ရန်ကုန်တိုင်းထဲက ဒလ၊ မရမ်းကုန်းနဲ့ မြောက်ဥက္ကလာပမြို့နယ်တွေမှာ မနေ့ ညနဲ့ ဒီနေ့ မနက်ပိုင်းတွေက ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ သိရပါတယ်။
ဒလမြို့နယ် ဗိုလ်ရန်ပြေရပ်ကွက် ဒလ-တွံတေးလမ်းမကြီးပေါ်က ဗိုလ်ကြီးဟောင်းတဦးပိုင်တဲ့ ဝတီနန်းမုန့်မျိုးစုံအရောင်းဆိုင်ရှေမှာ ဒီကနေ့ မနက်အစောပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ရပ်ကွက်နေသူ တဦးက ပြောပါတယ်။
"အဲဒီဆိုင်ရှေ့မှာ ပေါက်တာ။ မနက်အစောကြီး အကျယ်ကြီးပဲ။ လူထိခိုက်မှုတော့ မရှိဘူး။ စစ်တပ်က ရောက်လာပြီး ရှာတော့ နောက်ထပ် ဗုံးတလုံး တွေ့တယ်။”
အလားတူ ဒီမနက် ၉ နာရီလောက်က မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက်၊ ဦးဘဟန်လမ်းမပေါ်မှာ မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံး နှစ်လုံးကို စစ်တပ်က တွေ့ရှိပြီး ယမ်းကပ်ဖောက်ခွဲခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
"ဗုံးစတွေ့တုန်းက လမ်းတွေ ပိတ်ထားတာ။ စစ်တပ်က အခုတော့ လမ်းတွေ ပြန်ဖွင့်လိုက်ပြီ"
မနေ့ည ၉ နာရီကလည်း မြောက်ဥက္ကလာပမြို့နယ် “ဃ” ရပ်ကွက် ခေမာသီလမ်းမနဲ့ ဝေပုလ္လ လမ်းထောင့်က ပြည်ခိုင်ဖြိုးပါတီရုံးမှာ ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ မြို့ခံတဦးက ပြောပါတယ်။
ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ သြဂုတ် ၁ ရက်ကနေ ၂၈ ရက်အတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် ၂၁ ယောက် သေဆုံးခဲ့ပြီး ၁၉ ယောက် ဒဏ်ရာ ရခဲ့ပါတယ်။
ရန်ကုန်တိုင်း မြို့နယ်အချို့မှာ ဒီနေ့ မနက်ပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ နှစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိကာ တဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ပေါက်ကွဲမှုဖြစ်ရာ မြို့နယ်နေသူတွေက ပြောပါတယ်။
တောင်ဒဂုံမြို့နယ် ၁၇ ရပ်ကွက် နတ်စင်မှတ်တိုင်မှာ ဒီနေ့ မနက်ကိုးနာရီက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ YBS ကားစောင့်နေသူခရီးသည် လေးယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
"ကားစောင့်နေတဲ့အချိန် ထပေါက်တာ အမျိုးသား သုံးဦး၊ အမျိုးသမီး တဦး ဒဏ်ရာရတယ်။ အမျိုးသားနှစ်ဦးက ဒဏ်ရာများတယ်။ ကျန်တဲ့နှစ်ယောက်က ဒဏ်ရာသိပ်မရဘူး။"
ထိခိုက်ဒဏ်ရာရရှိသူတွေကတော့ ကိုသန်းဝင်း၊ ကိုဟန်ဝင်းငြိမ်း၊ ကိုကျော်မင်းနိုင်နဲ့ မဖြူသွယ်အေးတို့ ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။
အလားတူ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ ၂၉ ရပ်ကွက်၊ ကောက်သွယ် ၁ လမ်းက နေအိမ်တအိမ်မှာ ဒီနေ့ မနက် ငါးနာရီလောက် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အမျိုးသား နှစ်ဦး သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
"မနက်ငါးနာရီလောက်ပေါက်တာ၊ အဲဒီအိမ်က ကောင်လေး နှစ်ယောက်သေတယ်၊ ဗုံးတလုံးလည်း ထပ်တွေ့လို့ စစ်တပ်က ဖျက်ဆီးလိုက်တယ်။"
သေဆုံးသူနှစ်ဦးမှာ အဆိုပါနေအိမ်မှာ လာရောက်နေထိုင်သူ ကိုနေလင်းနဲ့ကိုပြည့်ဖြိုးဦးတို့ နှစ်ဦး ဖြစ်ပြီး ဗုံးပေါက်ကွဲရတဲ့ အကြောင်းအရင်းကို စုံစမ်းနေတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။
လတ်တလောမှာ စစ်ကောင်စီတပ်နဲ့ရဲတွေဟာ တောင်ဒဂုံနဲ့ သင်္ဃန်းကျွန်းမြို့နယ်က လမ်းဆုံတွေမှာ ကားတွေကို စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ညကလည်း အင်းစိန်မြို့နယ် နံ့သာမြိုင်ပန်းခြံဘေးမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး အမျိုးသားတဦး ဖမ်းဆီးခံခဲ့ရတယ်လို့ နံ့သာကုန်းရပ်ကွက်နေသူတဦးက ပြောပါတယ်။
“စစ်တပ်က ပန်းခြံမှာ ဗုံးတွေ့လို့ ပေါက်ကွဲအောင်လုပ်ပြီး အင်းစိန်ဘူတာလမ်းဆုံမှာ ကောင်လေး တယောက်ကို ဖမ်းသွားတယ်။”
ရန်ကုန်မှာ မနေ့ကလည်း ကျောက်တံတား၊ လှိုင်သာယာ၊ မြောက်ဥက္ကလာနဲ့ အင်းစိန်မြို့နယ်တို့မှာ ဗုံးပေါက်ကွဲမှုများဖြစ်ခဲ့ပြီး ရဲဝန်ထမ်း ငါးယောက် နဲ့ စည်ပင်နေ့စား ဝန်ထမ်း နှစ်ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပြီး လူငယ်နှစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။