ကချင်ပြည်နယ်၊ မိုးမောက်မြို့ နယ်မှာ ဇွန် ၅ ရက် ညနေပိုင်းက ဟင်းစားရှာသူ အမျိုးသားတဦး မိုင်းနင်းမိပြီး ညာခြေထောက်တဖက် ဖြတ်လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးမောက်မြို့နယ် လုံဂျာတောင်ပေါ်ကို မျှစ်ချိုးသွားတဲ ဦးအိုက်ခန့် ဆိုသူဟာ မြေမြှုပ်မိုင်းနင်းမိတဲ့အတွက် ညာခြေထောက်ဖြတ်လိုက်ရတာလို့ ဆိုပါတယ်။
“လုံဂျာတောင်မှာ ဟင်းစားတက်ရှာတာ မျှစ်ချိုးရင်း မိုင်းနင်းမိလို့ ညာဘက် ခြေထောက်ဖြတ်လိုက်ရတယ်။ ဘယ်အဖွဲ့ကထောင်တဲ့ မိုင်းလဲတော့ မပြောတတ်ဘူး။ ခု ဆေးရုံ တင်ထားတယ်” လို့ ဦးအိုက်ခန့် နဲ့ နီးစပ်သူ အမျိုးသားတဦးက ပြောပါတယ်။
လုံဂျာကျေးရွာနေ မိုင်းနင်းမိခဲ့တဲ့ ဦးအိုက်ခန့်ကို ဗန်းမော် မ.စ.ရ (၁၁) စစ်ဆေးရုံမှာ ဆေးကုသပေးနေတယ်လို့လည်း ဆိုပါတယ်။
မံစီမြို့နယ်မှာ ၂၀၂၁ သြဂုတ်လအတွင်းကလည်း ဟင်းစားရှာမျှစ်ချိုးတဲ့ အမျိုးသားတဦးနဲ့ ကျွဲကျောင်းတဲ့ လူငယ်တဦး မိုင်းနင်းမိလို့ သေဆုံးခဲ့ပါသေးတယ်။
ချင်းပြည်နယ် မင်းတပ်မြို့မှာ မြေမြှုပ်မိုင်းနင်းမိတာကြောင့် မိခင်သေဆုံးပြီး အသက် ၂ နှစ်အရွယ် သမီးဖြစ်သူ ခြေထောက်ပြတ်သွားတယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
ဒီဇင်ဘာ ၅ ရက် မွန်းလွဲပိုင်းက မင်းတပ်မြို့က မိသားတစု တောင်ယာလုပ်ပြီး အိမ်အပြန် အိမ်ရှေ့မှာ စစ်ကောင်စီက မြှုပ်ထားခဲ့တဲ့ မိုင်းနင်းမိခဲ့တယ်လို့ ဆိုပါတယ်။
မိခင်ဖြစ်သူ ပွဲချင်းပြီး သေဆုံးပြီး အသက် ၂ နှစ်လောက်အရွယ် သမီးဖြစ်သူက ညာခြေထောက်ပြတ်၊ ဦးခေါင်းဒဏ်ရာရတာက စိုးရိမ်စရာအခြေအနေဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
မိုင်းပေါက်ကွဲတာကြောင့် အနားမှာရှိတဲ့ အမျိုးသမီးတယောက်မှာလည်း ဒဏ်ရာနည်းနည်းရခဲ့တယ်လို့ ဆိုပါတယ်။
မြေမြှုပ်မိုင်းသုံးတာတွေကို ချက်ချင်းရပ်တန့်ရမှာဖြစ်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို မိုင်းအန္တရာယ် အသိပညာပေးတာတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ရရှိရေး၊ မပေါက်ကွဲသေးတဲ့ လက်နက်တွေ မိုင်းတွေကို ရှင်းလင်းဖို့၊ ပဋိပက္ခဖြစ်နေတဲ့ နေရာတွေက ကလေးငယ်တွေ ဘေးအန္တရာယ်ကင်းစေဖို့နဲ့ သူတို့ရဲ့ အကာအကွယ်ရပိုင်ခွင့်တွေကို ပံ့ပိုးပေးဖို့ အပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ်က တောင်းဆိုထားပါတယ်။