close

မြေပုံမြို့နယ်

close

May 11, 2023

မြေပုံမြို့နယ်၊ ငမန်းရဲကျွန်းရှိ ကျေးရွာ ၁၃ ရွာကို မုန်တိုင်းဘေးလွတ်ရာသို့ ရက္ခိုင့်တပ်တော် ရွှေ့ပြောင်းပေး

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ငမန်းရဲကျွန်းရှိ ကျေးရွာ ၁၃ ရွာ မုန်တိုင်ဘေးက လွတ်ကင်းဖို့ အတွက် ရက္ခိုင့်တပ်တော် (ULA/AA) ရဲ့ အစီအစဉ်နဲ့ ဘေးလွတ်ရာဒေသတွေကို ရွှေ့ပြောင်းလိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

အခုလို ရက္ခိုင့်တပ်တော်အနေနဲ့ ပြည်သူတွေကို အချိန်နဲ့တပြေးညီ လာရောက်ပြီး ဘေးလွတ်ရာကို ခေါ်ဆောင်ပေးတဲ့အတွက် အလွန်ဝမ်းသာဂုဏ်ယူမိတယ်လို့ ငမန်းရဲကျွန်း ဒေသခံတဦးက ပြောပါတယ်။

“ဂုဏ်လည်းယူတယ်၊ ဝမ်းလည်းသာတယ်။ ရခိုင်ပြည်မှာ ရက္ခိုင့်တပ်တော် ULA ရှိလာလို့ အခုလိုမျိုး ပြည်သူတွေအတွက် အန္တရာယ်မကျရောက်မီ အချိန်နဲ့တပြေးညီ ကိုယ်တိုင်ကိုယ်ကျဖြစ်စေ၊ ကျေးရွာတာဝန်ခံတွေကတဆင့်ဖြစ်စေ ကူညီပေးလာတာတွေ့ရလို့ အလွန်ဝမ်းသာမိပါတယ်။ စစ်ကောင်စီဘက်ကတော့ အခုအချိန်ထိ ဘာတခုမှ လာပြောတာ မရှိသေးဘူး။ ဘာအကူအညီမှ ပေးတာလည်း မရှိဘူး။ အရင်တုန်းကလည်း မရှိခဲ့ဘူး။ အခုလို အချိန်နဲ့တပြေးညီ ကူညီပေးတဲ့ ရက္ခိုင့်တပ်တော်ကို အထူးကျေးဇူးတင်ပါတယ်။”

မြေပုံမြို့နယ် ငမန်းရဲကျွန်းဟာ ပင်လယ်ထဲမှာတည်ရှိပြီး မုန်တိုင်းဒဏ်ကို အမြဲခံနေရလေ့ရှိတဲ့ ဒေသခဖြစ်ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA)ဟာ, ရခိုင်ကမ်းရိုးတန်းကို ဦးတည်‌နေပြီး ဒီရေတွေပါ မြင့်တက်လာနိုင်တာကြောင့် ငမန်းရဲကျွန်းရှိ ငခူချောင်း၊ အလယ်ကျွန်း၊ သစ်ပုတ်၊ ဝကောက်ကြီး၊ ညောင်တော၊ မညှင်းပြင်၊ အတွင်းငခူချောင်း၊ မြောက်ကြိမ်၊ အပြင်ငခူချောင်း စတဲ့ ကျေးရွာ ၁၃ ရွာက လူပေါင်း ၅,၀၀၀ လောက်ကို ရက္ခိုင့်တပ်တော် (အေအေ) က ဦးစီးပြီး မင်းပြားမြို့နယ် ရန်တိုင်ကျေးရွာ အပါအဝင် ရေဘေးလွတ်ကင်းရာ ကုန်း​မြင့်ဒေသရှိ ကျေးရွာတွေကို ပို့ဆောင်ပေးနေတာလည်း ဖြစ်ပါတယ်။

အခုဝင်လာမယ့် မုန်တိုင်းကြောင့် ဘေးလွတ်ရာကို အသက်မသေအောင် တိမ်းရှောင်ခဲ့ရပြီး ကျေးရွာတွေမှာ ကျန်နေခဲ့တဲ့ ကျွဲ၊ နွားတွေကိုလည်း ကုန်းမြင့်နေရာတွေမှာ ဘေးမဲ့လွှတ်ပေးခဲ့ကြကြောင်း ငမန်းရဲကျွန်းမှ ရွာလူကြီးတဦးက ပြောပါတယ်။

“အရင်တုန်းကလည်း ကျနော်တို့ ငမန်းရဲတကျွန်းလုံးက မုန်တိုင်းဒဏ်တွေကို အမျိုးမျိုး ခံစားခဲ့ဖူးကြပြီ။ အခုလည်း မုန်တိုင်းသတင်းတွေကို ကြားကြားချင်း ဘေးလွတ်ရာကို ပြေးချင်တာပေါ့။ ဒါပေမဲ့ စီးပွားရေးကတဖက်၊ ကျွဲ နွား တိရစ္ဆာန်တွေက တဖက်ဆိုတော့ မုန်တိုင်းကလည်း နီးလာနေတယ်။ ဘာပဲဖြစ်ဖြစ် လူ့အသက်တခု ရှင်ရင်ပြီးရောဆိုပြီး ထွက်လာခဲ့ကြတယ်။ ကျန်ခဲ့တဲ့ တိရစ္ဆာန်တွေကိုတော့ ဘေးမဲ့လွှတ်ပေးခဲ့ကြတယ်။”

လက်ရှိ မုန်တိုင်းဘေးရှောင် ငမန်းရဲကျွန်းက ပြည်သူတွေကို မင်းပြားမြို့နယ်ရှိ ကျေးရွာတွေက စားဝတ်နေရေး အဆင်ပြေအောင် ကူညီထောက်ပံ့ပေးကြသလို ရက္ခိုင့်တပ်တော် (အေအေ) ကလည်း စားဝတ်နေရေး၊ ဆေးဝါးကအစ ကူညီပေးသွားမယ်လို့ လာရောက်ပြောဆိုထားကြောင်း ငမန်းရဲကျွန်း ဒေသခံတွေထံက သိရပါတယ်။

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ငမန်းရဲကျွန်းဟာ ပင်လယ်ထဲမှာ တည်ရှိပြီး ၁၉၆၇ ခုနှစ် မေ ၁၀ ရက်က တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် ကျွန်းပေါ်ရှိ ကျေးရွာ ၈ ရွာလုံး ရေအောက်ကို ရောက်ရှိသွားခဲ့ပြီး လူပေါင်း ၃,၀၀၀ ခန့် သေဆုံးခဲ့ကြောင်း မုန်တိုင်းသတင်းမှတ်တမ်းတွေအရ သိရပါတယ်။

14 mins Ago

December 4, 2022

မြေပုံမြို့နယ်က စစ်ဘေးရှောင်နှင့် ဒေသခံများကို ရခိုင်တိုင်းရင်းဆေးပညာရှင်များ ဆေးဝါးကုသ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှာ ဒီဇင်ဘာ ၄ ရက် မနက်ပိုင်း  စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေကို ရခိုင်တိုင်းရင်းဆေးပညာနဲ့ အခမဲ့ဆေးဝါးကုသပေးနေတယ်လို့ ရခိုင်ရိုးရာတိုင်းရင်း ဆေးပညာရှင်များအသင်းကနေ သိရပါတယ်။

ကမ်းထောင်းကြီးမြို့ စစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင် ၄၀၀ ကျော်ကို ဒီဇင်ဘာ ၃ ရက်ကနေ ၅ ရက်အထိ ရခိုင်ရိုးရာတိုင်ရင်းဆေးပညာနဲ့ ပထမဆုံးအကြိမ် အခမဲ့ ဆေးဝါးကုသပေးခဲ့တယ်လို့ ရခိုင်ရိုးရာတိုင်းရင်းဆေးပညာရှင်များအသင်းရဲ့ တာဝန်ခံ နက္ခတဗေဒနဲ့ တိုင်းရင်းဆေး ပညာသမားတော် ဒေါက်တာ ရန်နိုင်စိုးက  ပြောပါတယ်။

“ရခိုင်သမိုင်းမှာ မှတ်တမ်းတင်ခဲ့တဲ့ မြစ်ချင် ပြီးဆေးဆိုတာ ရှိတယ်။ အမြစ်တမြစ်တည်းနဲ့ ရောဂါတွေကို ကုသပေးနိုင်တာကြောင့် ထိထိရောက်ရော ကုသနိုင်တယ်။”

အဓိက ကုသပေးတဲ့ရောဂါတွေကတော့ အရိုးအကြော၊ လေဖြတ်၊ မီးယပ်၊ သူငယ်နာ၊ မျက်စိရောဂါ၊ မှိုနာ(မြစ်ပွားနာ)၊ ချောင်ဆိုးရောဂါနဲ့ ဖျားနာရောဂါတွေကို ကုသပေးနေတာလို့ သိရပါတယ်။

လက်ရှိ ကျန်းမာရေးစောင်ရှောက်မှု‌ ခက်ခဲနေတဲ့ စစ်ဘေးရှောင်စခန်းတွေကို ဦးစားပေး ကုသနေပြီး ရှေ့ဆက်ပြီးတော့လည်း အလှူရှင်တွေရဲ့ ပံ့ပိုးမှု အားကောင်းရင် ရန်ပုံငွေ အခြေအနေပေါ် မူတည်ပြီး တခြား မြို့၊ ရွာတွေကို နယ်လှည့်ဆေးခန်းဖွင့်ကာ အခမဲ့ ဆေးဝါး ကုသပေးနိုင်အောင် စီစဥ်ထားတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပြီးတဲ့နောက် စစ်ကောင်စီက ဆေးဝါတင်သွင်း၊ ရောင်ဝယ်ခွင့်တွေ ကန့်သတ်ခဲ့ပြီး ဆေးရုံဆေးခန်း တချို့မှာလည်း ဆေးဝါးတွေ ပြတ်လပ်နေတဲ့အတွက် စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ်အကူညီလိုအပ်နေတယ်လို့ သိရပါတယ်။

5 months Ago
Up