close

မြောက်ဒဂုံ

close

May 11, 2023

မြောက်ဒဂုံတွင် အမျိုးသမီး ၁ ဦး အသတ်ခံရပြီး ကျပ်သိန်း ၅၀၀ ကျော် ပျောက်ဆုံး

ရန်ကုန်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၄ဝ ရပ်ကွက်၊ သိန္ဒီလမ်းရှိ နေအိမ်တအိမ်မှာ မေ ၁၀ ရက် ညနေပိုင်းက အမျိုးသမီး ၁ ဦး အသတ်ခံရပြီး ကျပ်သိန်း ၅၀၀ ကျော် ပျောက်ဆုံးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အဲ့ဒီညနေ ၅ နာရီလောက်က အခင်းဖြစ်ပွားရာနေအိမ်ကို အိမ်ရှင်အမျိုးသားဖြစ်သူ အိမ်ပြန်ရောက်လာချိန် နေအိမ်တံခါးဝမှာ သူ့ရဲ့ဇနီးဖြစ်သူ သွေးအိုင်ထဲ လဲကျနေတာကို တွေ့ရပြီး ရပ်ကွက်ရဲစခန်းကို အကြောင်းကြားခဲ့တာပါ။

အဆိုပါအိမ်မှာ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်တဲ့ အမျိုးသား၊ ဇနီးဖြစ်သူနဲ့ အသက် ၂ နှစ်အရွယ်‌ သားလေး ၁ ဦးနဲ့ အသက် ၂၀ အရွယ် အိမ်အကူ အမျိုးသမီး ၂ ဦး အတူနေထိုင်တာ ဖြစ်ပြီး အိမ်ရှင်အမျိုးသမီး သေဆုံးချိန်မှာ အိမ်အကူအမျိုးသမီး ၂ ဦးကို မတွေ့ရတော့ဘူးလို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

ရပ်ကွက်နေသူတဦးက “သေသွားတဲ့အစ်မက ဆံပင်ကုပ်ဝဲ၊ အသားညိုညို၊ ပိန်ပိန်ပါးပါး၊ ပုတယ်၊ လူကောင်က သေးသေးလေး။ သူတို့က ဒီကိုပြောင်းလာတာ ၁ နှစ်၊ ၂ နှစ်လောက်ပဲ ရှိဦးမယ်။ သိရသလောက်‌တော့ အိမ်ဖော်တွေကလည်း အသစ်ပဲ၊ ခေါ်ထားတာ ၁ လလောက်ပဲ ရှိဦးမယ် ထင်တယ်။ အိမ်ဖော်နှစ်ယောက်စလုံးက လူငယ်တွေပဲ။ သေသွားတဲ့အစ်မ အမျိုးသားက ဆောက်လုပ်ရေးလုပ်တာ။ အလုပ်ကပြန်လာတော့ တံခါးဖွင့်လိုက်တာ အဲ့အစ်မက သွေးအိုင်ထဲ လဲနေတာ။ အဲ့အစ်ကိုက ရပ်ကွက်ရုံးကို လှမ်းခေါ်လိုက်တာ။ အိမ်ဖော်တွေကလည်း ပျောက်နေတော့ အိမ်ဖော်တွေလုပ်တာလို့ပဲ လမ်းထဲက ပြောကြတယ်။ ညနေပိုင်း မိုးရွာတဲ့အချိန်လောက် ဖြစ်သွားတော့ မကြားလိုက်ကြဘူး” လို့ ပြောပါတယ်။

စစ်ဆေးချက်အရ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးဟာ အုတ်နီခဲနဲ့ အထုခံထားရလို့ ဦးခေါင်းကွဲအက်ဒဏ်ရာနဲ့ သေဆုံးနေပြီး နေအိမ်အတွင်း သိမ်းဆည်းထားတဲ့ ငွေကျပ် သိန်း ၅၀၀ ကျော် ပျောက်ဆုံးနေပါတယ်။

ရန်ကုန်အခြေစိုက် ကယ်ဆယ်ရေးအသင်း တာဝန်ခံတဦးက  “အသက်က ၃၂ နှစ်၊ အမျိုးသမီး အလောင်းကို ကြက်ခြေနီအသင်းကားနဲ့ ခေါ်သွားတာပါ။ မေဓာဝီဆေးရုံကိုပါ။ ကလေးက‌တော့ ဘာမှမဖြစ်ပါဘူး။ ကြားရတာတော့ အိမ်ဖော်နှစ်ယောက်က အုတ်ခဲနဲ့ ထုသတ်သွားတာ၊ သိန်း ၅၀၀ လောက် ပါသွားတယ်” လို့ ပြောပါတယ်။

သေဆုံးသူ ရုပ်အလောင်းကို မြောက်ဥက္ကလာပ မေဓာဝီဆေးရုံ ရင်ခွဲရုံ ပို့ဆောင်ထားတယ်လို့ သိရပြီး လူသတ်မှုနဲ့ ငွေကြေးပျောက်ဆုံးမှုအတွက် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ရဲစခန်းက စုံစမ်းစစ်ဆေးနေပါတယ်။

15 mins Ago

April 27, 2023

မြောက်ဒဂုံတွင် ကား ၂ စီး တိုက်မိပြီး လူ ၃ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၃၈ ရပ်ကွက်၊ ပြည်ထောင်စုလမ်းမ၊ ကုန်ပဒေသာမှတ်တိုင်အနီးမှာ ဧပြီ ၂၆ ရက် ညပိုင်းက တွဲကားကို ကားတစီးက ဝင်တိုက်မိပြီး လူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။

ဧပြီ ၂၆ ရက်၊ ည ၁၀ နာရီလောက်က ၇/၈ လမ်းဆုံဘက်ကနေ မောင်းလာတဲ့ ISUZU NHR အမျိုးအစားကားဟာ ကုန်ပဒေသာမှတ်တိုင်အနီး အရောက်မှာ ရပ်ထားတဲ့တွဲကားကို အနောက်က ဝင်တိုက်ခဲ့တာပါ။

ကယ်ဆယ်ရေးအသင်းတာဝန်ရှိသူတဦးက “တွဲကားက ညပိုင်း ကားရပ်ထားတာ၊ ဒိုင်နာက ဝင်တိုက်မိတာ။ အရှိန်နဲ့ဆိုတော့ ကားက ခေါင်းခန်းကြေသွားတယ်။ တောင်ဒဂုံဘက်က မောင်းလာတာလို့ ပြောတယ်။ ၂ ဦးကတော့ ပွန်းပဲ့ပြတ်ရှ ဒဏ်ရာပါ၊ တဦးက အရိုးထိ၊ သွေးထွက်များတယ်။ မေဓာဝီဆေးရုံကြီး ပို့ထားပါတယ်” လို့ ပြောပါတယ်။

ယာဉ်တိုက်မှုအရှိန်ကြောင့် ISUZU ကားဟာ ခေါင်းခန်းတခြမ်းလုံး ပျက်စီးကာ ဘေးတစောင်းလဲသွားပြီး ကားခေါင်းခန်းမှာရှိတဲ့ အသက် ၄၀ အရွယ် အမျိုးသား ၁ ဦးမှာ စိုးရိမ်ရဒဏ်ရာ၊ အမျိုးသား ၂ ဦးမှာ ခြေလက်ပွန်းပဲ့ ပြတ်ရှဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)နဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ စက်မှုဇုန်ကို အဓိက ချိတ်ဆက်ထားတဲ့ ပြည်ထောင်စုလမ်းမကြီးမှာ ကုန်တင်ကားတွေ‌က ညပိုင်း လမ်းဘေးရပ်ထားလေ့ရှိတာကြောင့် ကုန်တင်တွဲကားတွေနဲ့ အိမ်စီးကား၊ လုပ်ငန်းသုံးကားတွေ မကြာခဏ တိုက်မိပြီး ယာဉ်မတော်တဆဖြစ်မှုအတွင်း ထိခိုက်ဒဏ်ရာ ရရှိတာနဲ့ အသက်သေဆုံးမှုအထိ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ်အတွင်း ဧပြီ ၂၆ ရက်အထိ ပြည်ထောင်စုလမ်းမပေါ်မှာ ယာဉ်မတော်တဆမှု ၆ ကြိမ်ထက်မနည်း ဖြစ်ပေါ်ခဲ့ပြီး လူ ၁ ဦးသေ၊ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အရပ်ဘက်ကယ်ဆယ်ရေး မှတ်တမ်းအရ သိရပါတယ်။

ကုန်ပဒေသာမှတ်တိုင်က ထိခိုက်ဒဏ်ရာရရှိသူတွေကို မြောက်ဥက္ကလာပ မေဓာဝီဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပြီး မစိုးရိမ်ရဒဏ်ရာရရှိခဲ့တဲ့ ယာဉ်မောင်းအမျိုးသားကို မြောက်ဒဂုံရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။

2 weeks Ago
Up