close

မြေကွက်

close

September 3, 2022

နွေဦးမော်ကွန်းသစ်မြေကွက်များအားလုံး ၂ ရက်မပြည့်ခင် ရောင်းကုန်၊ ကန်ဒေါ်လာ ၁၂ သန်းကျော် ဖိုးရရှိထား

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စီမံဆောင်ရွက်နေတဲ့ အာဏာရှင်အဆုံးသတ်နိဂုံး The End of Dictatorship-EOD အစီအစဉ် နွေဦးမော်ကွန်းသစ် စီမံကိန်း-သံသုမာရဲ့ မြေကွက်တွေအားလုံးဟာ အချိန် ၂ ရက်မပြည့်ခင်မှာပဲ ရောင်းကုန်သွားခဲ့ပြီလို့ ထုတ်ပြန်ပါတယ်။

“နွေဦးမော်ကွန်းသစ်@ Thanthumar ရဲ့ ၆၀ ပေ x ၈၀ ပေ မြေကွက် တချို့ကို ၄၀ ပေ x ၆၀ ပေ အဖြစ် ပြောင်း၍ ရောင်းချ ပေးပြီး မကြာခင်မှာပဲ မြေကွက် ၂ မျိုးလုံး ရောင်းကုန်သွားပါပြီ။ စတင်ရောင်းချပြီး ၂ ရက် မပြည့်ခင် ကုန်သွားခြင်း ဖြစ်ပါတယ်။ နွေဦးမော်ကွန်းသစ် @Thanthuma ပေ ၆၀ x ပေ ၈၀ - အကွက် ၁၅၀… နွေဦးမော်ကွန်းသစ် @Thanthuma ပေ ၄၀ x ပေ ၆၀ - အကွက် ၅၀၀… စုစုပေါင်း ၆၅၀ ကွက် အားလုံး ရောင်းချခဲ့ရပြီး၊ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၁၀ သန်းကျော် ဖြစ်ပါတယ်။ နွေဦးရိပ်မွန်@ Min Dhamma နှင့်ပေါင်းပါက ဒေါ်လာ ၁၂ သန်းကျော်ဖိုး ရောင်းချပြီး ဖြစ်ပါတယ်။ ယခုအခါ နွေဦးရိပ်မွန် မြေကွက် တချို့သာ ဝယ်ယူနိုင်ပါတော့မည်။ ဝယ်ယူသည့် တော်လှန်ပြည်သူ အပေါင်းနဲ့ အရောင်းကိုယ်စားလှယ်များကို ထပ်မံ ဦးညွှတ်ဂုဏ်ပြု လိုက်ပါတယ်။”

NUG အစိုးရဟာ အာဏာရှင်အဆုံးသတ်နိဂုံး The End of Dictatorship-EOD အစီအစဉ်ရဲ့ နွေဦးရိပ်မွန်-မင်းဓမ္မနဲ့ နွေဦးမော်ကွန်းသစ် စီမံကိန်း-သံသုမာတို့ကို စက်တင်ဘာ ၁ ရက်ကမှ စတင်ရောင်းချတာ ဖြစ်ပါတယ်။

အာဏာရှင်နိဂုံး အဆုံးသတ်ဖို့အတွက် အရေးကြီးတဲ့ တော်လှန်ရေးရန်ပုံငွေတွေ ရရှိနိုင်ဖို့ အများပြည်သူကို ရောင်းချပေးမယ့် ဒီစီမံကိန်းတွေအတွက် ဝယ်ယူသူတွေအနေနဲ့ မြေပိုင်ဆိုင်ခွင့် ရရှိမှာဖြစ်ပြီး ကာလပေါက်စျေးရဲ့ ၃ ပုံ ၁ ပုံလောက် တန်ဖိုးနဲ့သာ ရောင်းချပေးသွားမှာဖြစ်တဲ့အပြင် ငွေပေးချေမှုကိုလည်း တော်လှန်ရေးကာလအတွင်းနဲ့ တော်လှန်ရေးကာလအပြီး ၂ ပိုင်းခွဲ ပေးသွင်းရမယ်လို့ ဆိုပါတယ်။

တော်လှန်ရေးကာလအပြီး စီမံကိန်းစတင်တဲ့ အချိန်မှာတော့ လမ်း၊ ရေ၊ လျှပ်စစ်မီး၊ ကလေးကစားကွင်း၊ ပန်းခြံနဲ့ စည်ပင်သာယာ ဝန်ဆောင်မှုတွေကို တည်ဆောက်ပေးသွားမှာ ဖြစ်ပြီး အိမ်ကိုတော့ ဝယ်ယူသူကနေ ဆောက်လုပ်ရေးစံနှုန်းတွေနဲ့အညီ စိတ်ကြိုက် ဆောက်ယူရမှာဖြစ်တယ်လို့ ဖော်ပြပါတယ်။

နွေဦးရိပ်မွန် စီမံကိန်းကတော့ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် တော်ဝင်လမ်းနဲ့ မင်းဓမ္မလမ်းဆုံမှာ တည်ရှိမှာဖြစ်ပြီး မျက်နှာချင်းဆိုင်မှာ ဝိတိုရိယဆေးရုံနဲ့ တခြား စည်ကားတိုးတက်နေတဲ့ စီးပွားရေး အချက်အခြာနေရာတွေနဲ့ လူနေရပ်ကွက်တွေ တည်ရှိပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ကားနဲ့ ၇ မိနစ်လောက်သာ ကွာ‌ဝေးမှာ ဖြစ်ပါတယ်။

နွေဦးမော်ကွန်းသစ် စီမံကိန်းကိုတော့ မရမ်းကုန်းမြို့နယ်၊ သံသုမာလမ်းမပေါ် (ပါရမီလမ်းအကျော်) လက်ရှိ တပ်မတော်လေ့ကျင့်ရေး သင်တန်းကျောင်းနေရာမှာ ဖော်ဆောင်မှာဖြစ်ကာ ဧက ၂၂၀ လောက် ကျယ်ဝန်းပြီး ငမိုးရိပ်ချောင်းဘေးမှာ တည်ရှိပါတယ်။

မြေကွက်ဈေးနှုန်းတွေအနေနဲ့ နွေဦးရိပ်မွန်-မင်းဓမ္ဓမှာ ပေ ၆၀ x ပေ ၈၀ မြေကွက်ကို အမေရိကန်ဒေါ်လာ ၁၆၀,၀၀၀ သတ်မှတ်ထားပြီး နွေဦးမော်ကွန်းသစ် စီမံကိန်း-သံသုမာမှာတော့ ပေ ၆၀ x ပေ ၈၀ မြေကွက်ကို အမေရိကန်ဒေါ်လာ ၆၄,၀၀၀၊ ပေ ၄၀ x ပေ ၆၀ မြေကွက်ကို အမေရိကန်ဒေါ်လာ ၃၂,၀၀၀ စီ အသီးသီးသတ်မှတ်ထားတယ်လို့ ဖော်ပြပါတယ်။

ဝယ်ယူလိုတဲ့ ပြည်သူတွေအနေနဲ့ တဦးချင်းဝယ်ယူလိုတဲ့ အရေအတွက် အကန့်အသတ်မရှိဘဲ စုပေါင်းပြီးတော့လည်း ဝယ်ယူနိုင်မှာဖြစ်ကာ သတ်မှတ်စျေးနှုန်းရဲ့ ၄၀ ရာခိုင်နှုန်းကိုသာ တော်လှန်ရေးကာလတွင်း ပေးသွင်းရမှာ ဖြစ်ပါတယ်။ ကျန်တဲ့ ၆၀ ရာခိုင်နှုန်းကိုတော့ တော်လှန်ရေး အောင်မြင်ပြီးနောက် စီမံကိန်းတွေ စတင်အကောင်အထည်ဖော်တဲ့ အချိန်မှသာ ပေးသွင်းရမှာဖြစ်ပြီးတော့ တော်လှန်ရေးကာလတွင်း ပေးသွင်းရမယ့်ငွေကိုလည်း ၃ လအတွင်း အရစ်ကျ ခွဲသွင်းနိုင်မယ်လို့ ဆိုပါတယ်။

ပြည်တွင်းနဲ့ နိုင်ငံတကာ EOD ကိုယ်စားလှယ်တွေကတဆင့် ဝယ်ယူနိုင်မယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မကြာခင် ထုတ်ပြန်ပေးသွားမှာဖြစ်ကာ ဒီတိုင်ခင်ကလည်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရန်ကုန်မြို့ အမှတ် ၁၄၊ အင်းယားလမ်း နေအိမ်ကို အပြီးသတ် ရောင်းချနိုင်ခဲ့ပြီး ဒုတိယပရောဂျက်အဖြစ် ရန်ကုန်မြို့ ၆ မိုင်ခွဲ Inya View နေရာကိုလည်း လတ်တလော ရောင်းချနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာရှင်အဆုံးသတ်နိဂုံး The End of Dictatorship-EOD အနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရား ရယူသိမ်းပိုက်ထားတဲ့ တခြားသော အိမ်နဲ့ အဆောက်အအုံတွေ၊ စစ်ကောင်စီခေါင်းဆောင်တွေ မတရားပိုင်ဆိုင်ထားတဲ့ အိမ်ခြံမြေတွေကို တခုပြီးတခု ကြိုပွိုင့်နဲ့ ရောင်းချပြီး တော်လှန်ရေးအတွက် အရေးတကြီး လိုအပ်နေတဲ့ ဘဏ္ဍာရန်ပုံငွေတွေကိုလည်း ဆက်လက်ရှာဖွေသွားမယ်လို့ ပြောထားပါတယ်။

2 months Ago

July 7, 2022

ကရင်နီအမျိုးသားကာကွယ်ရေးတပ် ရန်ပုံငွေအတွက် ‌‌မြေ ၂ ကွက် ကံစမ်းမဲပြုလုပ်ရောင်းချ

ကယား (ကရင်နီ) ပြည်နယ် ဒီးမောဆိုမြို့ အနောက်ဘက် လွိုင်ကော်-တောင်ငူသွား လမ်းဘေးရှိ ပေ ၄၀ × ၈၀ အကျယ်အဝန်းရှိ မြေကွက်၂ ကွက်ကို ကံစမ်းမဲလုပ် ရောင်းသွားမယ်လို့ Karenni Logistics Tream - KLT​ က ပြောပါတယ်။

Karenni Logistics Tream - KLT တာဝန်ရှိသူက “မြေကွက် ၁ ကွက်က ကရင်နီအမျိုးသားကွယ်ရေးတပ် တပ်ရင်း-၈ ရဲ့ မြေကွက်နဲ့ နောက်တကွက်က KLT တာဝန်ခံ မြေကွက်ပါ။ မဲတွေရောင်းလို့ကုန်တာနဲ့ တန်းဖောက်ပေးမှာပါ။ ဒီကရလာတဲ့ ငွေကြေးတွေကို တပ်ရင်း-၈ ကို သိန်း ၁၀၀ ထောက်ပံ့ပြီး ကျန်တဲ့ သိန်း ၁၀၀ ကို KLT ထောက်ပို့တပ်သားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အတိုတလက်နဲ့ အထွေထွေဘုံစရိတ်အဖြစ် အသုံးပြုသွားမှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကံစမ်းမဲလက်မှတ်တစောင်ကို ၁၀,၀၀၀ ကျပ် သတ်မှတ်ထားပြီး မဲအစောင်ရေ ၂,၀၀၀ ရောင်းချမယ်လို့ သိရပါတယ်။

Karenni Logistics Tream - KLT မြေကွက်ကံစမ်းမဲတွေ ရောင်းချနေတာ ဒုတိယအကြိမ်ဖြစ်ပြီး ကံစမ်းမဲပေါက်သူကို စာချုပ်စာတန်းနဲ့တကွ တခါတည်း လွှဲအပ်ပေးသွားမယ်လို့ ဆိုပါတယ်။ မြေကွက်ကံစမ်းမဲမှာ ပါဝင်ချင်သူတွေအနေနဲ့ Karenni Logistics Tream - KLT ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

4 months Ago
Up