close

မြောက်ဥက္ကလာနှင့် သုံးခွ

close

September 12, 2022

ရွှေပြည်သာ၊ မြောက်ဥက္ကလာနှင့် သုံးခွ မြို့နယ်တို့၌ ဗုံးပေါက်

ရန်ကုန်တိုင်းရှိ ရွှေပြည်သာ၊ မြောက်ဥက္ကလာပနဲ့ သုံးခွမြို့နယ်တွေမှာ စက်တင်ဘာ ၁၁ ရက်က ဗုံး ၄ ကြိမ်ပေါက်ကွဲခဲ့တယ်လို့ အဆိုပါမြို့နယ်ရှိ ဒေသခံတွေဆီက သိရပါတယ်။

ရွှေပြည်သာမြို့နယ်ရှိ မြို့နယ်ခန်းမမှာ မနေ့ည ၆ နာရီဝန်းကျင်က ဗုံးပေါက်ကွဲခဲ့ပြီး ပစ်ခတ်မှုတချို့ ဖြစ်ခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“ဗုံးပေါက်တာ အကျယ်ကြီးပဲ။ ပြီးမှသေနတ်သံတွေကြားရတာ ဆက်တိုက်ပဲ။ ကြားတာတော့ ဗုံး  နဲ့ လာပစ်လို့ စစ်တပ်က လိုက်ပစ်တယ်လို့ ကြားတယ်။ ထိတဲ့သူတော့ မရှိဘူး။”

သုံးခွမြို့နယ် သန်လျင်-သုံးခွလမ်းရှိ မြို့ဝင်ဂိတ်အနီးမှာလည်း မနေ့ နေ့လယ် ၂ နာရီဝန်းကျင်က ဗုံး ၂ ကြိမ်ပေါက်ခဲ့တယ်လို့ မြို့ခံတဦးက ဒီဗွိဘီက ပြောပါတယ်။

“စစ်ဆေးရေးဂိတ်နဲ့ မလှမ်းမကမ်းမှာ ဗုံးပေါက်တာ။ ပြီးတော့ မပေါက်ကွဲသေးတဲ့ ဗုံးတလုံး ထပ်တွေ့တယ်။ အဲဒါကို စစ်တပ်က ယူပြီး လယ်ကွင်းထဲမှာ ဖောက်ခွဲလိုက်တယ်။”

အလားတူ မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီမြို့သစ်၆ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးမှာလည်း မနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲခဲ့တယ်လို့  ရပ်ကွက်နေသူတဦးက  ပြောပါတယ်။

“မနက်အစောကြီး ဗုံးပေါက်တယ်။ အုပ်ချုပ်ရေးက စစ်တပ်ကို အကြောင်းကြားတယ်။ စစ်တပ် ရောက်လာတဲ့အချိန် ရုံးထဲမှာ ဗုံးတလုံး ထပ်တွေ့လို့ စစ်တပ်က ယူသွားတယ်။”

ဗုံးပေါက်ကွဲရာ မြို့နယ်တွေမှာ စစ်တပ်က လမ်းသွားလမ်းလာတွေ၊ ဆိုင်ကယ်နဲ့ကားတွေကို စစ်ဆေးတဲ့အပြင် ဖုန်းတွေကိုလည်း ယူပြီး စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ အခုလ စက်တင်ဘာ ၁ ရက်ကနေ  ၁၁ ရက်အတွင်း ဗုံး ၁၂ ကြိမ်နဲ့ ပစ်ခတ်မှု ၂ ကြိမ်ဖြစ်ခဲ့ရာမှာ ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

2 hours Ago
Up