close

မြောက်ဦးစစ်ဘေးရှောင်စခန်း

close

July 30, 2021

မြောက်ဦးစစ်ဘေးရှောင်စခန်းအချို့ ရေကြီးပြီး စားနပ်ရိက္ခာအကူအညီလိုအပ်နေ

ရခိုင်ပြည်နယ်မှာ ဇူလိုင်  ၂၅ ရက်ကစပြီး   မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် မြောက်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတချို့မှာ  ရေကြီးပြီး စစ်ဘေးရှောင်တွေ နေထိုင်စားသောက်ရေး အခက်အခဲရှိနေကြတယ်လို့ ပရဟိတကူညီနေသူတွေထံက  သိရပါတယ်။   

မြောက်ဦးမြို့နယ်က တိမ်ညိုစခန်းလည်း ရေကြီးနေသလို  ကုလားချောင်းစစ်ဘေးရှောင်စခန်းနဲ့၊ ပီပင်ရင်းစစ်ဘေးရှောင်စခန်း နှစ်ခုကတော့ ဆိုးဆိုးရွားရွားရေကြီးနေတယ်လို့ ပပရဟိတလူမှုကူညီရေးတွေလုပ်ဆောင်နေသူ  စာရေးဆရာ ကိုဝေဟင်အောင်က ပြောပါတယ်။

“ပြဿနာက  စားရေး၊ သောက်ရေး အခက်အခဲဖြစ်နေတယ်လို့ပြောတယ်၊ ဒီကာလ ကိုဗစ်ကာလဆိုတော့ အပြင်ကိုလည်းသွားလို့မရဘူး၊ အပြင်ကအလှူရှင်တွေကလည်း ဒီကာလမှာမရောက်ကြဘူး။ အထူးသဖြင့်သူတို့ကို ဆန်ထောက်ပံ့နေတဲ့ အန်ဂျီအိုအဖွဲ့တွေနဲ့  WHO၊ ICRC တို့ မရောက်ဘူးလို့ပြောတယ်၊ စားရေးသောက်ရေးကတော့ တော်တော်အခက်အခဲ ဖြစ်နေတယ်လို့ ကျနော့်ဆီလှမ်းပြောတယ်။” 

ကုလားချောင်းစစ်ရှောင်စခန်းနဲ့ ပီပင်ရင်းစစ်ရှောင်စခန်းတွေမှာ ဒုက္ခသည်တွေ ​အရေးပေါ်​နေထိုင်စားသောက်ဖို့ အခက်အခဲဖြစ်နေတာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အလေးထားဆောင်ရွက်ပေး​စေချင်တယ်လို့လည်း ဆိုပါတယ်။

လက်ရှိ ရေဘေးအန္တရာယ်ကြုံတွေ့နေရတဲ့  တိမ်ညိုစစ်ရှောင်စခန်းမှာ စစ်ဘေးရှောင် လူဦးရေ ၃၀၀၀ ကျော်ရှိပြီး  ပီပင်ရင်းစစ်ရှောင်စခန်းမှာလည်း လူဦးရေ ၃၀၀၀ ကျော်ရှိကာ ကုလားချောင်းစစ်ရှောင်စခန်းမှာတော့  လူဦးရေ ၆၀၀ လောက် ခိုလှုံနေထိုင်နေကြပါတယ်။

3 mins Ago
Up