close

မြေမြှုပ်သင်္ဂြိုဟ်

close

December 29, 2021

မိုဆိုကျေးရွာအနီး အစုအပြုံလိုက်မီးရှို့အသတ်ခံရသည့် ရုပ်လောင်း ၃၀ ကျော်ကို မြေမြှုပ်သင်္ဂြိုဟ်

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး ဒီဇင်ဘာ ၂၄ ရက်က အစုအပြုံလိုက် မီးရှို့ခံခဲ့ရသူ ၃၀ ကျော်ရဲ့ ရုပ်လောင်းတွေကို ဒီကနေ့ ဒီဇင်ဘာ ၂၉ ရက် မနက်ပိုင်းက ဒီးမော့ဆိုမြို့နယ်တနေရာမှာ မြေမြှုပ်သင်္ဂြိုဟ်ခဲ့ပါတယ်။

Save the Children ဝန်ထမ်း ၂ ဦး အပါအဝင် မီးရှို့ခံရသူ ၃၀ ကျော်ရဲ့ ကြွင်းကျန်ရုပ်လောင်းတွေအပါအဝင်  နယ်ခြားစောင့်တပ်က သတ်ဖြတ်ခံရတဲ့ တပ်သား ၄ ဦးရဲ့ ရုပ်လောင်းတွေကိုလည်း ဒီကနေ့ တပါတည်း သင်္ဂြိုဟ်ခဲ့တာလို့ သိရပါတယ်။

ရုပ်လောင်း ၂၇ လောင်းသာ ပြန်လည်ကောက်ယူနိုင်ပြီး နားကပ်တွေပါတဲ့အတွက် အမျိုးသမီးတွေ ပိုများနိုင်တယ်လို့ ရုပ်အလောင်းသွားကောက်ရာမှာ ပါဝင်တဲ့ တော်လှန်ရေးတပ်သားတဦး ပြောပြချက်အရ သိရပါတယ်။

မီးရှို့သတ်ဖြတ်ခံရသူ လူပေါင်း ၃၀ ကျော်မှာ  Save the Children က ဝန်ထမ်း ၂ ဦး၊ ကလေးငယ် ၄ ဦးနဲ့  အမျိုးသမီး ၂ ဦးလည်း ပါဝင်ကြောင်း UNICEF က ဒီဇင်ဘာ ၂၈ မှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လွိုင်ကော်မြို့ရှိ ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင် ဦးကျော်လွင်ထူးနဲ့ သူ့ဝန်ထမ်း ၇ ဦးလည်း ဘောခဲမြိုနယ်ကို စက်သုံးဆီ သွားရောက်ပို့ဆောင်စဉ် ပျောက်ဆုံးနေပြီး ဒီမီးရှို့ခံရမှုမှာ ပါဝင်နိုင်ကြောင်း ခန်းမှန်းပြောဆိုနေကြပါတယ်။

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ လက်အောက်ခံ ကရင်နီပြည်ရဲဌာန (KSP) ကတော့ ဖရူဆိုမြို့နယ် မိုဆိုရွာက အစုအပြုံလိုက် သတ်ဖြတ်မီးရှို့မှုကို အတိအကျစုံစမ်းနေပြီး တစ်ကမ္ဘာလုံးသိအောင် ဖော်ထုတ်သွားမယ်လို့ ပြောထားပါတယ်။

ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး အဆိုပါ မီးရှို့သတ်ဖြတ်မှုဖြစ်စဉ်နဲ့  ပတ်သက်ပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက ရှုတ်ချကန့်ကွက်ထားကြပြီး ကျူးလွန်သူကို  စုံစမ်းစစ်ဆေး အရေးယူဖို့ တောင်းဆိုနေကြပါတယ်။

12 mins Ago

November 27, 2020

မာရာဒိုနာ၏အလောင်းကို သီးသန့်အခမ်းအနားဖြင့် မြေမြှုပ်သင်္ဂြိုဟ်

ဂန္တဝင်ဘောလုံးသမားကြီး ဒီယေဂို-မာရာဒိုနာရဲ့ ရုပ်အလောင်းကို နိုဝင်ဘာ ၂၇ ရက သီးသန့်အခမ်းအနားနဲ့ မြေမြှုပ်သင်္ဂြိုဟ်ခဲ့ပါတယ်။  နိုဝင်ဘာ ၂၆ ရက်ကပြုလုပ်တဲ့  မာရာဒိုနာရဲ့ နောက်ဆုံးဈာပနအခမ်းအနားကို မိသားစု၊ ဆွေးမျိုး မိသင်္ဂဟ နှစ်ဒါဇင်လောက်သာ တက်ရောက်ခဲ့ပါတယ်။  ဒါပေမဲ့ အစောပိုင်းမှာတော့ ဧရာမလူအုပ်ကြီးက တန်းစီပြီး မာရာဒိုနာရဲ့ ခေါင်းတလားကို နောက်ဆုံးအကြိမ် ဂါရ၀ပြုခဲ့ကြပါတယ်။  အာဂျင်တီးနား ဘောလုံးလက်ရွေးစင်ဟောင်း မာရာဒိုနာဟာ နိုဝင်ဘာ ၂၅ ရက်က အသက် ၆၀ အရွယ်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။  မာရာဒိုနာသေဆုံးမှုကြောင့် ကမ္ဘာနဲ့အဝှမ်း ဝမ်းနည်းပူဆွေးခဲ့ကြပေမဲ့ သူ့ကို အမျိုးသား သူရဲကောင်းအဖြစ် ရှုမြင်တဲ့ မိခင်နိုင်ငံမှာတော့ ကြေကွဲဝမ်းနည်းမှု အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။   ဘောလုံးသူရဲကောင်း မာရာဒိုနာကို လာရောက်ဂါရဝပြုတဲ့ လူတန်းကြီးဟာ မွန်းလွဲပိုင်းမှာ တော့ တစ်ကီလိုမီတာကျော်အထိ ရှည်ခဲ့ပါတယ်။   နောက်ပြီး သတ်မှတ်ချိန်ထက်စောပြီး မြေမြှုပ်ဖို့  ပရိသတ်ဂါရဝပြုချိန်ကို လျှော့ချခဲ့တာကို အကြောင်းပြုလို့ ပရိသတ်တွေနဲ့ ရဲတပ်ဖွဲ့အကြား  ပဋိပက္ခပေါ်ပေါက်ခဲ့ပါတယ်။  ဒီပဋိပက္ခမှာ မျက်ရည်ယိုဓာတ်ငွေ့နဲ့ ရာဘာကျည် အသုံးပြုခဲ့တာကိုလည်း မြင်တွေ့ခဲ့ရ ပါတယ်။ 
1 year Ago
Up