ယူကရိန်းတောင်ဘက် ခါရ်ဆန်မြို့ထဲကို မတ် ၂၀ ရက်နေ့က ဝင်ရောက်လာတဲ့ ရုရှားစစ်ယာဉ်နှစ်စီးကို မြို့ခံတွေက ရင်ဆိုင်ပြီး “ထွက်သွားကြ၊ ကိုယ့်အိမ်ကိုယ်ပြန်ကြ” လို့ အော်ဟစ် မောင်းထုတ်ခဲ့ကြပါတယ်။
ရုရှားစစ်ကားတွေမှာ တိုက်ခိုက်မှု သင်္ကေတ ‘Z’ ကို ရေးထားပါတယ်။ အဆိုပါ စစ်ကားနှစ်စီး လှည့်ပြန်သွားတဲ့အထိ ဒေဿခံတွေက ယူကရိန်းအလံ အင်္ကျီတွေဝတ်ပြီး ဆန္ဒပြ မောင်းထုတ်ခဲ့တာပါ။
Black Sea ဒေသ ဆိပ်ကမ်းမြို့ ခါရ်ဆန်မှာ ရုရှားနဲ့ ယူကရိန်းတို့ မြို့ပြင်တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး တဖက်နဲ့ တဖက် ရှေ့မတိုး ဖစ်နေတယ်လို့ ယူကရိန်းအစိုးရက မတ် ၂၀ ရက်နေ့မှာ ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ ဟိုတယ်ဝန်ထမ်း တယောက်နဲ့ မြို့ခံ နှစ်ယောက်တို့ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က မတ်လ ၃ ရက်ညမှာ ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးကို ပို့ဆောင်ခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
တောင်ကြီးမြို့ လမ်းမတော်ရပ်က စိန့်းဂျိုးဇက်ခရစ်ယာန်ဘုရားကျောင်းလမ်းထဲက BH Hotel ကို ရဲတွေဝင်ရောက်စစ်ဆေးခဲ့ရာက ဟိုတယ်ဝန်းထမ်းဖြစ်သူ ဟိန်းကိုကို (ခ) ကျွဲကြီးကို ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ဖော်ထုတ်ချက်အရ မဝင်းပပနဲ့ ကိုသူရိန်ဝင်းတို့ကို တည်းခိုရာနေအိမ်တွေက ဆက်လက်ဖမ်းရမိခဲ့တယ်လို့ တောင်ကြီးနွေဦးချန်နယ်တာဝန်ရှိသူကပြောပါတယ်။
“ကျွဲကြီးက ဒီမြို့မှာလှုပ်ရှားနေတဲ့သူပေါ့။ ဖမ်းခံရတဲ့အချိန် ဖောက်ခွဲရေးပစ္စည်းတွေပါ သွားတယ်။ သတင်းပေါက်ကြားလို့ ဖမ်းခံရတာ။ သတင်းပေးသူက ဒလန်လို့ နာမည်ကြီးပြီးသားလို့ ပြောတယ်။ ရဲစခန်းအထိ အဲဒီလူပါလာတယ်”လို့ အဆိုပါ ဟိုတယ်နဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။
မဝင်းပပနဲ့ နီးစပ်သူတစ်ဦးက “သူ့ကို မိန်းကလေးလည်းဖြစ်တော့ ပိုစိတ်ပူပြီး စိုးရိမ်မိတယ်။ သူ့အမေလည်း ဖမ်းခံထားရတော့ အမေဖြစ်သူ ရုံးချိန်းရှိလို့ဆိုပြီး တောင်ကြီးကို ပြန်ရောက်နေ တာ” လို့ပြောပါတယ်။
ကျွဲကြီးနဲ့ မဝင်းပပတို့ကို ဖမ်းဆီးပြီးနောက် ည ၉ နာရီလောက်မှာ ဒလန်ရဲ့လမ်းပြမှုကြောင့် ကိုသူရိန်ဝင်းကိုတော့ သူတည်းခိုနေထိုင်တဲ့ ဖရဲငွေတောင်ရပ်ကွက်က အိမ်မှာ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ဧပြီ ၁၆ ရက်တုန်းက အဆိုပါ BH Hotel မှာလာရောက်တည်းခိုတဲ့ Beauty Blogger မဝင်းမင်းသန်းကို ဝင်ရောက်ဖမ်းဆီးခဲ့ဖူးပါတယ်။
တောင်ကြီးမြို့မှာ မတ် ၂ ရက်မှ မတ် ၃ ရက်ညအချိန်အထိ မြို့ခံ လူ ၇ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ဘာအမှုနဲ့ အရေးယူထားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။