close

မြဝတီမြို့နယ်တိုက်ပွဲ

close

December 20, 2021

မြဝတီမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အရာရှိအပါ ၅၀ ခန့်သေ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကေအန်ယူ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ၊ PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က တပ်ခွဲမှူးအပါအဝင်  ၅၀ နီးပါး သေဆုံးတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းထိ မေတ္တာလင်းမြိုင်နှင့် မဲ့ထော်သလေးကျေးရွာအကြားမှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က တပ်ခွဲမှူး ၂ ဦး၊ ဒုတပ်ခွဲမှူး ၂ ဦး အပါအဝင်တပ်ဖွဲ့ဝင် ၅၀ နီးပါးသေဆုံးတယ်လို့ ကေအန်ယူ တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

ကေအန်ယူတာဝန်ရှိသူတစ်ဦးက "ဒီနေ့ သူတို့ ဘက်က အထိနာပြီး ပြန်ဆုတ်သွားတယ်။ လက်နက်တွေပါ သိမ်းဆည်းရမိတယ်။ အရာရှိတွေအပါအဝင် ၅၀ လောက်သေတယ်။ တိုက်ပွဲအခြေအနေက ပြောလို့မရသေးဘူး"လို့ ပြောပါတယ်။

ပြန်လည်ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်တွေနဲ့ နယ်​မြေရှင်းလင်းရေးလုပ်ဆောင်နေတဲ့ KNLA၊ PDF တပ်တို့ ဖလူးကျေးရွာအတွင်း ထပ်မံတွေဆုံ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဆိုပါတိုက်ပွဲ​တွေအတွင်း စစ်ကောင်စီတပ်ဘက်က ၆၀ မမ ၁ လက်၊ ပစ္စတို ၄  လက်၊ စနိုက်ပါ ၁ လက်၊ MK1 ၃ လက်၊ MK2 ၃  လက် စုစုပေါင်း ၁၂ လက်၊ လက်ပစ်ဗုံး၊ ကျည်ကပ်တွေနဲ့ ကျည်ဆန်တွေကို  KNLAနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းဆည်းရမိခဲ့ပါတယ်။

ဒီကနေ့မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေယာဉ်တွေ ပျံဝဲနေတဲ့အတွက် ဗုံးကြဲတိုက်ခိုက်မှာကို ဒေသခံတွေကစိုးရိမ်နေကြသလို့ ဘေးလွတ်ရာ စစ်ရှောင်စခန်းတွေနဲ့ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။

38 seconds Ago
Up