ကချင်ပြည်နယ်၊ မံစီမြို့နယ် ကေအိုင်အေ ထိန်းချုပ်ရာဒေသ ဒိန်ဆိန်းပါဒေသမှာ မြေရှား သတ္တုတူးဖော်မှုတွေကို ပိတ်သိမ်းလိုက်ပေမဲ့ အင်ခေါင်းပါဒေသက မြေရှားတူးဖော်မှုတွေကိုတော့ ပိတ်သိမ်းလိုက်တာမရှိပဲ ဆက်လက်ပြီး တူးဖော်နေကြတယ်လို့ ဒေသခံထံက သိရပါတယ်။
ဒါ့အပြင် အင်ခေါင်းပါဒေသမှာ မြေရှားသတ္တု တူးဖော်ဖို့အတွက် စမ်းသပ်ထားတဲ့ နေရာတွေလည်း ၇ နေရာဝန်းကျင် ထပ်ရှိနေတယ်လို့ အင်ဘာပါဒေသက ဒေသခံတစ်ဦးက ပြောပါတယ်။
“ကျနော်တို့ အင်ခေါင်းပါကဆက်ပြီးတူးနေတုန်းပဲ၊ ဒိန်းဆိန်းဘက်က ညီညီညွတ်ညွတ်နဲ့ ပိတ်သိမ်းလိုက်နိုင်ပေမဲ့ ကျနော်တို့က အဲလို မလုပ်နိင်သေးဘူး။ ဆက်တူးနေကြတုန်းပဲ တူးနေတဲ့အပြင်ဆက်ပြီး တူးဖို့ စမ်းသပ်ထားတဲ့ နေရာလည်း ၇ နေရာလောက်ထပ်ရှိနေသေးတယ်၊ တချို့က စတောင်တူးတော့မယ်။
အင်ခေါင်းပါဒေသမှာ ကောင်ရာဇွပ်၊ ဘလောင်ကောင်၊ ခင်ဒစ်၊ ခိုင်ဘန်၊ လွယ်လုံ၊ မုန်ခါပါစတဲ့ ကျေးရွာပတ်ဝန်းကျင်တွေမှာ တူးဖော်နေကြတာ ဖြစ်ပါတယ်။
မြေရှားသတ္တုတူးဖော်မှုတွေကြောင့် ထွက်ရှိလာတဲ့ စွန့်ပစ်ရည်တွေကလည်း ချောင်းတွေထဲ စီးဝင်တာကြောင့် ငါးတွေ သေကျေပျက်စီးကုန်တာရှိသလို၊ စွန့်ပစ်ရည်တွေ ပျော်ဝင်နေတဲ့ ရေကို သောက်သုံးမိတဲ့ ကျွဲ၊ နွားတွေကလည်း ကျန်းမာရေး ထိခိုက်နေပြီး ဒေသခံတွေက ချောင်းရေတွေကို သုံးစွဲမိရင် အရေပြားယားယံတာတွေ၊ အပူလောင်သလိုဖြစ်တာတွေကို ခံစားနေရတယ်လို့ အင်ခေါင်းပါကျေးရွာက ဒေသခံတစ်ဦးက ပြောပါတယ်။
အင်ခေါင်းပါဒေသက ပြည်သူတွေက မြေရှားတူးဖော်မှုကို ပိတ်သိမ်းချင်ပေမဲ့ ကျေးရွာလူကြီးတွေနဲ့ ဘာသာရေးခေါင်းဆောင် တတချို့က မြေရှားတူးဖော်မှုမှာ ပါဝင်ပတ်သက်နေတာကြောင့် ပိတ်သိမ်းဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ သိရပါတယ်။
ဒိန်ဆိန်းပါဒေသမှာတော့ မြေရှား သတ္တုတူးဖော်မှုတွေကို ဒေသခံပြည်သူတွေ ကန့်ကွက်တားဆီးမှုတွေကြောင့် ဧပြီ ၁၅ ရက်နေ့ မိုင်ဂျာယန်မှာ ဗိုလ်ချုပ်ကြီးအင်ဘန်လနဲ့ ဒိန်ဆိန်းပါဒေသက ပြည်သူတွေ တွေ့ဆုံခဲ့ပြီးနောက် ပိတ်ပင်လိုက်တာကြောင့် မြေရှားတူးဖော်တဲ့ ကုမ္ပဏီတွေ စတင်ထွက်ခွာနေပါတယ်။
မြေရှားတူးဖော်မှုပိတ်သိမ်းတာကြောင့် မြေရှားတူးဖော်မှုကုမ္ပဏီတွေဟာ ဧပြီ ၁၇ ရက်နေ့ ကနေစတင်ထွင်ခွာနေတာလို့ ဒေသခံတဦးက ပြောပါတယ်။
“ပစ္စည်းတွေ သယ်ထုတ်နေတာတော့ ၁၇ ရက်နေ့ လောက်ကနေ စတင်ပြီး သယ်နေကြတာတွေ့တယ်။ တချို့ကုမ္ပဏီတွေက ခေါင်းဆောင်ကြီးနဲ့ မတွေ့ခင်ကတည်းကနေ ပစ္စည်းတွေ သိမ်းနေတာတွေတော့ ရှိတယ်။ အဲဒီရက်တွေကနေ ကုမ္ပဏီတွေက သိမ်းနေပြီ၊ ကုမ္ပဏီတွေ သိမ်းကုန်တာ သေချာပြီ” လို့ ပြောပါတယ်။
ဒိန်ဆိန်းပါဒေသခံတွေက မြေရှားတူးဖော်မှုကို ဒေသက ပြည်သူတွေ ညီညွတ်စွာ တားဆီးနိုင်တာကြောင့် မေလ ၃ ရက်နေ့မှာ စုပေါင်းပြီး ကျေးဇူးတင် ဆုတောင်းတဲ့ အစီစဉ်တွေ ပြုလုပ်သွားဖို့ ရှိပါတယ်။
မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်ထဲမှာ ဓာတုဗေဒဆေးဝါးတွေသုံးပြီး မြေရှားသတ္တုတူးဖော်နေတဲ့ သတ္တုတွင်းပေါင်း ၂၇၀၀ ကျော်ရှိနေပြီး ဓာတုဗေဒဆေးဝါးတွေကြောင့် မြန်မာ့ရေအရင်းအမြစ်ကို ညစ်ညမ်းစေကာ ဘေးထွက်ဆိုးကျိုးအန္တရာယ်တွေရှိနေတယ်လို့ Oilprice.com သတင်းမှာ ဖော်ပြပါတယ်။
တရုတ်၊ မြန်မာနယ်စပ်တလျှောက်မှာ မြေရှားသတ္တုမိုင်းတွေ မှိုလိုပေါက်လာခဲ့တာကို တွေ့ရကြောင်းနဲ့ အဲဒီမြေရှားသတ္တုမိုင်းတွေကြောင့် ဒေသတွင်းစီးပွားရေးစနစ်နဲ့ မြန်မာနိုင်ငံသားတွေအတွက် ပြဿနာတွေရှိစေခဲ့တယ်လို့ အစီရင်ခံစာတစ်ခုကို ကိုးကားပြီး သတင်းမှာရေးသားဖော်ပြပါတယ်။
မြန်မာနိုင်ငံက အဲဒီမိုင်းတွင်းတွေမှာ မြေရှားသတ္တုတူးဖော်ရေးအတွက် ကျောက်တောင်တွေကို စက်နဲ့ဖောက်ပြီး ဓာတုဗေဒဆေးတွေကို အဲဒီအပေါ်ကတွေကနေ ထိုးထည့်လေ့ရှိပါတယ်။ အဲဒီနောက် မြေသားကျောက်သားရောနေရာကနေ မြေရှားသတ္တုခွဲထုတ်ရာမှာ ဓာတုဗေဒဆေးတွေက လွယ်ကူစေတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေအတွက် အဲဒီဓာတုဗေဒဆေးတွေကို ဘယ်နေရာမှာ ဘယ်လို၊ ဘယ်လောက် အသုံးပြုရမယ်လို့ သတ်မှတ်ထားတဲ့ ဥပဒေတွေတော့ ရှိမနေပါဘူး။
ဓာတုဆေးဝါးတွေ အသုံးပြုရာမှာ စနစ်တကျ ထိန်းထိန်းသိမ်းသိမ်းမရှိတာကြောင့် ဓာတုဗေဒဆေးဝါးတွေက မြေကြီးထဲကိုစိမ့်ဝင်သွားပြီး မြန်မာ့ရေအရင်းအမြစ်ကို ညစ်ညမ်းစေပါတယ်။
မြေရှားသတ္တုတူးဖော်ရေးမိုင်းတွေဟာ မြန်မာနိုင်ငံရဲ့ အဓိကရေအရင်းအမြစ်ဖြစ်တဲ့ မလိခမြစ်နဲ့ အန်မိုင်ခမြစ်တစ်လျှောက်မှာရှိကြတာဖြစ်တာကြောင့် ဓာတုဗေဒဆေးတွေ မြစ်တလျှောက်စီးပါသွားနိုင်ပြီး အဲဒီရေကို သောက်မိတဲ့ သူတွေဟာ ဓာတုဗေဒဆေးဝါးတွေရဲ့ သေစေလောက်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ အဲဒီလိုနည်းနဲ့ သတ္တုတူးဖော်တဲ့ လုပ်ငန်းတွေဟာ တရားမဝင်လုပ်ငန်းတွေသာဖြစ်ပေမဲ့ တောင်ထူထပ်ရာဒေသတွေမှာ ပိုပိုပြီးနယ်ချဲ့ကာ လုပ်ကိုင်နေကြပါတယ်။
အခုနှစ်ပိုင်းတွေအတွင်း တရုတ်ကနေတင်ပို့တဲ့ မြေရှားသတ္တုအမြောက်အမြားဟာ မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်မှာ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
အဲဒီမိုင်းတွင်းတွေဟာ မြန်မာနိုင်ငံရဲ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ကာကွယ်မှုကို ရနေတာ၊ ဒေသခံတွေဟာ သူတို့ရဲ့ဘဝနေရေးထိုင်ရေးနဲ့ မိသားစုထောက်ပံ့ရေးတို့အတွက် အဲဒီမိုင်းတွင်းတွေမှာ လုပ်ကိုင်နေရတာတွေကြောင့် အဲဒီမိုင်းတွင်းတွေကို တားဆီး ဖို့ခက်ခဲနေပါတယ်။
မိုင်းတွင်းတွေမှာလုပ်ကိုင်နေကြသူတွေဟာလည်း သာမန်ဝန်ထမ်းတွေထက် ဝင်ငွေနှစ်ဆလောက် ရကြတာကြောင့် သူတို့အတွက် အခွင့်အရေးတစ်ခုလို သတ်မှတ်ပြီး လက်မလွှတ်နိုင်ကြပါဘူး။
ပြီးခဲ့တဲ့လအတွက် သတ္တုတူးဖော်ရေးအညွှန်းကိန်းထုတ်ပြန်ရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ကမ္ဘာ့နိုင်ငံအသီးသီးဟာ တရုတ်ကတင်ပို့တဲ့ မြေရှားသတ္တုတွေကို အစားထိုးဝယ်ယူနိုင်ဖို့ ရှာဖွေနေကြတယ်လို့ ဆိုပါတယ်။
လက်ရှိဖြစ်ပျက်နေတဲ့ အိမ်၊ ခြံ၊ မြေ ဈေးကွက်ပြဿနာတွေနဲ့ စက်မှုလုပ်ငန်းတွေရဲ့ ထုတ်လုပ်နိုင်စွမ်း ကန့်သတ်ချက်တွေကြောင့် တရုတ်နိုင်ငံရဲ့ မြေရှားသတ္တုထုတ်လုပ်ရေးကို ထိခိုက်စေခဲ့ပါတယ်။
ထုတ်လုပ်တင်ပို့ရေး ပြဿနာကြောင့်သာမဟုတ်ဘဲ နိုင်ငံအတော်များများက တရုတ်နိုင်ငံကတင်ပို့တဲ့ မြေရှားသတ္တုတွေအပေါ် မီခိုနေရတာကိုဖြတ်တောက်ပစ်ချင်ကြတယ်လို့ ဆိုပါတယ်။
အာဖရိကမှာဆိုရင် တစ်တိုက်လုံးက နိုင်ငံအနှံ့မှာ မြေရှားသတ္တုတွေ အမြောက်အမြားရှိနေပါတယ်။ တန်ဇန်နီးယားနဲ့ တောင်အာဖရိက နှစ်နိုင်ငံတည်းမှာတင် မတူးဖော်ဘဲအရန်သိမ်းဆည်းထားတဲ့ မြေရှားသတ္တုအမျိုးမျိုး တန်ချိန်ပေါင်း ၁ ဒသမ ၇ သန်းရှိနေတယ်လို့ ဆိုပါတယ်။
အဲဒီမြေရှားသတ္တုတွေထဲမှာ အခုချိန်ထိဝယ်လိုအားမြင့်နေဆဲဖြစ်တဲ့ cobalt သတ္တုလည်း အပါအဝင်ဖြစ်ပါတာကြောင့် အာဖရိကရဲ့ မြေရှားသတ္တုထုတ်လုပ်ရေးကို တရုတ်က မျက်စိကျလာခဲ့ပါတယ်။
သဘာဝပတ်ဝန်းကျင်မထိခိုက်စေတဲ့ သန့်ရှင်းစွမ်းအင်အသုံးပြုရေးကို တကမ္ဘာလုံးက ဝိုင်းဝန်တိုက်တွန်းနေကြတာကြောင့် ဘက်ထရီတွေမှာ အသုံးပြုတဲ့ မြေရှားသတ္တုတွေရဲ့ ဝယ်လိုအား မြင့်တက်နေဆဲဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာလည်း မြေရှားသတ္တုတူးဖော်တဲ့ မိုင်းတွင်းတွေ အမြောက်အမြားရှိနေပြီးသားဖြစ်ပေမဲ့ နိုင်ငံအရှေ့မြောက်ပိုင်းက မြေရှားသတ္တုမိုင်းတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသားတွေမှာ စိုးရိမ်မှုတွေရှိနေပါတယ်။
မည်သို့ပင်ဆိုစေကာမူ မြေရှားသတ္တုတွေကို အခုလိုဓာတုဗေဒဆေးဝါးတွေသုံးကာ တူးဖော်နေကြတာဟာ ရေရှည်မှာတော့ တခုထက်မကတဲ့ မကောင်းတဲ့အကျိုးဆက်တွေရ ရှိလာကြတော့မှာ အသေအချာပဲဖြစ်ပါတယ်။
Photo-Oilprice