ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ င ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဧပြီ ၅ ရက် ဒီနေ့မနက် ၅ နာရီခွဲက ဗုံးနဲ့အပစ်ခံရပြီး ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
င ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ စစ်ကောင်စီတပ် ရောက်ရှိနေချိန် လမ်းမပေါ်ကနေ ဗုံးနဲ့ပစ်သွားတာလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
“တယောက်ထိတယ်လို့ ကြားတယ်။ စစ်တပ်ကထိတာလား၊ အုပ်ချုပ်ရေးဘက်က ထိတာလား မသိဘူး။ အခု လမ်းကိုပိတ်ပြီး စစ်နေတယ်။”
ဗုံးပေါက်ပြီးနောက် စစ်ကောင်စီတပ်က ရုံးနဲ့အနီးတဝိုက်လမ်းတွေကို ပိတ်ဆို့စစ်ဆေးခဲ့ပြီးနောက် ဆိုင်ကယ် ကယ်ရီသမားတချို့ကို ခေါ်ယူမေးမြန်းခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
င ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ မကြာခဏ ဗုံးနဲ့အပစ်ခံရလို့ ပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး အခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်မှာ ဗုံးပေါက်ခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ခဏခဏဗုံးပေါက်တော့ CCTV တော့ တပ်ထားတယ်။ မီးပျက်တဲ့အချိန် လာပစ်တော့ ဖမ်းလို့မရဘူး။ ဘယ်နေ့ ဘယ်သူတွေ ဗုံးနဲ့အပစ်ခံရလို့ သေမလဲတော့မသိဘူး။”
မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးရုံး၊ စရဖရုံးနဲ့ EPC ရုံးတွေ မကြာခဏ ဗုံးနဲ့အပစ်ခံရပြီးနောက် စောင့်ကြည့်လုံခြုံရေးအဖွဲ့ ဖွဲ့ထားပေမဲ့ ပစ်ခတ်မှုတွေဖြစ်ပြီးနောက် အဆိုပါအဖွဲ့မှာ ပါဝင်သူမရှိတော့ဘူးလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမကြီး၊ (ဌ ) ရပ်ကွက်၊ ပိတောက်လမ်းသွယ်၊ အမှတ် ၁၂၇ မှာရှိတဲ့ အင်ကြင်းမြိုင်ဧည့်ရိပ်သာမှာ မတ် ၂၅ ရက် နေ့လယ်က လက်လုပ်ဗုံးတလုံးတွေ့ရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
အဆိုပါ လက်လုပ်ဗုံးကို ဧည့်ရိပ်သာအခန်း ၄၀၆ က TV အနောက်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး နေ့လယ် ၂ နာရီလောက်မှာ Mytel ဖုန်းနံပါတ်သုံး အမျိုးသားတဦးက ဧည့်ရိပ်သာကို ဖုန်းဆက်ကာ ဗုံးမပေါက်ကွဲစေချင်ပါက ကျပ် သိန်း ၅၀ လွှဲရမယ်လို့ ပြောခဲ့တာလို့ ဧည့်ရိပ်သာနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
" ၂ နာရီလောက်က ကောင်တာဖုန်းကို အဲ့လူက ဆက်တာ၊ ဒီဧည့်ရိပ်သာမှာ ဗုံးထောင်ထားတယ်၊ ဗုံးမပေါက်စေချင်ရင် သိန်း ၅၀ ပေးရမယ် ပြောတယ်။ ဘယ်အခန်းမှာ ထောင်ထားလဲ မပြောသွားဘူး၊ ဖုန်းကျသွားတယ်။ ဖုန်း သုံးလေးခါလောက် ခေါ်တော့ မကိုင်တော့ဘူး။ နံပါတ်က Mytel ပဲ၊ ဧည့်အဝင်စာရင်းကို ပြန်စစ်ပြီး check out လုပ်သွားတဲ့ အခန်းတွေကို အမြန်လိုက်စစ်ကြတာ။ ၂ နာရီ ၂၀ လောက်မှာ ၄၀၆ က TV အနောက်မှာ တိပ်အမည်းနဲ့ ကပ်ထားတဲ့ လက်လုပ်ဗုံးကို တွေ့တာ၊ ရဲက ရောက်လာမှ ဖြုတ်တာပါ။"
ဗုံးထောင်ငွေတောင်းသူဘက်က ပြန်ဆက်သွယ်လာတဲ့အချိန်မှာ ဗုံးက တလုံးတည်း မဟုတ်ဘဲ အခြားနေရာတွေလည်း ထောင်ထားကြောင်း ပြောပေမဲ့ ထပ်ရှာမတွေ့ဘူးလို့ သိရပါတယ်။
ဗုံးတွေ့တဲ့ အခန်း ၄၀၆ မှာ ၂၄ ရက် ညနေ ၄ နာရီက အသက် ၃၀ အရွယ် အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး မှတ်ပုံတင်မပါဘဲ တည်းခိုသွားတယ်လို့ သိရပြီး လက်လုပ်ဗုံးကို သီရိရတနာကားဝန်းအနောက်ဘက် ကွင်းပြင်မှာ စစ်ကောင်စီက ဖောက်ခွဲခဲ့တယ်လို့ သိရပါတယ်။