ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် နံ့သာကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနဲ့ အကျဉ်းဦးစီးဌာနဝင်းထဲက အိမ်ထောင်သည်လိုင်းခန်းတို့ကို နိုဝင်ဘာ ၉ ရက် ည ၁၀ နာရီ ဝန်းကျင်လောက်မှာ မြို့ပြပြောက်ကျားအဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်၊ နံ့သာမြိုင်လမ်းထောင့်နဲ့ လှိုင်မြစ်လမ်းထောင့်မှာရှိတဲ့ နံ့သာကုန်း အုပ်ချုပ်ရေးမှူးရုံးနဲ့ ရွာမအနောက်ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီး၊ အကျဉ်းဦးစီးဌာနဝင်းထဲမှာရှိတဲ့ အိမ်ထောင်သည်လိုင်းခန်းတို့ကို အဝေးထိန်းဗုံး ၁ လုံးစီနဲ့ တိုက်ခိုက်ခဲ့တာလို့ GenerationZ Defence Force & Supply Army မြို့ပြပြောက်ကျားအဖွဲ့ သတင်းပြန်ကြားရေးက ပြောပါတယ်။
“အင်းစိန်ကတော့ သတိပေးဖောက်ခွဲမှုပါ။ စစ်ကောင်စီထောက်တိုင် ဖြစ်တဲ့အတွက် တိုက်ခိုက်တာပေါ့။ အုပ်ချုပ်ရေးမှူးရုံးကတော့ စစ်ကောင်စီလက်အောက်ခံဖြစ်ပြီး ရဲ(--) တွေရှိတဲ့အတွက် တမင်တကာကို တိုက်ခိုက်တာပါ။ အုပ်ချုပ်ရေးမှူးရုံးကို တိုက်ခိုက်တော့ ပေါက်ကွဲချိန်မှာ ပေါက်ကွဲတဲ့နေရာက မီးလောင်မှုဖြစ်သွားတယ်။ အဲ့ဒါတော့ မြင်လိုက်ရတဲ့ အနေအထားပါ။ နောက်ဆက်တွဲတော့ မသိရဘူးပေါ့။”
မစ်ရှင်နှစ်ခုနဲ့ တိုက်ခိုက်ခဲ့တဲ့ GenerationZ မြို့ပြပြောက်ကျားအဖွဲ့သားတွေ တိုက်ခိုက်မှု ဖြစ်စဉ်တွေကနေ ဘေးကင်းလုံခြုံတဲ့နေရာကို ရောက်ရှိနေပြီး အထိအခိုက်မရှိဘူးလို့ ဆိုပါတယ်။
ပြည်သူတွေကိုလည်း စစ်ကောင်စီနဲ့ပတ်သက်နဲ့ နေရာတွေကနေ ရှောင်ရှားသွားလာကြဖို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကင်းချ ရပ်နားလေ့ရှိတဲ့ ရန်ကုန်မြို့၊ တာမွေမြို့နယ် အောင်မင်္ဂလမ်းထိပ်က အမှိုက်ပုံနားမှာ မြို့ပြတော်လှန်ရေးအင်အားစုက ဗုံးထောင်ထားခဲ့ပေမဲ့ အမှိုက်ကောက်တဲ့ကလေးတွေက တွေ့ရှိခဲ့ပြီး ပြည်သူတွေ ဝိုင်းအုံကြည့်ရှုနေတာကြောင့် အဲဒီစစ်ဆင်ရေးကို ဖျက်သိမ်းခဲ့ရတယ်လို့ အဲဒီအဖွဲ့တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
မြို့ပြတော်လှန်ရေးအင်အားစုများအဖွဲ့ရဲ့တာဝန်ရှိသူတစ်ယောက်က “ကျနော်တို့ အခုထောင်တဲ့ဗုံးက အဆင့်မြှင့်ထားတဲ့ဗုံး ဖြစ်တယ်။ မနက် ၁၁ နာရီကျော်မှာ အမှိုက်ကောက်တဲ့ ကလေးတွေ ရောက်လာပြီး ဗုံးကိုတွေ့တဲ့အခါမှာ အော်ဟစ်ခဲ့တာကြောင့် သူတို့တွေ အန္တရာယ်ဖြစ်မှာစိုးလို့ ကျနော်တို့ ဖျက်သိမ်းခဲ့ရတယ်။ အဲဒီဗုံးကို စစ်ကောင်စီကသူတွေလည်း မဖြုတ်တတ်တော့ ၁၂ နာရီမှာ စစ်ကောင်စီအဖွဲ့တွေက ဖောက်ခွဲပစ်လိုက်တယ်”လို့ ပြောပါတယ်။
မွန်းတည့် ၁၂ နာရီလောက်မှာ စစ်ကောင်စီတပ်ရဲ့ ဗုံးရှင်းလင်းရေးအဖွဲ့တွေ ရောက်လာပြီး အောင်မင်္ဂလာလမ်းထိပ်နဲ့ ဗညားဒလလမ်းကို ပိတ်လိုက်ကာ ဘယ်သူကိုမှ ပေးမသွားဘဲ ပိတ်ချထားလိုက်တယ်လို့ အဲဒီပတ်ဝန်းကျင်မှာ နေထိုင်တဲ့ ပြည်သူတယောက်ပြောပါတယ်။
အခုလို အောင်မင်္ဂလာလမ်းထိပ်မှာ စစ်ကောင်စီတပ်ရဲ့ ကားကို ဗုံးခွဲမယ့်အစီအစဉ်ကို Yangon Liberation Force ( YLF) နဲ့ မဟာမိတ်အဖွဲ့ ဖြစ်တဲ့ Urban Revolutionary Front (URF) တို့က ပူးပေါင်းကြိုးစားခဲ့တာလို့ ထုတ်ပြန်ကြေညာထားပါတယ်။
မစ်ရှင်တခုဖြစ်လာစေဖို့ အချိန်များစွာ၊ ငွေကြေးများစွာနဲ့ ရဲဘော်တွေရဲ့ အသက်ကိုပါ အရင်းအနှီးပြုလုပ်ထားရတာကြောင့် အခုလို မစ်ရှင်ဖျက်သိမ်းရတဲ့အခါ ဆုံးရှုံးနစ်နာမှု များစွာရှိတဲ့အကြောင်း ပြည်သူတွေအနေနဲ့ ဗုံးတွေ့တဲ့အခါ စပ်စုတာတွေ ဝိုင်းအုံကြည့်ရှုတာတွေ မပြုလုပ်ကြပဲ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ကြဖို့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။
ရန်ကုန်မြို့နေ ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိတဲ့နေရာတွေနဲ့ အဝေးဆုံးမှာ နေထိုင်ကြဖို့ တိုက်တွန်းလိုတယ်လို့ မြို့ပြတော်လှန်ရေးအင်အားစုက ပြောပါတယ်။