close

မြေပြိုမှု

close

April 4, 2023

ကွန်ဂိုနိုင်ငံအရှေ့ပိုင်း မြေပြိုမှုဖြစ်ပြီး လူ ၂၀ သေဆုံး

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းမှာ မြေပြိုမှုဖြစ်ပွားပြီးနောက် အနည်းဆုံး လူ ၂၀ သေဆုံးပြီး အများအပြား ပျောက်ဆုံးနေကြောင်း ပြည်နယ်အစိုးရနဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ဧပြီ ၃ ရက်မှာ ပြောပါတယ်။ 

ကီဗူးပြည်နယ်မြောက်ပိုင်း မာစီစီနယ်မြေရှိ ဘိုလိုဝါကျေးရွာမှာ ဧပြီ ၂ ရက်က လူတွေက အဝတ်တွေလျှော်ပြီး မီးဖိုချောင်သုံးပစ္စည်းတွေကို သန့်ရှင်းရေး လုပ်နေချိန်မှာ မြေပြိုကျမှု ဖြစ်ပွားခဲ့ပြီးနောက် အမျိုးသမီး ၈ ဦးနဲ့ ကလေး ၁၃ ဦးတို့ရဲ့ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကျယ်ပြန့်လှတဲ့ မာစီစီနယ်မြေရှိ အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင် ဗော်လ်တိုင်းယား ဘာတွန်ဒီက ပြောပါတယ်။ 

အသက်ရှင်ကျန်ရစ်သူ ၁ ဦး ရှိပြီး ကျန်းမာရေးဌာနကို ပို့ဆောင်ထားကြောင်းလည်း သူက ဆိုပါတယ်။ 

“အမျိုးသမီးတွေနဲ့ ကလေးတွေအဝတ်လျှော်နေကြတဲ့ မနက် ၁၁ နာရီ ၃၀ လောက်က မြေပြိုတာဖြစ်ပြီး သူတို့အားလုံး မြေမြုပ်သွားကြတာ ဘယ်သူမှ ပြန်ထွက်မလာကြဘူး”လို့ ဒေသခံ ဒီဇိုင်းယား မီရှီမို က ပြောပါတယ်။ 

သူတို့ သွားကူညီကြပြီး အလောင်းတွေပြန်ယူနိုင်အောင်လို့ မြေကြီးပျော့သွားအောင် မြစ်ထဲက ရေကို တိုက်ရိုက်သွယ်ပြီး တူးဖော်ရှာဖွေကြတယ်လို့လည်း ဆိုပါတယ်။ 

အခုအချိန်အထိ အလောင်း ၂၁ လောင်းကို ပြန်ရခဲ့ပြီး အမျိုးသမီး ၇ ဦးနဲ့ ကလေး ၁၄ လောင်း ပါဝင်ကြောင်းနဲ့ အဲဒီထဲမှာ ယောက်ျားလေး ၃ ယောက်နဲ့ ကျန်တာ မိန်းကလေးတွေချည်းပဲ လို့လည်း ဆိုပါတယ်။  သေဆုံးသူအရေအတွက်ကို သက်ဆိုင်ရာအာဏာပိုင်တွေက တရားဝင် မကြေညာရသေးပါဘူး။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ဘိုလိုဝါရွာမှာ မြေပြိုမှုနဲ့ ပတ်သက်လို့ ဒေသဆိုင်ရာ မီဒီယာ အစီရင်ခံချက်တွေနဲ့ ကိုက်ညီတဲ့ ဗီဒီယိုတွေမှာ မြင်တွေ့ရတဲ့ သစ်ပင်တွေနဲ့ အသီးအရွက်တွေရဲ့ တည်နေရာကို ရိုက်တာစ်ကနေ အတည်ပြုနိုင်ခဲ့ပါတယ်။ ဗီဒီယို ရိုက်ကူးတဲ့ရက်ကိုတော့ ရိုက်တာက သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

9 mins Ago

November 30, 2022

ဘရာဇီးတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် ကားလမ်းနှင့်ရထားလမ်းများ ပိတ်ဆို့

ဘရာဇီးနိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းအပြီး မြေပြိုမှုကြောင့် နိုင်ငံတွင်း ဆန်တင်ပို့မှု ဒုတိယအများဆုံးဖြစ်တဲ့ ဆိပ်ကမ်းဆီကို သွားတဲ့ကားလမ်းနဲ့ ရထားလမ်းတွေ ပိတ်ဆို့သွားတယ်လို့ ဘရာဇီးနိုင်ငံ ပါရာနာဂွါမြို့ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က နိုဝင်ဘာ ၂၉ ရက်မှာ ပြောခဲ့ပါတယ်။

သင်္ဘောတွေက ဆိပ်ကမ်းရဲ့ ကုန်လှောင်ရုံတွေမှာ သိုလှောင်ထားတဲ့ ကုန်ပစ္စည်းတွေကို ဆက်တင်ဆောင်နေလို့ တခြားဆိပ်ကမ်းတွေရဲ့ လည်ပတ်ဆောင်ရွက်မှုတွေက ပုံမှန်ပဲလို့ အာဏာပိုင်တွေက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကမ်းရိုးတန်းဆီ ဦးတည်သွားတဲ့ ကုန်တင်ကားတွေ စီးဆင်းမှု ပြတ်တောက်ပြီး ပါရာနာဂွါနဲ့ အန်တိုနီနာ  ဆိပ်ကမ်းတွေဆီ အဓိက ဝင်ရောက်တဲ့ လမ်းမကြီးကို လုံးဝပိတ်နေတာကို ဝေဟင် မှတ်တမ်းတွေအရ သိရပါတယ်။

ဘရာဇီး ဖက်ဒရယ်ရဲတပ်ဖွဲ့က ရိုက်ကူးထားတဲ့ တခြားဗွီဒီယိုတွေမှာ အနည်းဆုံး ထရပ်ကားသုံးစီး မြေပြင်မှာ နစ်မြုပ်နေပါတယ်။ ဆိပ်ကမ်းအာဏာပိုင်က အခြေအနေကို စောင့်ကြည့်နေပြီး လမ်းကို ရှင်းဖို့ အချိန်မသတ်မှတ်ထားဘူးလို့ ပြောခဲ့ပါတယ်။

4 months Ago
Up