တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်ရှိ Vantage ကုမ္ပဏီပိုင် ငါးအမှုန့်ကြိတ်စက် ပါကေးကန်ထဲမှာ စက်ပြင်ဖို့ ဆင်းသွားတဲ့ ၃ ယောက် အောက်ဆီဂျင် ပြတ်လပ်ပြီး သေဆုံးခဲ့ကာ ၂ ယောက်ကိုတော့ အရေးပေါ်လူနာအဖြစ် မြိတ်ဆေးရုံကြီးကို ပို့ထားရတယ်လို့ သွားရောက်ကူညီခဲ့တဲ့ လူမှုကူညီရေးအသင်းဝင်က ပြောပါတယ်။
နိုဝင်ဘာလ ၁၃ ရက် ည ၈ နာရီလောက်က မြိတ်မြို့ အင်းလေးမြိုင် စက်မှုဇုန်ဝင်းအတွင်းမှာရှိတဲ့ Vantage ကုမ္ပဏီက ဝန်ထမ်းတယောက်က ပါကေးငါးတွေ ကြိတ်ရာမှာ အသုံးပြုတဲ့ကန်ထဲက စက်ချိန်းကြိုးတခု ပြုတ်သွားလို့ ကန်ထဲဆင်းပြီး ပြင်ရာကနေ တက်မလာတဲ့အတွက် နောက်ထပ် ဝန်ထမ်းတွေကထပ်ပြီး ဆင်းတဲ့အချိန်မှာတော့ အခုလို အောက်ဆီဂျင်ပြတ်လပ်ပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီစက်က ပါကေးငါးတွေကို အမှုန့်ကြိတ်ရာမှာအသုံးပြုတဲ့ တွင်းပုံစံမျိုးဖြစ်ပြီး သံဘောင် လှေကားနဲ့ဆင်းရတာဖြစ်ကာ တွင်းထဲဆင်းခဲ့တဲ့ ဝန်ထမ်း ၅ ယောက်ထဲမှာ အပေါ်ဆုံးက ၂ ယောက်ကိုပဲ အချိန်မီကယ်တင်နိုင်ခဲ့တယ်လို့ ကယ်ဆယ်ရေးသမားက ပြောပါတယ်။
ငါးအမှုန့်ကြိတ်စက်ရုံမှာ ငါးကြိတ်ကန်အတွင်း မော်တာချိန်းကြိုးပြုတ်ထွက်လို့ ပြန်လည်ဆယ်ယူဖို့ ကန်အတွင်းသို့ဆင်းရာမှာ အောက်ဆီဂျင်ပြတ်လပ်လို့ အမျိုးသား ၃ ယောက် သေဆုံးသွားပြီး ၃ ယောက်ကိုတော့ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ကလည်း သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေတုန်းကလည်း မြိတ်မြို့က ငါးမှုန့်ကြိတ်စက်ရုံဆိပ်ကမ်းမှာရပ်နားထားတဲ့ ငါးဖမ်းသင်္ဘောဝမ်းထဲမှာ အခုလို အောက်ဆီဂျင်ပြတ်လပ်ပြီး သေဆုံးခဲ့တာ ရှိပါတယ်။
အခုလို ဝန်ထမ်းတွေသေဆုံးမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ကုမ္ပဏီနဲ့ တာဝန်ရှိသူတွေက ဘယ်လို ဆောင်ရွက်နေတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
တနင်္သာရီတိုင်း မြိတ်မြို့နယ် မြိတ်တောင်ကျေးရွာအုပ်စုရှိ ရာပြည့်ရပ်ကွက် ရာပြည့် ၃ လမ်းထိပ်ရှိ စစ်ကောင်စီခန့် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (၂) ဦးသောင်းအေးဆိုသူရဲ့ နေအိမ်နားမှာ ဧပြီ ၂၃ ရက် မနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
"သူအိမ် အနောက်ဘက်မှာ ဗုံးပေါက်ကွဲတာပါ။ စိတ်မနှံ့သူ အမျိုးသားတစ်ဦးက ကောက်ယူလာ ချိန် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်"လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။
ဒီပေါက်ကွဲမှုကြောင့် အဆိုပါအမျိုးသား ထိခိုက်ဒဏ်ရာ ရရှိခဲ့ပေမယ့် စစ်ကောင်စီက ပေါက်ကွဲပြီး ၅ မိနစ်လောက်အကြာမှာ ချက်ချင်းရောက်လာပြီး လူနာကို ခေါ်သွားတယ်လို့ သိရပါတယ်။
အဲ့ဒီပေါက်ကွဲမှုကြောင့် ဦးသောင်းအေး နေအိမ်အနီးရှိ အိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့က လာရောက် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ဦးသောင်းအေးဟာ အရင်က USDP ရဲ့ အမာခံတစ်ဦးဖြစ်သလို ရပ်/ကျေး အရန်မီးသတ်တပ်ဖွဲ့တွင် တာဝန်ရှိသူတဦး ဖြစ်ပါတယ်။
လက်ရှိအချိန် စစ်ကောင်စီလက်ထက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) နေရာ ရာထူးကို ခန့်အပ်ခံထားရသူဖြစ်တယ်လို့ သိရပါတယ်။