မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ဖွဲ့ထားတဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)ရဲ့ အစည်းအဝေးကို ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့မှာ ကျင်းပနေပါတယ်။
အစည်းအဝေးကို ရက္ခိုင့်တပ်တော် (အေအေ) က တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကိုယ်တိုင် ဦးဆောင်တက်ရောက်နေတယ်လို့ သိရပြီး အဖွဲ့ဝင် ၇ ဖွဲ့လုံးက ကိုယ်စားလှယ်တွေ တက်ရောက်နေကြပါတယ်။
အခုအစည်းအဝေးကို မတ်လ ၁၄ ရက်က ပန်ဆန်းမြို့မှာ ကျင်းပနေတာဖြစ်ပြီး ဆွေးနွေးတဲ့ အကြောင်းအရာတွေကိုတော့ အတိအကျ မပြောနိုင်သေးဘူးလို့ ရက္ခိုင့်တပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။
“ပန်ဆန်းမှာ FPNCC အစည်းအဝေး ကျင်းပနေတယ်ဆိုတာ မှန်ပါတယ်။ ကျနော်တို့ ULA/AA ဘက်ကတော့ ဗိုလ်ချုပ် ထွန်းမြတ်နိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ပါတယ်။ အစည်းအဝေးနဲ့ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကတော့ မသိရသေးဘူး။”
မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (FPNCC) မှာ “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် မျှတမှုအတွက် အမျိုးသားပါတီ-ကိုးကန့် (MNDAA)၊ အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေးတပ်မတော် မိုင်းလား (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ကချင်ပြည်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (TNLA) နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ ပါဝင်ကြပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလနဲ့ ဖေဖော်ဝါရီလအတွင်းက FPNCC အဖွဲ့ဝင်တွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွန်းတို့ တွေ့ဆုံခဲ့ပြီးနောက် FPNCC တပ်ဖွဲ့ဝင်တွေ အချင်းချင်း တွေ့ဆုံနေကြတာ ဖြစ်ပါတယ်။
တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွန်းဟာ မတ်လပထမအပတ်က နေပြည်တော်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံပြီးနောက် မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
FPNCC ကို တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူချုပ် (NCA) မှာ ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် ပန်သပြေကျေးရွာအုပ်စု နဲ့ လွိုင်စန့်ကျေးရွာအုပ်စုမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ည ၈ နာရီလောက်ကနေ ည ၁ နာရီ ကျော်အထိ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မြောက်ပိုင်းမဟာမိတ်နဲ့ စစ်ကောင်စီတပ်မ ၉၉ တို့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ပန်သပြေ ကျေးရွာဘက်ကို တိုက်လေယာဉ် ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် ဖေဖော်ဝါရီ ၁၄ ရက်နေ့က ပန်သပြေ ကျေးရွာနဲ့ လွိုင်စန့်ကျေးရွာ ဒေသခံ ရာချီ မိုင်းယော် နဲ့ လားရှိုးမြို့နယ်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
တိုက်ပွဲအတွင်း ထွက်ပြေးတိမ်းရှောင်လာသူ အများစုဟာ အမျိုးသမီးနဲ့ အသက်ကြီးရွယ်အို တွေဖြစ်ပြီး လူငယ်ပိုင်း နဲ့ လူကြီးပိုင်းတွေက ကျေးရွာအတွင်းမှာ ကျန်နေခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ နေ့ကတည်းက မိုင်းယော်တိုက်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ်တို့ကြားတိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိခဲ့သလို လက်ရှိမှာလည်း စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။
တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး ထိခိုက်ကျဆုံးမှုအခြေအနေကို နှစ်ဖက်တပ်တွေ သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။
မိုင်းယော်ဒေသမှာ ကိုးကန့်တပ်၊ အေအေနဲ့ တီအန်အယ်လ်အေတပ်ဖွဲ့တွေ လှုပ်ရှားသွားလာနေကြတာလို့ သိရပါတယ်။