏ်အနီး ဈေးရောင်း ချနေသူ တစ်ဦးက"ဘဏ်ရှေ့မှာ လုံခြုံရေးအင်အားတိုးချထားပြီး ဆိုင်ကယ်တွေကိုစစ်တယ်။ ယောကျ်ားလေးတွေမောင်းတဲ့ဆိုင်ကယ် အများစုကို သေချာကို စစ်နေတာ။ အဲ့ဒီမှာ ကောင်လေး နှစ်ယောက်မောင်းလာတဲ့ဆိုင်ကယ်က ရပ်မပေးဘဲ မောင်းသွားလို့ သေနတ်နဲ့ နှစ်ချက်လှမ်းပစ်တယ်။ လူတော့ မထိဘူး" လို့ ပြောပါတယ်။

မြဝတီဘဏ် ဗုံးကွဲပြီးနောက်  စစ်ကောင်စီတပ်က   အခင်းဖြစ်ပွားခဲ့တဲ့နေရာ    အေးမြသာယာ ရထားသံလမ်းဆုံနဲ့ တပ်ကုန်းရပ်ကွက် မြစ်ကြီးနား - ဆွမ်ပရာဘွမ်လမ်းမကြီးက ရွှေလမ်းမထိပ် မီးပွိုင့်စတဲ့နေရာတွေမှာ မော်တော်ယာဉ်တွေကို  လိုင်စင်စစ်ဆေးပြီး ဖမ်းဆီးနေတာပါ။

မြစ်ကြီးနားမြို့ရှိ စစ်ကောင်စီခြေလျင်တပ်ရင်း ခ.လ.ရ (၂၁) မှာ ဇန်နဝါရီ ၂၁ရက် မနက်ပိုင်းက  ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီးနောက်  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဗလမင်းထင်တံတားအနီးနဲ့ အေးမြသာယာ သံလမ်းဆုံအနီးမှာ  မော်တော်ယာဉ်တွေကို စစ်ဆေး ဖမ်းဆီးခဲ့ပါတယ်။

3 months Ago
Up