စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်မှာရှိတဲ့ မြို့နယ်တရားရုံးကို ဖေဖော်ဝါရီ ၁၈ ရက်နေ့က ကလေးမြို့ပြပြောက်ကျားတပ်ဖွဲ့က မီးပုလင်းနဲ့ ပစ်ခတ်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
ကလေးမြို့နယ်အတွင်း အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီးပြီး ပုဒ်မအမျိုးမျိုးတပ်ကာ စစ်ဆေးနေပြီး စစ်တပ်ဒေါက်တိုင်ဖြစ်တဲ့ ကလေးမြို့တရားရုံးကို မီးပုလင်းနဲ့ ပစ်ခတ်သတိပေးခဲ့တာလို့ မြို့ပြ UG အဖွဲ့က ပြောပါတယ်။
အဆိုပါ မီးပုလင်းဖြင့်ပစ်ခတ်မှုကြောင့် တရားရုံးဝင်းအတွင်းရှိ အမှုဖြစ်ပွားရာ သိမ်းဆည်းထားတဲ့ ဆိုင်ကယ်တွေနဲ့ သစ်သားခြံစည်းရိုးမီးလောင်သွားခဲ့ပြီး စစ်ကောင်စီတပ်သားတွေက မီးလာရောက်ငြိမ်းသတ်ခဲ့တယ်လို့ တရားရုံးအနီးပတ်ဝန်းကျင် ဒေသခံတွေက ပြောပါတယ်။
မြို့နယ်တရားရုံးမီးပုလင်းနဲ့ ပစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ PDF တွေက အများပြည်သူ စိုးရိမ်ထိတ်လန့်စေရန်ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာဖြစ်ပြီး လူ၊အဆောက်အဦ ထိခိုက်မှုမရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
အဲ့ဒီ မြို့နယ်တရားရုံးကို ပြီးခဲ့တဲ့နှစ်ကလည်း ကလေးမြို့ပြပြောက်ကျားအဖွဲ့က မီးပုလင်းတွေနဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်က ဟင်္သာကြီးရွာမှာ တောင်လှတောင်ပေါ်မှာ ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး (ဝက်လက်PRF) က သိရပါတယ်။
တောင်လှတောင်ပေါ်မှာ တပ်စွဲနေတဲ့ စစ်တပ်ကို တိုက်ခိုက်ရာက နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦးရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ညီဇင်က ပြောပါတယ်။
"ရန်သူဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်နေချိန် ကျနော်တို့ ရဲဘော်တွေ စနိုက်ပါနဲ့ တချက် ပစ်လိုက်တာ ပျူတကောင် ထိသွားတယ်။ နောက်တော့ သူတို့ဘက်က စက်လက်တွေ၊ လက်နက်ကြီးတွေနဲ့ တရစပ်ပြန်ပြီး ပစ်ခတ်လို့ အပြန်အလှန်တိုက်ပွဲဟာ တနာရီကျော် ကြာပါတယ်။ မကြာခဏ ထိတွေ့နေတာဖြစ်ပြီး ကျနော်တို့ကလည်း အတတ်နိုင်ဆုံး ခုခံကာကွယ် နေပါတယ်"
တိုက်ပွဲဖြစ်ပွားနေစဥ် စနိုက်ပါထိမှန်ကာ ပျူစောထီး တယောက် ကျဆုံးပြီး တိုက်ပွဲပြီးချိန်မှာ လည်း ဒေသကာကွယ်ရေးတပ်တွေရဲ့ တိုက်မိုင်းထိမှန်ပြီး ပျူစောထီးတယောက် ထပ်မံ ကျဆုံးတယ်လို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပထမဆုံး မြို့နယ်တရားရုံးကို စစ်ကိုင်းတိုင်း ကသာမြို့မှာ အောက်တိုဘာ ၁၅ ရက်က ဖွင့်လှစ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ပါတယ်။
ပခဖအဖွဲ့ဝင် တဦးက “သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေက သူတို့ရှင်းလို့ မရလို့ တက်လာတဲ့ဟာမျိုးတွေမှ မြို့နယ်တရားရုံးက တရားစီရင်ရေး ဆောင်ရွက်တာပါ။ နံပါတ်တစ်ကတော့ ရပ်/ကျေး အုပ်ချုပ်ရေးတွေကို စီရင်စေတာ။ သူတို့ မပြေလည်ဘူးဆိုမှ တရားရုံးမှာဆက်လုပ်တာ”ဟု ပြောပါတယ်။
အခုတရားရုံးအနေနဲ့ အောက်ခြေမှာ ရှင်းလို့မရတဲ့ ရာဇဝတ်မှုနဲ့ တရားမမှုတွေကို စီရင်မှာဖြစ်ပြီး ရာဇဝတ်မှုတွေကို အပြစ်ပေးအရေးယူတာနဲ့ပတ်သက်လို့တော့ မသိနိုင်သေးဘူးလို့ သူက ပြောပါတယ်။
“အဓိကကတော့ စစ်ရှောင်နဲ့ ပကဖ အချင်းချင်းကြားက ပြသနာတွေပဲ ဖြေရှင်းနိုင်မယ်”လို့ ဆိုပြီး ရုံးတည်နေရာ နဲ့ ပတ်သက်လို့တော့ ထည့်သွင်းပြောကြားတာ မရှိပါဘူး။
မေ ၁၉ ရက်ထဲက စစ်ကိုင်းတိုင်းက ကသာမြို့နယ်၊ ကောလင်းမြို့နယ်၊ ကန့်ဘလူမြို့နယ်၊ ဗန်းမောက်မြို့နယ်၊ ကျွန်းလှမြို့နယ်၊ အင်းတော်မြို့နယ်၊ ထီးချိုင့်မြို့နယ်၊ ကနီမြို့နယ်၊ ဝက်လက်မြို့နယ်၊ အရာတော်မြို့နယ်၊ မြင်းမူမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ခင်ဦးမြို့နယ်၊ တမူးမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်တွေမှာ NUG အစိုးရရဲ့ မြို့နယ်တရားသူကြီးအဖွဲ့တွေ ခန့်အပ်ခဲ့ပြီး စက်ရှင်တရားစီရင်ရေး အာဏာအပ်နှင်းကြောင်း NUG ယာယီသမ္မတ ဒူဝါလရှိလ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။