မကွေးတိုင်း၊ မြို့သစ်မြို့မှာ သြဂုတ် ၁၅ ရက် ညနေပိုင်းက အသက် ၇၀ ကျော်အရွယ် အဘိုးအိုတယောက်ကို စစ်ကောင်စီတပ်ဖွဲ့တွေ လာရောက်ဖမ်းဆီးသွားပြီး သူပိုင်ဆိုင်တဲ့ နေအိမ်တလုံးနဲ့ ခြံတခြံကိုလည်း ချိပ်ပိတ်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့သစ်မြို့၊ လယ်ပြင်ရပ်ကွက်က အသက် ၇၄ နှစ်အရွယ် ဦးတင်ရွှေကို သြဂုတ် ၁၅ ရက် ညနေ ၆ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ လာရောက်ဖမ်းဆီးသွားတယ်လို့ မြိုသစ်မြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“စစ်(...)တွေက ဦးတင်ရွှေရဲ့ သားဖြစ်သူကို PDF လို့ စွပ်စွဲပြီး လာရှာကြတာဗျ။ သားကို မတွေ့တော့ ဖခင်ဖြစ်သူကို ဖမ်းသွားကြတာ။”
ဖမ်းဆီးခံခဲ့ရတဲ့ ဦးတင်ရွှေဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တ.စ.ည ပါတီကနေ ဝင်ရောက် အရွေးချယ်ခံခဲ့တဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတယောက်ဖြစ်သလို စီးပွားစီမံဌာနက လက်ထောက်ညွှန်ကြားရေးမှူးရာထူးနဲ့ အငြိမ်းစားယူထားသူလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
သူ့ကို မြို့သစ်မြို့မရဲစခန်း စစ်ကြောရေး ပို့ဆောင်လိုက်တယ်လို့ သိရပြီး ဒီနေ့အချိန်ထိ မိသားစုနဲ့ တွေ့ဆုံခွင့်မပေးသေးဘဲ အသက်အရွယ်ကြီးပြီဖြစ်လို့ ကျန်းမာရေးအတွက် မိသားစုဝင်တွေက စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ သြဂုတ် ၁၆ ရက်အထိ နိုင်ငံတဝန်း မတရား ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၂,၀၃၀ ယောက်ရှိပြီး အဲဒီထဲက ၁,၃၉၄ ယောက်ဟာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သြဂုတ် ၁၆ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ နေပြည်တော်-ကံပြားလမ်းမှာ မေ ၄ ရက် ညနေပိုင်းက တောင်ကျချောင်းရေကျလာလို့ ခရီးသည်တင် မှန်လုံကားတစီး ဘေးချော်ကျကာ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့တယ်လို့ ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်းကနေ သိရပါတယ်။
မြို့သစ်မြို့နယ် နေပြည်တော်-ကံပြား ကားလမ်း သရက်ခွချောင်းမှာ ဒီကနေ့ ညနေ ၃ နာရီလောက်က တောင်ကျချောင်းရေထိုးကျလာလို့ ခရီးသည်တင် ဘတ်စ်ကားတစီး ဘေးချော်ကျကာ ကားအစီးရေ ၅၀ လောက် လမ်းပိတ်ဆို့ခဲ့တာ ဖြစ်ပါတယ်။
ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းရဲ့ ဦးဆောင်သူ ကိုအောင်မျိုးနိုင်က “ဒီဘက်မှာ မိုးကနည်းနည်းလေးလောက်ပဲ ရွာတာဗျ။ အထက်ဘက်မှာ မိုးများလို့ထင်တယ်။ ကျနော်တို့ ညနေ ၃ နာရီလောက်ရောက်သွားတော့ ချောင်းရေတော်တော်များနေပြီ။ ခရီးသည်တင် မှန်လုံကားတစီး လမ်းဘေးကို နည်းနည်းထိုးကျတာ ခရီးသည်တင်ကား အစီး ၅၀ လောက်ပိတ်မိနေတယ်ဗျ။ လမ်းပိတ်တာကတော့ ညနေ ၃ နာရီလောက်ကနေ ၅ နာရီခွဲလောက်အထိ ပိတ်မိနေကြပြီး ကျနော်တို့ ပြန်လာခဲ့ကြတယ်။ လက်ရှိအချိန်ထိတော့ ကားတွေ ဖြတ်လို့မရသေးဘူး”လို့ ပြောပါတယ်။
အဲဒီလမ်းမှာ တောင်ကျချောင်းတွေများပြီး မိုးမရွာဘဲနဲ့လည်း ရေက တဟုန်တိုး ထိုးကျလာတတ်ကာ သရက်ခွချောင်းကိုတော့ ချောင်းကူးတံတား ထိုးနေတာတွေ့ရပေမဲ့ မပြီးသေးဘူးလို့ မြို့သစ်မြို့နယ်ဒေသခံတစ်ယောက်က ပြောပါတယ်။
မကွေးတိုင်းအတွင်းက မြို့သစ်မြို့နယ်နဲ့ နတ်မောက်မြို့နယ်တွေက ကားလမ်းတွေမှာ တောင်ကျချောင်းရေကျော်တွေ များပြားပြီး အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ ချောင်းကူးတံတားတွေ အများအပြား ထိုးပေးခဲ့ပါတယ်။