ကရင်ပြည်နယ်၊ မြဝတီမြို့ကနေ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ထိုင်း-မြန်မာချစ်ကြည်ရေး တံတား အမှတ် ၁ ကနေ သွားလာသူတွေကို စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေက မှတ်ပုံတင်သိမ်းကာ ငွေကြေးတောင်းခံနေတယ်လို့ မြဝတီ-မဲဆောက် ဖြတ်သန်းသွားလာနေသူတွေထံက သိရပါတယ်။
စစ်ကောင်စီတပ် လက်အောက်ခံ ရဲဝန်ထမ်းတွေနဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ဝန်ထမ်းတွေက တံတားပေါ် ဖြတ်သန်းသွားလာတဲ့ လူငယ်အများစုရဲ့ မှတ်ပုံတင်တွေကို သိမ်းဆည်းကာ ပြန်လိုချင်ရင် ငွေကျပ် ၁၀,၀၀၀ ပေးရမယ်ဆိုပြီး ငွေညှစ်တောင်းခံတာတွေ ရှိနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတဦးက ပြောပါတယ်။
“မြန်မာဘက်က ရဲတွေပါ၊ လုံခြုံရေးယူထားတဲ့ သေနတ်ကိုင် အစောင့်ရဲတွေ၊ ငွေညှစ်ဖို့ ခြိမ်းခြောက်ညစ်ပတ်တာပါပဲ။ အလုပ်သွားလုပ်မှာ မဟုတ်လား၊ ပြန်မလာဘူးမဟုတ်လား၊ ဒီလိုစကားတွေသုံးပြီး မှတ်ပုံတင်ထားခဲ့ဆိုပြီး ညစ်ပတ်တာပါ။ မထားသွားချင် ၁၀,၀၀၀ ပေးခဲ့ဆိုပြီး ငွေညှစ်ပါတယ်။ မြန်မာပြည်ဘက်ရဲနဲ့ လဝကတွေရဲ့ ညစ်ပတ်မှုတွေပါ။”
မြဝတီမြို့ကနေ မဲဆောက်မြို့ကို သွားတဲ့အခါမှာ ပုံမှန် မြန်မာငွေကျပ် ၂,၀၀၀ သာ ပေးဆောင်ရပေမဲ့ လူငယ်အများစုကိုတော့ မှတ်ပုံတင်သိမ်းယူထားကာ ဓာတ်ပုံရိုက်တာ၊ တုံးထုတာတွေနဲ့ စစ်ကောင်စီလက်အောက်ခံ ရဲဝန်ထမ်းရှိရာနေရာနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ရှိရာနေရာ စုစုပေါင်း ၃ နေရာဖြတ်ရပြီး တနေရာကို မြန်မာငွေ ကျပ် ၅,၀၀၀ ကနေ ၁၀,၀၀၀ အထိ ပေးဆောင်ရတယ်လို့ မြဝတီ-မဲဆောက် ကားမောင်းနေသူတဦးက ပြောပါတယ်။
“သူတို့က အလုပ်လုပ်နိုင်တဲ့ အရွယ်ဆိုရင် မှတ်ပုံတင်ယူထားလိုက်တယ်။ ပြီးရင် ဓာတ်ပုံရိုက်စရာရိုက်တယ်၊ နောက်ပြီး ဘာသွားလုပ်မှာလဲလို့ မေးတယ်။ လူတွေကတော့ အလည်အပတ်သွားမယ်လို့ ဖြေကြတာပေါ့။ အလည်သွားမှာဆိုရင် မှတ်ပုံတင် ပြန်လာမှယူလို့ ပြောတယ်။ တကယ်အလုပ်လုပ်မယ့်သူတွေကျတော့ အကြာကြီးထားခဲ့လို့ မရဘူးလေ။ အဲ့ဒါနဲ့ သုံးနေရာပို့လိုက်တယ်။ တတွဲတည်း ဓာတ်ပုံရိုက်ပြီး ထွက်လာရင် လဝက က ထပ်တောင်းတယ်။ ပြီးရင် လမ်းဆက်လျှောက်၊ အဲ့မှာ ရဲတွေရှိတဲ့နေရာကိုဖြတ်ပြီး ၁၀,၀၀၀၊ ကျန်းမာရေးဝန်ထမ်းတွေကို ၅,၀၀၀ ဆိုပြီး ပေးရတယ်။ အားလုံး ၃၀,၀၀၀ လောက် ပေးရတယ်။”
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်ကစပြီး မြဝတီ-မဲဆောက် ချစ်ကြည်ရေး အမှတ် ၁ တံတားကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းတွေက သွားလာသူတွေကို အခုလို မှတ်ပုံတင်သိမ်းကာ ငွေကြေးတောင်းခံတာတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
အလားတူ တံတားပေါ် ဖြတ်သန်းသွားလာသူတွေထဲက ကိုဗစ်ဆေး ၄ ကြိမ်ပြည့်အောင် မထိုးရသေးတဲ့ သူတွေကိုလည်း မြန်မာငွေ ကျပ် ၃၀,၀၀၀ ကနေ ၅၀,၀၀၀ အထိတောင်းခံပြီး ဆေးလက်မှတ်တွေ လုပ်ဆောင်ပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့အနီးက ဝေ့ရှမ်း၊ မဲ့ပလဲ့ စတဲ့နေရာတွေကို စစ်တပ်က တရပ်ကွက်ကို လူငယ် အယောက် ၂ဝ နှုန်းပေးဖို့ ရပ်ရွာအုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေကို ခိုင်းစေနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဧပြီ ၂ဝ ရက် ညနေပိုင်းလောက်ကစပြီး စစ်ကောင်စီတပ်ဖွဲ့က အရာရှိတချို့နဲ့ တပ်ဖွဲ့ဝင်တွေ လက်နက်အပြည့်အစုံနဲ့ မြဝတီ၊ ဝေ့ရှမ်း၊ မဲ့ပလဲ့ ရွာတွေကို လာရောက်ခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးပိုင်းနဲ့ တွေ့ဆုံကာ တရပ်ကွက်ကို လူငယ် ကျား မ ၂ဝ ဦးပေးဖို့ တောင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြဝတီမြို့ခံတဦးက“အခုက ဝေ့ရှမ်းက ဖုန်းဆက်တာ။ ညနေ ၅ နာရီကျော်မှာ စစ်ကောင်စီတပ်က အင်အား ၃ဝ ခန့်နဲ့လာပြီး တရပ်ကွက်ကို လူငယ် ၂ဝ ပေးဖို့ ဖိအားပေးတာ။ ဒါမဲ့ ရပ်ကွက်လူကြီးတွေကလည်း ငါတို့တောင်းလို့ရမှာမဟုတ်ဘူးလို့ ငြင်းဆိုခဲ့တယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ကရင်ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ KNU, KNLA, PDF တပ်ပေါင်းစုတွေ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် စစ်ကာင်စီက အခုလိုလုပ်လာတာဖြစ်တယ်လို့ ဒေသခံတဦးက ထပ်မံပြောဆိုပါတယ်။
မြဝတီမြို့ခံတဦးက “ဒီဘက်မှာတော့ မကြားသေးဘူး၊ ဝေ့ရှမ်းနဲ့ မဲ့ပလဲ့ကိုတော့ ဝင်ပြီးပြီကြားတယ်။ ဒီကောင်တွေက လူသားဒိုင်းလုပ်ဖို့လား ဘာလားတော့ မသိဘူး။ လူကြီးတွေကငြင်းတော့ ကိုယ့်ဟာကိုယ် ပေါ်တာလိုက်စွဲမယ့်သဘောမှာ ရှိတယ်။ ဝေ့ရှမ်းမှာတော့ လမ်းမပေါ်တွေမှာ ခွေးတောင်မရှိတော့ဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီက ရပ်ရွာတွေကို လူဦးရေတောင်းခံလာတာက ကရင်ပြည်နယ်မှာ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး စစ်ရေးအရ စစ်ကောင်စီတပ်သားတွေ သေကျေပျက်စီးမှု များလာတဲ့အတွက် လုပ်လာတာဖြစ်တယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁ဝ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီ ခမရ ၃၄၁ က တပ်သားအဆင့် ၄ ဦး KNLA ကို လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်ရောက်လာခဲ့ပြီး ဧပြီ ၁၉ ရက်နေ့မှာလည်း စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေ မဲကနယ်မှာ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်က တပ်ဖွဲ့ဝင် ၂၄ ဦး ကျဆုံးခဲ့ပါတယ်။
သတင်း B3-56
ဓာတ်ပုံ-စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့