ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ နွေရာသီ သောက်သုံးရေကန် ခန်းခြောက်သွားလို့ ဒေသခံပြည်သူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေ သောက်သုံးရေရှားပါးမှု အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြောက်ဦးမြို့နယ် ပြလှကျေးရွာမှာ သောက်သုံးရေကန် ခန်းခြောက်သွားပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ဒေသခံရွာသားတွေနဲ့ စစ်ဘေးရှောင် ပြည်သူတွေ သောက်သုံးရေရှားပါးမှု ပြဿနာနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ပြလှကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“သောက်သုံးရေကန် ခန်းခြောက်သွားတာတော့ တလလောက်ရှိပါပြီ။ အဲဒီရေကန်ကို ပြလှကျေးရွာက အိမ်ခြေ ၁၄၀ က ပြည်သူတွေအပြင် လက္ကာ၊ ဝေသာလီ၊ ပေါက်တောပြင် ကယ်ဆယ်ရေးစခန်းတွေနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ဘက်က စစ်ဘေးရှောင် ပြည်သူတွေပါ သုံးစွဲနေကြတာ။”
ရေကန်က ကြီးပေမဲ့ ရာသီဥတုမမှန်လို့ မိုးရေဝင်ရောက်မှု နည်းပါးကာ ကန်မှာ မိုးရေတဝက်လောက်တောင် မရရှိခဲ့ဘဲ စစ်ဘေးရှောင်စခန်းတွေက ပြည်သူတွေပါ ဝိုင်းဝန်းသုံးဆွဲတာကြောင့် ကန်ရေခန်းခြောက်ခဲ့ရတာလို့ ဆိုပါတယ်။
ဘေးပတ်ဝန်းကျင်ကျေးရွာတွေမှာ သောက်သုံးရေကန်တွေ ရှိပေမဲ့ သူတို့ရွာမှာ ရေရှားပါးမှု ဖြစ်မှာကို စိုးရိမ်ကာ ပိတ်ပင်တားမြစ်ထားတာကြောင့် ဝေးလံတဲ့နေရာတွေကို ရေလမ်း၊ ကုန်းလမ်း ၂ ဆင့်နဲ့ သွားရောက်ခပ်ယူနေကြရတယ်လို့ ဆိုပါတယ်။
ရေကတော့ ဝေသာလီဆည်နဲ့ အဘောင်တော်ဆည်တွေမှာ ရှိပေမဲ့ ရေကားဝင်ရောက်နိုင်ဖို့က တိမ်ညိုဘက်ကနေ ပတ်ပြီးဝင်ရမှာဖြစ်သလို တံတားပျက်စီးနေလို့ ရေကားဝင်ဖို့ အဆင်မပြေတာကြောင့် တံတားကို ကိုယ်ထူကိုယ်ထ ပြုပြင်နေကာ သိန်း ၃၀ ကျပ်ဝန်းကျင်လောက် ကုန်ကျနိုင်တယ်လို့ ပြောပါတယ်။
အဲဒီသောက်သုံးရေကန်ကိုတော့ ရွာကနေ ရန်ပုံငွေတွေကောက်ခံပြီး သိန်း ၁၂၀ ကျပ် ကုန်ကျခံ တူဖော်ထားပေမဲ့ ဆက်လက်တူးဖော်နိုင်ဖို့ ငွေရေးကြေးရေး အခက်အခဲတွေရှိနေလို့ ပြည်တွင်းပြည်ပ အလှူရှင်တွေအနေနဲ့ မိမိတို့တတ်နိုင်သ၍ ထောက်ပံ့ကူညီပေးကြဖို့ အကူအညီ တောင်းခံချင်တယ်လို့ ဆိုပါတယ်။
တံတားပြုပြင်တည်ဆောက်ပြီးရင်တော့ ရေကားတွေကို ဆက်သွယ်အကူအညီ တောင်းထားပြီး NGO အဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့မှုတွေနဲ့ သောက်သုံးရေတွေ အခမဲ့ ဖြန့်ဝေပေးသွားမယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့ တောင်ရပ် ရပ်ကွက်က ရွှေဆိုင်တခုကို ဧပြီ ၇ ရက် မနက်မှာ အမျိုးသားတဦး ဝင်ရောက်လုယက်သွားတာကြောင့် ရွှေထည်ပစ္စည်း ၂၀ ကျပ်သားလောက် ပါသွားတယ်လို့ ရွှေဆိုင်ပိုင်ရှင်မိသားစုဝင်တွေက ပြောပါတယ်။
အသက် ၃၀ ကျော်အရွယ် လုယက်သွားတဲ့အမျိုးသားမှာ ရွှေဝယ်ဖို့ ဟန်ဆောင်ကာ လုယက်ပြီး ထွက်ပြေးစဉ်မှာ သေနတ်အတုတလက် ကျကျန်ခဲ့တယ်လို့ ရွှေဆိုင်ပိုင်ရှင်ရဲ့ သမက်ဖြစ်သူက ပြောပါတယ်။
“ဒီနေ့ မနက် ၉ နာရီ ၁၀ မိနစ်လောက်မှာ ရွှေဆိုင်ထဲကို ဝင်လာပြီး ရွှေဝယ်မလိုနဲ့ ရွှေတွေ ကြည့်နေရင်းမှာ လုပြေးသွားတာပါ။ ရွှေကတော့ ၂၀ ကျပ်သားလောက်ပါသွားတယ်။ လုပြေးသွားတဲ့သူကတော့ အသက် ၃၀ ကျော်ဝန်းကျင်လောက်မှာရှိတယ်။ သူလုယက်ပြီး ထွက်ပြေးရာမှာ သေနတ်အတုတလက် ကျကျန်ခဲ့တာရှိတယ်။ လုယက်တာကတော့ တယောက်တည်းပါ။ ဆိုင်နဲ့ မနီးအဝေးမှာတော့ နောက်တယောက်က ဆိုင်ကယ်နဲ့ စောင့်နေတယ်။ အခုတော့ ရဲစခန်းမှာလည်း အမှုဖွင့်ဖို့လုပ်နေတယ်။ မြို့ပေါ်ရပ်ကွက် ဈေးဆိုင်တွေအထိ လုယက်လာတာကတော့ စိုးရိမ်စရာကောင်းတယ်။”
အခု လုယက်ခံရတဲ့ ရွှေဆိုင်ဟာ မြောက်ဦးမြို့ တောင်ရပ်ရပ်ကွက်မှာရှိတဲ့ ဦးစိန်ရွှေဌေးနဲ့ ဒေါ်မသိန်းတင် မိသားစု ရွှေဆိုင်ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ အခုနှစ်ပိုင်းအတွင်း အုပ်စုလိုက်လုယက်မှုတွေ မကြာခဏ ဆိုသလို စျေးဆိုင်တွေ ဖောင်ထွင်းခံရမှုလည်း ရှိလာနေပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ အုပ်ချုပ်ရေး တရားစီရင်ရေး အပိုင်းတွေမှာ အပြိုင်အဆိုင် ရှိနေကြပေမဲ့ မြို့ပေါ်တွေမှာ ခိုးဆိုးလုယက်မှုတွေကို ထိန်းချုပ်ဖို့ ခက်ခဲနေဆဲဖြစ်တယ်လို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။