close

မြောက်ကိုရီးယား ဒရုန်း

close

December 27, 2022

မြောက်ကိုရီးယား ဒရုန်းများ တောင်ကိုရီးယားနိုင်ငံထဲ ဝင်ရောက်

မြောက်ကိုရီးယားရဲ့ ဒရုန်းယာဉ်ငါးစင်းဟာ ဒီဇင်ဘာ ၂၆ ရက်မှာ တောင်ကိုရီးယားနိုင်ငံထဲ ဖြတ်ကျော်ဝင်ရောက်ခဲ့လို့ ဂျက်လေယာဉ်တွေနဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေက တုံ့ပြန်ပစ်ချဖို့ ကြိုးစားခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

အဲဒီနောက်ပိုင်း ဂင်မ်ပိုမြို့ရဲ့ ကောင်းကင်ယံမှာ ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၂၅ မိနစ် လောက်မှာ မြောက်ကိုရီးယား ဒရုမ်းယာဉ်တွေကို ထောက်လှမ်းမိပြီးတဲ့နောက် နှစ်နိုင်ငံကြား စစ်ဘက်ဆိုင်ရာ နယ်နိမိတ်မျဉ်းလို့ လူသိများတဲ့ မျဉ်းကနေ ဖြတ်ပျံသွားတဲ့ မြောက်ကိုရီးယား ဒရုန်းတွေကို တောင်ကိုရီးယားက ခြေရာခံခဲ့တယ်လို့ စစ်တပ်က ပြောပါတယ်။

မြောက်ကိုရီးယား မောင်းသူမဲ့ ဒရုန်းယာဉ်တွေ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာတာဟာ ရန်စတဲ့ လုပ်ရပ်လို့ တောင်ကိုရီးယား စစ်ဘက်အရာရှိ တစ်ဦးက ပြောပါတယ်။ 

တစိတ်တပိုင်း တုန့်ပြန်တဲ့အနေနဲ့ တောင်ကိုရီးယားစစ်တပ်ဟာ မြောက်ကိုရီးယားရဲ့ စစ်စခန်း အဆောက်အအုံတွေကို ဓာတ်ပုံရိုက်ဖို့ မြောက်ကိုရီးယားဆီ ထောက်လှမ်းရေး လေယာဉ်ကို စေလွှတ်ခဲ့တယ်လို့ အဲဒီအရာရှိက ဆက်ပြောပါတယ်။

ဒရုန်းတွေ ပစ်ချခံရခြင်း ရှိ၊ မရှိ မပြောခဲ့ပါဘူး။ တောင်ကိုရီးယားစစ်တပ်က အကြိမ် ၁၀၀ လောက် ပစ်ခတ်ခဲ့ ပေမဲ့ ပစ်မချခဲ့ဘူးလို့ Yonhap သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 

အင်ချွန်းနဲ့ ဂင်မ်ပိုလေဆိပ်တွေကနေ ထွက်ခွာမယ့် လေကြောင်း ခရီးစဉ်တွေကို စစ်တပ်ရဲ့ တောင်းဆိုချက်အရ တစ်နာရီလောက် ဆိုင်းငံ့ထားခဲ့တယ်လို့ တောင်ကိုရီးယား သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက အစောပိုင်းမှာ ပြောပါတယ်။

မောင်းသူမဲ့ ဒရုန်းယာဉ်တွေကို တန်ပြန်ဖို့ ကြိုးပမ်းနေတုန်း တောင်ကိုရီးယား KA-1 အပေါ့စား တိုက်ခိုက်ရေးလေယာဉ်ဟာ နိုင်ငံရဲ့အရှေ့ဘက်က ဝန်ဂျူးအခြေစိုက်စခန်းကနေ ထွက်ခွာပြီးတဲ့ နောက် မကြာမီ ပျက်ကျခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက အရာရှိတစ်ဦးက ပြောပါတယ်။

လေယာဉ်မှူးနှစ်ဦးဟာ လေယာဉ်ပျက်မကျခင် လွတ်မြောက်ခဲ့ပြီး ခုတော့ ဆေးရုံပေါ်မှာ ရှိနေခဲ့ပါတယ်။

11 mins Ago
Up