close

မြို့မရဲစခန်းမှူးနေအိမ်

close

March 13, 2022

မအူပင်မြို့မရဲစခန်းမှူးနေအိမ်၌ သေနတ်ဆော့ရာမှ ကျည်ထွက်ပြီး ရဲ ၁ ဦး ထိမှန်သေဆုံး

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ မတ် ၁၂ ရက်နေ့ ညပိုင်းက မြို့မရဲစခန်းမှူးနေအိမ်မှာ ရဲတပ်သား အချင်းချင်း သေနတ်ဆော့ရာမှာ ကျည်ထွက်ပြီး ရဲတပ်သား ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မြို့မရဲစခန်းမှူး ဒုရဲမှူး ညွန့်လှိုင်နေအိမ်မှာ ရဲတပ်သားအချင်းချင်း ည ၇ နာရီခွဲလောက် ထုတ်ပေးထားတဲ့ သေနတ်ကို ဆော့ရာမှ ကျည်ထွက်ပြီး လည်ပင်ထိမှန်သေဆုံးခဲ့တာလို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။

“ထုတ်ပေးထားတဲ့သေနတ်ကို ဆော့တာ အဲ့မှာကျည်ထွက်သွားတာ လည်ပင်ထိပြီးသေတာ။ သင်တန်းကျောင်းတွေမှာလည်း သေနတ်ကို မဆော့ဖို့မှာတယ်၊ ဒါပေမယ့် ကံပဲလေ သေကံပါတယ်လို့ ပြောရမယ်။ အဲ့နေရာမှာ တင်သေသွားတာ ”လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရဲတပ်ဖွဲ့ဝင်တဦးက DVB ကို ပြောပါတယ်။

သေနတ်ကျည်ထိမှန်သေဆုံးခဲ့တဲ့ ရဲတပ်သား မင်းမင်းထက်ကို ညတွင်းချင်း မအူပင်မြို့ ပြည်သူဆေးရုံကို ပို့ဆောင်ကာ ရင်ခွဲစစ်ဆေးဖို့ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

သေဆုံးခဲ့တဲ့သူဟာ အမှတ် ၆ ရပ်ကွက်မှာနေထိုင်တဲ့ မင်းမင်းထက်ဆိုသူဖြစ်ပြီး ရဲထဲဝင်ဖို့ စုဆောင်းထားပြီး သင်တန်းမတက်ရသေးပေမယ့် ယူနီဖောင်းဝတ်ဆင်သွားလာလေ့ရှိကာ အချင်းချင်းစကားများရာမှ ပစ်သတ်တာလို့ သတင်းတွေလည်း ဒေသခံတွေအကြား ထွက်ပေါ်နေပါတယ်။

3 mins Ago
Up