close

မြို့လှ PDF

close

July 22, 2022

မြို့လှ PDF နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ဖြစ်ပွားခဲ့သည့် ရွှေကူတိုက်ပွဲတွင် နှစ်ဖက်အကျဆုံးရှိ

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဇူလိုင် ၂၁ ရက်နေ့ ညနေ ၃ နာရီခွဲလောက်က မြို့လှ PDF နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာမှာ နှစ်ဘက်အကျဆုံးရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲဟာ ရွှေကူမြို့နယ် မြို့ကုန်းကျေးရွာအထွက် ခိုလိပ်လမ်းအဆင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့မှ ခလရ ၆၀၁  နဲ့ မြို့လှ KPDF တပ်ရင်း၊ တပ်ခွဲ ၁ တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့ Myo Hla - PDF က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီတိုက်ပွဲနဲ့ ပတ်သတ်ပြီး " တိုက်ပွဲဖြစ်တာ အနည်းငယ် ကြာပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ လောက်သေတယ်လို့ ခန့်မှန်းခြေအရ ပြောနိုင်ပါတယ်။ အရေတွက်အတိကျတော့ မသိရသေးဘူး၊ ဒဏ်ရာရသူလည်း များတယ်။ ကျနော်တို့ ဘက်ကတော့ ၁ ယောက် ကျတယ်။ ရန်သူဘက်က လက်နက်ကြီးအတော်သုံးတယ်” လို့ မြို့လှ PDF တာဝန်ရှိသူက ပြောပါတယ်။

မြို့လှ KPDF တပ်ရင်းမှ တိုက်ပွဲကျဆုံးသွားသူဟာ တပ်စိတ်မှုး Viber ဆိုသူဖြစ်ပြီး သူ့ရဲ့ ရုပ်အလောင်းကို အလေးပြုအခမ်းအနားနဲ့ ကောင်းမွန်စွာ သင်္ဂြိုဟ်သွားမယ်လို့ ဆိုပါတယ်။

ရွှေကူမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဟာ ရေကြောင်းကို အသုံးပြုကာ အင်အားဖြည့်တင်းတာတွေ ပြုလုပ်နေပြီး ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ မော်တော်ရေယာဉ်ကို ရွှေကူမြို့နယ်အတွင်းမှာ မြို့လှ KPDF နဲ့ မြို့လှအရန်တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

7 mins Ago

May 13, 2022

ရွှေကူမြို့နယ် ဧရာဝတီမြစ်တလျှောက်က ရွှေဖောင်များ ၂၄ နာရီအတွင်း ထွက်ခွာရန် မြို့လှ PDF သတိ​ပေး

ကချင်ပြည်နယ် ရွှေကူမြို့နယ် ဧရာဝတီမြစ်ရိုးတလျှောက်က တရားမဝင် ရွှေတူးဖော်နေကြတဲ့ ရွှေဖောင်များ ၂၄ နာရီအတွင်း ထွက်ခွာသွားကြဖို့နဲ့ မလိုက်နာပါက ပစ်ခတ် ရှင်းလင်းသွားမယ်လို့ မြို့လှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) က ဒီနေ့ရက်စွဲနဲ့ သတိပေးထုတ်ပြန်ပါတယ်။

မြစ်ရိုးတလျှောက်က ရွှေတူးဖော်မှုတွေဟာ သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ထိခိုက်ပျက်စီး နေတဲ့အပေါ် ဒေသခံပြည်သူ‌တွေ စိုးရိမ်တကြီးတင်ပြ အကူအညီတောင်းခံလာတဲ့အတွက် အခုလို သတိပေးချက် ထုတ်ပြန်ရတာလို့ ပါရှိပါတယ်။ 

ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုကို အမှန်တကယ် ခံစားနားလည်ပြီး ပြည်သူတွေရဲ့ အကျိုးစီးပွားကို ရှေးရှုကာ ဧရာဝတီမြစ်အတွင်း လုပ်ဆောင်လျက်ရှိနေတဲ့ ရွှေဖောင်‌တွေ အမြန်ဆုံး ရုတ်သိမ်းပေးနိုင်ဖို့ ဦးစွာအသိပေးတောင်းဆိုတယ်လို့ ဆိုပါတယ်။

ရွှေဖောင်‌အားလုံး သတိပေးထုတ်ပြန်ချက် ထုတ်ပြန်ပြီး ၂၄ နာရီအတွင်း အပြီးအပိုင် ထွက်ခွာဖို့ နဲ့ သတိပေးထုတ်ပြန်ချက်ကို မလိုက်နာတဲ့ ရွှေဖောင်လုပ်ဆောင်နေသူတွေကို သဘာဝ ပတ်ဝန်းကျင်ဖျက်ဆီးနေသူတွေ၊ အများပြည်သူ‌တွေရဲ့အကျိုးစီးပွားကို ဆုတ်ယုတ်စေသူတွေ အဖြစ် သတ်မှတ်ပြီး ပစ်ခတ်ရှင်းလင်းသွားမယ်လို့ မြို့လှ PDF က သတိပေးထားပါတယ်။

ရွှေကူမြို့နယ်အတွင်း မြစ်ရိုးတလျှောက် ရွှေဖောင်ဖွဲ့ ရွှေတူးဖော်မှုဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် နိုဝင်ဘာလက စတင်တူးဖော်ခဲ့ကြတာဖြစ်ပြီး အစီးရေ ရာချီရှိတယ်လို့ သိရပါတယ်။

2 months Ago
Up