မကွေးတိုင်း၊ နတ်မောက်မြို့နယ်နဲ့ မြို့သစ်မြို့နယ်တို့က ရပ်ကွက်နဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေဟာ နိုဝင်ဘာ ၂ ရက်နေ့ကစတင်ပြီး အပြိုင်အဆိုင် နုတ်ထွက်စာတွေတင်နေကြတယ်လို့ သိရပါတယ်။
နတ်မောက်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးဝန်ထမ်းတဦးက ''ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်စာတင်သွားကြတာ ၂၅ ယောက်လောက်ရှိပြီ။ ကျန်တဲ့သူတွေကလည်း နုတ်ထွက်ကြဦးမယ် ကြားနေရတယ်'' လို့ အတည်ပြုပြောပါတယ်။
နတ်မောက်မြို့နယ်မှာ ရပ်ကွက်၊ ကျေးရွာအုပ်စု ၈၀ ဝန်းကျင်ရှိပြီး မြို့သစ်မြို့နယ်မှာ ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။
''နိုဝင်ဘာ ၂ ရက်နေ့ကနေဆို ဒီကနေ့အထိ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၇ ယောက်လောက်မရှိပြီ။ နေ့တိုင်းလိုလို နုတ်ထွက်စာလာတင်နေကြတာ။ ကျနော်တို့လည်း မဖြစ်သာလို့ ဆက်လုပ်နေတာ စိတ်မပါတော့ဘူး'' လို့ မြို့သစ်မြို့၊ ထွေအုပ်ရုံးဝန်ထမ်းတဦးက ပြောပါတယ်။
နတ်မောက်မြို့နယ်နဲ့ မြို့သစ်မြို့နယ်က နုတ်ထွက်သွားကြတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဟာ ကျန်းမာရေးမကောင်းတာကြောင့် အုပ်ချုပ်ရေးမှူးတာဝန်ကို ဆက်လက်မယူနိုင်ဘဲ နုတ်ထွက်ကြတာလို့ သိရပါတယ်။
မြို့သစ်မြို့နယ်က နုတ်ထွက်စာတင်သွားတဲ့ အုပ်ချုပ်ရေးမှူးတဦးက ''စစ်ကောင်စီတပ်က ကျနော်တို့ရဲလုံခြုံရေးကို တာဝန်မယူနိုင်တော့ဘူး။ နတ်မောက်နယ်ကော၊ မြို့သစ်နယ်ကော အုပ်ချုပ်ရေးမှူးတွေ မကြာခဏအသတ်ခံနေရတာ ကိုယ့်အလှည့်ဘယ်တော့ရောက်မလဲဆိုပြီး အိပ်လို့တောင်မပျော်တော့တဲ့အဆုံး နုတ်ထွက်စာတင်လိုက်တာ'' လို့ ပြောပါတယ်။
နုတ်ထွက်သွားကြတဲ့ အုပ်ချုပ်ရေးမှူးအများစုဟာ သူတို့ရဲ့နေအိမ်မှာသာ ဆက်လက်နေထိုင်နေကြပြီး တချို့တွေကတော့ တဦးတည်းတိမ်းရှောင်သွားကြပြီး မိသားစုလိုက်တိမ်းရှောင်ထွက်ပြေးသွားကြသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ဗိဿနိုးကာကွယ်ရေးတပ်မတော်ရဲ့တာဝန်ခံက “သူတို့ကို ဒီအတိုင်းလွှတ်မထားပါဘူး။ စောင့်ကြည့်ရဦးမှာပေါ့။ လူမြင်ကောင်းရုံ နုတ်ထွက်စာတင်ပြီး နောက်ကွယ်ကနေ သတင်းပေးဒလန်လုပ်နေရင်တော့ မလွယ်ဘူးမှတ်။ ပြည်သူတွေကလည်း ကျနော်တို့နဲ့ ပူးပေါင်းပါဝင်ပေးကြပါ'' လို့ ပြောပါတယ်။
နတ်မောက်မြို့နယ်နဲ့ မြို့သစ်မြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ အောက်ခြေထောက်တိုင်ဖြစ်တဲ့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ၁၄ ရက်အတွင်း နုတ်ထွက်ကြဖို့ ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်က နိုဝင်ဘာ ၁ ရက်နေ့က ကြေငြာချက်ထုတ်ပြန်ထားပြီးနောက်ပိုင်း အခုလို အပြိုင်အဆိုင် နုတ်ထွက်နေကြတာလို့ ဒေသခံတွေဆီက သိရပါတယ်။
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နဲ့ မြို့သစ်မြို့တွေမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီ လက်နက်ကိုင်တပ်တွေ အချင်းချင်း ပစ်ခတ်မှုတွေဖြစ်ပွားပြီး ထိခိုက်သေဆုံး ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့၊ တောင်ပြင် ၂ ရပ်ကွက်က မေဃဝန် အ.မ.က စာသင်ကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ အောက်တိုဘာ ၂၉ ရက် ည ၁၂ နာရီလောက်က အချင်းချင်းပစ်ခတ်လို့ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးသွားတာဖြစ်ပါတယ်။
ဒေသခံတဦးက “ည ၁၂ ကျော်လောက်က မေဃဝန်စာသင်ကျောင်းထဲမှာ တရစပ် အတွဲလိုက်ပစ်နေတာ။ မူးပြီး အချင်းချင်းစကားများပြီးပစ်ကြတာ။ တယောက် သေတယ်လေ။ သေတဲ့စစ်သားကို ညတွင်းချင်း ရင်ခွဲရုံကိုပို့လိုက်တယ်တဲ့။ ဒဏ်ရာရတဲ့သူတွေလည်း ရှိသေးတယ် ကြားတယ်။'' ပြောပြပါတယ်။
သေဆုံးသူဟာ တပ်ကြပ်အဆင့် ထက်ဝေဦး ဆိုသူဖြစ်ပြီး ဒီကနေ့ ညနေပိုင်းမှာ တောင်တွင်းကြီး ဘာသာစုံသုသာန်မှာ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။
အဆိုပါ မေဃဝန်စာသင်ကျောင်းကို သြဂုတ်လပိုင်းထဲကစတင်ပြီး စစ်ကောင်စီ တပ်သား အယောက် ၂၀ ခန့် တပ်စွဲနေတာဖြစ်ပါတယ်။
“အဲဒီကျောင်းထဲက စစ်သားတွေက ညတိုင်းမူးကြတာ။ သောက်ပြီး မူးပြီဆိုရင် ပြည်သူကို မကြားဝံ့မနာသာ စကားလုံးတွေနဲ့ ဆဲကြတယ်။ ကျန်ခဲ့တဲ့လထဲကလည်း ရပ်ကွက်ထဲက ပြည်သူတွေရဲ့ နွားတွေကို ကျောင်းထဲ မောင်းသွင်းပြီး နွားပိုင်ရှင်တွေကို ငွေနဲ့ လာရွေးခိုင်းသေးတယ်။ မသဒ္ဓါရေစာတွေ စားနေကြတာ ဖြစ်မှာပဲလေ” လို့ ဒေသခံတဦးက ပြောပြပါတယ်။
အောက်တိုဘာ ၂၇ ရက်က တောင်တွင်းကြီးမြို့၊ အုန်းတော ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်း စစ်သား ၁ ဦး သေဆုံးပြီးနောက် ၂ ရက်အကြာမှာ အချင်းချင်းပစ်ခတ်လို့ နောက် ၁ ဦးထပ်မံ သေဆုံးတာလည်း ဖြစ်ပါတယ်။
အလားတူ မကွေးတိုင်း၊ မြို့သစ်မြိုမှာလည်း မြို့သစ်ပြည်သူ့ဆေးရုံးအနီး မကြီးချိုကျေးရွာလမ်းထိပ်မှာ ကင်းစောင့်နေတဲ့ အစောင့်စစ်သား ၅ ယောက်နဲ့ ဆိုင်ကယ်နဲ့လာတဲ့ အရပ်ဝတ်စစ်သား ၂ ယောက်တို့ အောက်တိုဘာ ၂၉ ရက်နေ့ ၁၂ နာရီခွဲဝန်းကျင်က အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြပါတယ်။
အဆိုပါပစ်ခတ်မှုကြောင့် ဆိုင်ကယ်နဲ့လာသူ ၂ ဦးအနက် ၁ ဦးမှာ ဦး ခေါင်းပွင့်သေဆုံးပြီး ကျန် ၁ ဦး ဒဏ်ရာပြင်းထန်ကာ အသက်အန္တရာယ်စိုးရိမ်ရပြီး ဂိတ်စောင့်စစ်သား ၅ ယောက်ကတော့ ထိခိုက်မှုမရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
အမည်မဖော်လိုတဲ့ ဒေသခံတဦးက ''ညက သေနတ်ပစ်သံကြားလိုက်တော့ ချောင်းကြည့်ရတာပေါ့။ ဆိုင်ကယ်နဲ့လာတဲ့ အရပ်ဝတ်နဲ့လူ ၂ ယောက်ကလည်း အဲ့ ဒီဂိတ်က အစောင့်စစ်သားဘဲ အရင်နေ့ညက ဂျူတီချိန်းတော့ အချင်းချင်းစကားများ ရန်ဖြစ်တဲ့အသံတွေဆူညံလို့။ သူတို့အချင်းချင်းပစ်ကြခတ်ကြတာပါ'' လို့ ပြောပြပါတယ်။
အဆိုပါပစ်ခတ်မှုဖြစ်စဉ်မှာ သေဆုံးသူရဲ့ ရာထူး၊ အမည်နဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ ဒဏ်ရာရသူရဲ့ နောက်ဆုံးအခြေအနေကိုသိရှိနိုင်ဖို့ ဒီဗွီဘီက ဆက်လက်စုံစမ်းနေပါတယ်။
အဆိုပါပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြန်ကြားရေးတာဝန်ခံက"ဒီဖြစ်စဉ်က ဗိဿနိုးတပ်မတော်နဲ့ဘာမှမဆိုင်ဘူး။ ဗိဿနိုးကရဲ ဘော်တွေလည်းမဟုတ်ဘူး။ လုပ်ပြီးရင်လည်းကြေညာချက်ထုတ်ပြန် ပေးတယ်။ ဗိဿနိုးတပ်မတော်က ရဲဘော်တွေအတွက် စိုးရိမ်ပေးကြတဲ့ ပြည်သူတဦးချင်းစီကိုလည်း ကျေးဇူးတင်ပါတယ်'' လို့ ရှင်းပြပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်သားတွေဟာ ညတိုင်းနီးပါး မြို့လုံခြုံရေးအကြောင်းပြကာ ညည့်နက်လှည့်ကင်းလှည့်ပတ်ကြရင်း သောက်စားမူးယစ်ပြီး မကြာခဏဆိုသလို အချင်းချင်းစကားများရန်ဖြစ်လေ့ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။