အင်္ဂလန်၊ ဝေးလ်စ်နှင့် မြောက်အိုင်ယာလန်ရှိ တော်ဝင်သူနာပြုကောလိပ် (RCN) မှ အဖွဲ့ဝင် ၁ သိန်းလောက်အထိ ဒီဇင်ဘာ ၂၀ ရက်က ဆန္ဒပြခဲ့ကြပြီး ဗြိတိန်နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်မှာ ဝန်ထမ်းနည်းပါးမှုပြဿနာကို ဖြေရှင်းရေးအတွက် သင့်တင့်မျှတတဲ့ လစာပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
နိုင်ငံမှာ ငွေကြေးဖောင်းပွမှု မြင့်မားနေဆဲဖြစ်ပြီး တကယ်ရရှိတဲ့ လုပ်ခလစာက သိသိသာသာ နည်းသွားတာကြောင့် ဒီဇင်ဘာ ၁၅ ရက်က ပထမအကြိမ် သပိတ်မှောက်အပြီး တပတ်အတွင်း ဒုတိယအကြိမ်မြောက် သပိတ်ဖြစ်ပါတယ်။
ကနဦး သပိတ်မှောက်မှုအတွင်း နိုင်ငံရဲ့ ပြည်သူပိုင် ကျန်းမာရေးစောင့်ရှောက်မှု စနစ်ဖြစ်တဲ့ အမျိုးသားကျန်းမာရေးဝန်ဆောင်မှု (NHS) မှာ ပြင်ပလူနာချိန်းဆိုမှုတွေနဲ့ ခွဲစိတ်မှုပေါင်း ၇၀,၀၀၀ လောက်ကို ပယ်ဖျက်ခဲ့ရပါတယ်။
အမှန်တကယ် လုပ်ခလစာတွေ သိသိသာသာ ကျဆင်းလာတာနဲ့ Brexit အပြီးမှာ ဝန်ထမ်းတွေ အစုအပြုံလိုက် ထွက်ခွာမှုကြောင့် ယူကေ သူနာပြုလုပ်ငန်းမှာ ဝန်ထမ်းနည်းပါးတဲ့ ပြဿနာကို ဖြစ်ပေါ်စေခဲ့ပါတယ်။
သူနာပြုတွေအပြင် မီးရထားဝန်ထမ်းတွေ၊ တော်ဝင်စာတိုက်ဝန်ထမ်းတွေ၊ ဘတ်စ်ကား ယာဉ်မောင်းတွေ၊ လေဆိပ်မှာ ပစ္စည်းသယ်ဆောင်ပေးသူတွေနဲ့၊ အကောက်ခွန်နဲ့ နယ်ခြားစောင့်အရာရှိတွေအပြင် လူနာတင်ယာဉ်မောင်းသူတွေ အပါအဝင် တခြား အစိုးရနဲ့ ပုဂ္ဂလိက စက်မှုလုပ်ငန်းတွေက အလုပ်သမားတွေဟာ ပိုကောင်းမွန်တဲ့လစာနဲ့ အခြေအနေတွေအတွက် သပိတ်မှောက်နေကြတာပါ။
ဗြိတိန်ရဲ့ ကွန်ဆာဗေးတစ် အစိုးရကတော့ သပိတ်မှောက် အလုပ်သမားတွေ လစာတိုးပေးရေး တောင်းဆိုနေတာကို ပယ်ချလိုက်ပြီး ဒါဟာ ငွေကြေးဖောင်းပွမှုကို ပိုဆိုးအောင်လုပ်နေတာလို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ ဗြိတိန်လူထုဟာ အများပြည်သူဝန်ဆောင်မှုတွေမှာ အကျပ်အတည်း တွေ့ရပေမဲ့လည်း သပိတ်မှောက်အလုပ်သမားတွေကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံကြကြောင်း စစ်တမ်းတွေအရ သိရပါတယ်။