close

မြေမြှုပ်မိုင်း

close

March 16, 2023

ကျောက်မဲတွင် အရပ်သား ၂ ဦး မိုင်းနင်းမိပြီး ဒဏ်ရာရ

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ထဲက ခိုယောင်းကျေးရွာ၊ ကျင်တီချောင်းမှာ ငါးမျှားကြတဲ့ အမျိုးသား ၂ ဦး မတ်လ ၁၄ ရက် ညပိုင်းက မိုင်းနင်းမိတာကြောင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၂ ဦးစလုံး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ မြို့ခံပရဟိတအသင်းတွေဆီက သိရပါတယ်။

အဲ့ဒီည ၇ နာရီခွဲလောက်က ကျင်တီချောင်းအစပ်မှာ ပေါက်ကွဲသံကြားခဲ့ရပြီး လူထိခိုက်ဒဏ်ရာ ရရှိတာကြောင့် ဒေသခံတွေကနေ လူမှုကူညီရေးအသင်းတွေကို အကူအညီ တောင်းခဲ့တာပါ။

ပေါက်ကွဲမှုကနေ ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား ၂ ဦးဟာ အသက် ၂၀ အရွယ်နဲ့ ၂၈ နှစ် အရွယ်တို့ ဖြစ်ကြပြီး မိုင်းစတွေက မျက်နှာ၊ လက်ကောက်ဝတ်နဲ့ ခြေထောက်တွေကို ထိမှန်ခဲ့တဲ့ အမျိုးသားတဦးကတော့ ဒဏ်ရာပြင်းထန်တဲ့အပြင် ကျောက်မဲဆေးရုံမှာ အရိုးအကြော ခွဲစိတ်ကုဆရာဝန် မလုံလောက်တာကြောင့် လားရှိုးဆေးရုံကို ပြောင်းလဲကုသမှု ခံယူနေရတယ်လို့ သိရပြီး ဘယ်တပ်ဖွဲ့က မိုင်းလည်း မသိရသေးပါဘူးလို့ ဆိုပါတယ်။

“သူတို့က ငါးသွားရှာတာ၊ အဲ့မှာ အခန့်မသင့်ရင်းနဲ့ နင်းမိတာပေါ့။ လက်ကျန်မိုင်းလား ဒါမှမဟုတ် အရင်တိုက်ပွဲ‌တွေဖြစ်ပြီးမှ မကွဲတဲ့မိုင်းကို ဆွဲမိသလား၊ စနစ်တံဖြုတ်မိသလား၊ အဲ့လိုအပိုင်းတွေ ရှိတယ်ပေါ့။ တယောက်ကတော့ လက်မနဲ့ လက်ကောက်ဝတ်ကြား တော်တော်ထိသွားတယ်။ ခြေထောက်မှာလည်း ၁ လက်မလောက် ဗုံးဆန် နစ်ဝင်နေတယ်။ ထိတာကတော့ ခန္ဓာကိုယ်အနှံ့ပေါ့၊ သူ့ကိုတော့ လားရှိုးကို ပို့ပေးထားပါတယ်။ နောက်တယောက်ကတော့ ဒဏ်ရာသိပ်မရလို့ ကျောက်မဲမှာပါပဲ” လို့ ကျောက်မဲအခြေစိုက် လူမှုကူညီရေးအသင်းက ပြောပါတယ်။

မိုင်းပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ ၂၀၂၂ ခုနှစ်က RCSS နဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်မှာ တိုက်ပွဲငြိမ်နေပေမဲ့ လက်ကျန်မိုင်းတွေ ရှိနေနိုင်တယ်လို့ ဆိုပါတယ်။

မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ လူထိခိုက်ဒဏ်ရာရရှိတာတွေ ရှိနေပေမဲ့ စစ်ကောင်စီနဲ့ တခြားလက်နက်ကိုင်တပ်ဖွဲ့တွေက လာရောက်စစ်ဆေးမှုနဲ့ ကူညီဆောင်ရွက်ပေးတာတွေ မရှိတာကြောင့် ဒေသခံတွေက မြို့ခံပရဟိတအသင်းတွေကိုပဲ အားထားနေရပါတယ်။

၂၀၂၀ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း ကျောက်မဲမြို့နယ်ထဲမှာ မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့ဖြစ်စဉ် ၁၃ ကြိမ်ထက်မနည်း ရှိနေပြီလို့ မြိုခံလူမှုကူညီရေးအသင်းတွေရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

7 days Ago

February 26, 2023

မြန်မာဘက်သို့ နွားလာယူသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁ ဦး မြေမြှုပ်မိုင်းနင်းမိ

မြန်မာနယ်စပ်ခြံစည်းရိုးကို ကျော်ဖြတ်ပြီး နွားလာယူတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတဦး ဖေဖော်ဝါရီ ၂၅ ရက်က မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်တွေဆီက သိရပါတယ်။

ဒဏ်ရာရရှိသွားသူမှာ  အသက် ၂၅ နှစ် ဂူလန်အက္ကဘာ ဖြစ်ပြီး ဘယ်ဘက်ခြေကျင်းဝတ် နေရာအနှံ့ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တာကြောင့် အရေးပေါ်ဆေးကုသပေးပြီး ကော့ဇ်ဘဇားဆေးရုံကို ဆက်လက်ပို့ဆောင်ခဲ့တယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။

နယ်စပ်နေ ဒုက္ခသည်တဦးက "မြန်မာဘက်က နွားကုန်သည်တွေက ဘင်္ဂလာဒေ့ရှ်ဘက်က နွားကုန်သည်တွေနဲ့ ချိတ်ပြီး အမြဲတမ်း နွားခိုးသွင်းနေကြတာ။ မြန်မာဘက်က နယ်ခြားစောင့်နယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP) ကို ငွေပေးရသလို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ကိုလည်း ငွေပေးကြရတယ်။ အခု မိုင်းနင်းမိတာက နွားထိန်းတဲ့သူပါ။ နွားတွေကို သာမန်လူတွေ ထိန်းမရဘူး။ ကျွမ်းကျင်တဲ့သူမှ ထိန်းလို့ရတာ" လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လူဦးရေများပြီး အမဲသား လိုအပ်တာကြောင့် မြန်မာဘက်မှ နွားတွေကို ရခိုင်ပြည်နယ်မြေပုံ၊ မာန်အောင် စတဲ့ ဒေသတွေကနေ ရေတပ်ကို လာဘ်ငွေပေးကာ နွားမှောင်ခို စက်လှေတွေနဲ့ တင်ပို့လေ့ရှိပါတယ်။

ဒါ့အပြင် ဘူးသီးတောင်၊ မောင်တောဘက်ကလည်း ကုန်းကြောင်း နွားမှောင်ခိုလမ်းကြောင်းနဲ့ ဘင်္ဂလားဘက်ကို အမြဲတမ်းတင်ပို့လေ့ရှိတယ်လို့ ဒေသခံ ကုန်သည်တွေက ပြောပါတယ်။

4 weeks Ago
Up