မကွေးတိုင်း၊ မြိုင်မြို့နယ်အနီး ပုသိမ်-မုံရွာလမ်းပေါ်မှာ သြဂုတ် ၁ ရက် မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ေကာင်စီတပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြိုင်ပ.က.ဖ တပ်ရင်း-၂ တပ်ရင်းမှူး ဗိုလ်ကျောက်တိုင်က ဒီဗွီဘီကို ပြောပါတယ်။
“မြိုင်မြို့နယ်ထဲကို အရင်ရက်တွေကတည်းက စစ်(...)အင်အား ၁၀၀ ကျော်လောက် စစ်ကြောင်းထိုးထားပြီး သြဂုတ်လ ၁ ရက်နေ့မှာ တပ်ထောက်ခံပွဲလုပ်ပြီး မြို့ကိုလှည့်ဖို့ စီစဥ်ထားပုံရတယ်။ အဲဒါကို ကျနော်တို့ဘက်က ရဲဘော်တွေက ပုသိမ်-မုံရွာလမ်းပေါ်မှာ မိုင်းဆွဲတိုက်ခိုက်လိုက်တာ။ တပ်ထောက်ခံပွဲကို လုံခြုံရေးလာတဲ့ စစ်(...)ကား ၂ စီးလာတာ။ ပထမကားက အင်အား ၂၀ လောက်ပါတဲ့ထဲက ၄ ယောက်သေပြီး ၃ ယောက် ဒဏ်ရာရတယ်လို့ အတွင်းသတင်းရတယ်။”
မြိုင်မြို့ပတ်လည်ကနေ မိုင်းဆွဲတိုက်ခိုက်သလို ပစ်ခတ်တိုက်ခိုက်တာလည်း လုပ်ခဲ့တဲ့အတွက် သူတို့လူစုတဲ့ မြို့တော်ခန်းမနားမှာပဲ ပြုလုပ်ခဲ့ရပြီး တမြို့လုံးကို ပတ်လို့မရလိုက်ဘူးလို့ ဗိုလ်ကျောက်တိုင်က ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးသလို ဒီဗွီဘီကလည်း သီးခြား အတည်မပြုနိုင်သေးပါဘူး။
မြိုင်မြိုနယ် ပ.က.ဖ ခေါင်းဆောင် ကိုအောင်ကျော်ဌေး (ခေါ်) ကိုဖိုးဌေး ကျဆုံးခြင်း တနှစ်ပြည့် အောက်မေ့ဖွယ်အခမ်းနားကိုလည်း သြဂုတ် ၁ ရက်မှာ မြိုင်မြို့နယ်ပ.က.ဖအဖွဲ့တွေ စုပေါင်းပြီး ဆွမ်းကပ်တာတွေ ပြုလုပ်ပေးခဲ့သလို မလာရောက်နိုင်တဲ့ အဖွဲ့တွေကလည်း သူတို့ဆီမှာပဲ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ကြတယ်လို့ ဆိုပါတယ်။
မြိုင် ပ.ခ.ပ ခေါင်းဆောင် ကိုဖိုးဌေးဟာ ၂၀၂၁ ခုနှစ် သြဂုတ် ၁ ရက်က ဒလန်တွေရဲ့ သတင်းပေးမှုကြောင့် ဗဟင်းကျေးရွာနားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်လို့ ခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့ရတာလို့ ပြောပါတယ်။
မြိုင်ပ.က.ဖခေါင်းဆောင် ကိုဖိုးဌေး ကျဆုံးသွားပေမဲ့လည်း ကိုဖိုးဌေးလို ခေါင်းဆောင်တွေ အများအပြား ပေါ်ပေါက်လာပြီး မြိုင်ပ.က.ဖအနေနဲ့ စစ်အာဏာရှင် တော်လှန်ရေးအတွက် လုံးဝရပ်တန့်မသွားဘဲ ဆက်လက်တိုက်ပွဲဝင်နေကြတယ်လို့ သိရပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဇွန် ၃၀ ရက် မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား တယောက် အမောဖောက်သေဆုံးခဲ့တယ်လို့ မြိုင်PDF ကနေသိရပါတယ်။
မြိုင်မြို့နယ် ဝက်ပုတ်ကျေးရွာ အနောက်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်အင်အား ၂၀၀ လောက်ကို မြိုင်-PDF နဲ့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး လက်လုပ်လက်နက်ကြီးတွေနဲ့ ခုခံတိုက်ခိုက်ခဲ့တယ်လို့ မြိုင်-PDF တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။
“ကျနော်တို့ တပ်ဖွဲ့ဘက်ကပစ်တဲ့ လက်နက်ကြီးတွေကို ရှောင်တိမ်း ပတ်ပြေးရင်း စစ်(..)တကောင် အမောဖောက်သေဆုံးခဲ့ပြီး အဲဒီနားမှာပဲ သင်္ဂြိုဟ်ခဲ့ကြတယ်လို့ တပ်တွင်းသတင်းတွေအရသိရတယ်။ ကျနော်တို့ ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စခန်းတစ်ခု စစ်(...) တွေရဲ့ မီးရှို့ဖျက်ဆီးတာခံခဲ့ရပြီး ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ ခုခံတိုက်ခိုက်ခဲ့ကြတယ်။ အဲဒီစခန်း မီးရှို့ဖျက်ဆီးခံရပေမဲ့ လက်နက်ခဲယမ်းတွေ ဆုံးရှုံးမှုမရှိခဲ့ဘူး”လို့ ဗိုလ်လက်ယာက ပြောပါတယ်။
မြိုင်မြို့နယ်မှာ ဇွန် ၂၇ ရက် ညနေပိုင်းကလည်း စစ်ကောင်စီစစ်ကြောင်းကို မြိုင်-PDF ကမိုင်း ဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
နှစ်ဘက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မရှိပါဘူး။