မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျွန်အန်းဟာ မြို့တော် ပြုံယမ်းက ဟွာဆောင်ခရိုင်ထဲမှာ အသစ်တည်ဆောက်ထားတဲ့ ခေတ်မီတိုက်ခန်းသစ်ပေါင်းတသောင်း ပြီးစီးတဲ့ အခမ်းအနားသို့ တက်ရောက်ခဲ့တယ်လို့ အစိုးရပိုင်ရုပ်မြင်သံကြား KRT က ဧပြီ ၁၇ ရက်မှာ ထုတ်လွှင့်ခဲ့ပါတယ်။
နိုင်ငံပိုင်မီဒီယာက “လူထုပျော်ရွှင်မှု အပြည့်ရှိတဲ့ ဆိုရှယ်လစ်စနစ်ရဲ့ နောက်ထပ်ဇိမ်ခံလမ်း” အဖြစ် ဖော်ပြထားတဲ့ နောက်ထပ်အိမ်ရာစီမံကိန်းတစ်ခုကို ကင်ဂျုံအွန်က ဖေဖော်ဝါရီလမှာ စတင်အကောင်အထည်ဖော်ပြီးတဲ့နောက် နှစ်လအကြာမှာ မှတ်တိုင်တစ်ခု ဖြစ်လာပါတယ်။
၂၀၂၁ ခုနှစ်က မြောက်ကိုရီးယားဟာမြို့တော်ထဲမှာ ၅ နှစ်တာကာလအတွင်း တိုက်ခန်းအသစ် ၅၀,၀၀၀ ဆောက်လုပ်ဖို့ အစီအစဉ်ရှိတယ်လို့ ကြေညာခဲ့ပါတယ်။
အဲဒီအချိန်ကစပြီး မြောက်ကိုရီးယားဟာ အစားအစာပြတ်လပ်မှု သံသယရှိ နေချိန်မှာပဲ ဆောက်လုပ်ရေး စီမံကိန်းတွေကို ဆက်လက်လုပ်ဆောင်နေဆဲလို့ မြောက်ကိုရီးယားက ပြောခဲ့ပါတယ်။
အိမ်ရာစီမံကိန်းဟာ ကိုရီးယား အလုပ်သမားပါတီနဲ့ ပြည်နယ်တို့ရဲ့ ထိပ်တန်းဦးစားပေးအစီအစဉ်တစ်ခုအဖြစ် နှစ်ရှည်လများ မြတ်နိုးခဲ့တဲ့ အစီအစဉ်ဖြစ်ပြီး ပြုံးယမ်းကို ကမ္ဘာကျော်မြို့အဖြစ် ထူထောင်ဖို့သူ့စိတ်ကူးကို ကင်မ်က ထပ်မံအတည်ပြုခဲ့တယ်လို့ KCNA သတင်းဌာနက ထုတ်လွှင့်သွားပါတယ်။.
တရုတ်နှစ်သစ်ကူး ပထမဆုံးနေ့မှာ မြောက်ကိုရီးယားနိုင်ငံသားတွေက ကွယ်လွန်သူ ခေါင်းဆောင်ကြီးတွေရဲ့ ရုပ်တုရှေ့မှာ ပန်းစည်းတွေချပြီး ဂါရဝပြုခဲ့ကြတယ်လို့ ဇန်နဝါရီ ၂၂ ရက်က နိုင်ငံပိုင်မီဒီယာမှာ သတင်းဖော်ပြခဲ့ပါတယ်။
မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းအေဂျင်စီ KCNA က ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းထဲမှာ မန်ဆူတောင်ကုန်းပေါ်က မြောက်ကိုရီးယားခေါင်းဆောင်ဟောင်းတွေ ဖြစ်ကြတဲ့ ကင်မ်အီဆွန်းနဲ့ ကင်မ်ဂျုံအီးလ်တို့ရဲ့ ရုပ်တုရှေ့မှာ ပြုံယမ်းမြို့ခံတွေ၊ တာဝန်ရှိသူတွေနဲ့ စစ်သားတွေက ပန်းစည်းတွေချရင်း ဦးညွှတ် ဂါရဝပြုနေကြတာကို တွေ့ရပါတယ်။
မြောက်ကိုရီးယားအလံတွေ အပါအဝင် ဝါဒဖြန့်ပိုစတာတွေနဲ့ အလှဆင်ထားတဲ့ လမ်းတွေပေါ်မှာ ပြုံယမ်းမြို့ခံတွေက နှာခေါင်းစည်းအကာအကွယ်တွေနဲ့ သွားလာ လှုပ်ရှားနေကြတာကိုလည်း ဗီဒီယိုထဲမှာ တွေ့ရပါတယ်။
၂၀၂၂ ခုနှစ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် အဆိုးရွားဆုံး အခြေအနေနဲ့ ကြုံခဲ့ရပေမဲ့ စက်မှုဆိုင်ရာ ထုတ်လုပ်မှုလုပ်ငန်းတွေ ပုံမှန်အတိုင်း ပြန်ဖြစ်စေဖို့နဲ့ စီးပွားရေးဆိုင်ရာ ရည်မှန်းချက်တွေ ဒီနှစ်မှာ ပြည့်မီနိုင်ဖို့အတွက် လျာထားတဲ့ အစီအစဉ်တွေကို မြောက်ကိုရီးယားလွှတ်တော်မှာ ဒီတပတ်အစောပိုင်းတုန်းက အနှစ်ချုပ် ဖော်ပြခဲ့ပါတယ်။