close

မြောင်းမြ

close

April 9, 2023

မြောင်းမြတွင် ရေယာဉ်များထံမှ စစ်တပ်က အဓမ္မငွေကြေးကောက်ခံ

ဧရာဝတီတိုင်း မြောင်းမြမြို့နယ်မှာ မြစ်အတွင်း သွားလာနေတဲ့ ရေယာဉ်တွေထံက ဆွမ်းဆန် စိမ်းလောင်းလှူပွဲ အကြောင်းပြပြီး   စစ်ကောင်စီတပ်နဲ့ မြို့နယ်မော်တော်ရေယာဉ်ရုံးအဖွဲ့တွေ ပေါင်းပြီး ငွေကြေး အဓမ္မ ကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောင်းမြ ဒေသခံ တဦးက “မြောင်းမြမြစ်လယ်က စက်လှေ တစ်စင်းမှာ စစ်သားနှစ်ယောက်က လက်နက်နဲ့ မော်တော်ဦး ကနေ မြစ်ထဲသွားတဲ့ မော်တော်ယာဉ်အားလုံးကို တားပြီး သူတို့ စက်လှေနား ရပ်ခိုင်းတယ်။ စက်လှေအတွင်းထဲမှာမှ မြို့နယ် မော်တော်ရေယာဉ်ရုံးက လူတွေက  ရေယာဉ် အကြီးအသေး ပေါ်မူတည်ပြီး  ဆွမ်းဆန်စိမ်း လောင်းလှူပွဲအတွက် ဘယ်လောက်ထည့် ဆိုပြီး ငွေ အတင်း ကောက်တယ် "လို့ ပြောပါတယ်။

အခုလိုကောက်ခံရာမှာ လိုင်စင်မဲ့ စက်လှေ ပဲ့ထောင်တွေထံက ငွေကျပ် ၃၀၀၀၀ မှ ၈၀၀၀၀ အထိ မော်တော်ယာဉ် အကြီးအသေးပေါ် မူတည်ကောက်ခံနေတာပါ။

မြောင်းမြ မြစ်အတွင်း ရေယာဉ်မောင်းနှင်နေသူ တဦးက  "သူတို့က လိုင်စင်မဲ့ စက်လှေ အသေးလေးတွေ ပဲ့ထောင်လေးတွေ ကိုလည်းတားတယ်။ လိုင်စင် မပါတာ သိရဲ့သားနဲ့ လိုင်စင် စစ်တယ်။ လိုင်စင်မပါဘူးဆိုရင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအတွက် ဘယ်လောက်ထည့် ဆိုပြီး တောင်းတယ်။ လိုင်စင်ပါတဲ့ ရေယာဉ်လည်း ကောက်တာပါပဲ။ သူတို့ ရေလယ်ကနေ လှမ်းတားတဲ့အချိန် အရှိန်လွန်ပြီး ကျော်သွားရင်လည်း အဆဲခံရသေးတယ် "လို့ ပြောပါတယ်။

လိုင်စင်မဲ့ ရေယာဉ်ငယ်တွေကို ငွေကြေး အဓမ္မကောက်ခံတဲ့အပြင် တရားဝင်လိုင်စင် ယူထားတဲ့ သင်္ဘော မော်တော် ပဲ့ထောင် စက်လှေတွေကိုလည်း တစီးလျှင် ကျပ် ၅၀၀၀၀မှ စပြီး ရေယာဉ်အကြီးအသေးပေါ်မူတည်ကာ ပေးဆောင်နေကြရတာပါ။

29 mins Ago

April 8, 2023

မြောင်းမြမြို့တွင် လိုင်းသင်္ဘောမီးလောင်မှုကြောင့် ၃ ဦး ဒဏ်ရာရ

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှာ ဧပြီ ၇ ရက် ညပိုင်းက ရွေးမြစ်အတွင်း ခရီးသည်တင်လိုင်း သင်္ဘောတစီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောင်းမြမြို့ကနေ ကံဘဲရွာကို ပြေးဆွဲတဲ့ “တင်ဌေးဦး” အမည်ရှိ လိုင်းရေယာဉ်ဟာ ည ၇ နာရီလောက်မှာ ဆီပေပါတွေ တင်ဆောင်ရာကနေ မီးလောင်မှုဖြစ်ပွားပြီး မြစ်ထဲမျောနေတာလို့ ဒေသခံတွေက ပြောပါတယ်။

“ဆီပေပါတင်ရင်းနဲ့ မီးထလောင်တာပြောတယ်၊ အလုပ်သမားတွေက ခုန်ဆင်သွားလို့ ထင်တယ်၊ မြစ်အတိုင်း စက်လှေက မျောလာတာ” လို့ ဒေသခံမျက်မြင်တဦးက ဒီဗွီဘီကိုပြောပါတယ်။

အဆိုပါရေယာဉ်မီးလောင်မှုနဲ့ပတ်သက်ပြီး မြောင်းမြခရိုင်မီးသတ်တပ်ဖွဲ့ကနေ မီးသတ်ရေယာဉ်တွေနဲ့ ငြိမ်းသတ်ခဲ့တာ ည ၇ နာရီ ၄၅ မိနစ်မှာ မီးထိန်းနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကလည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် ရေယာဉ်ပေါ်လိုက်ပါလာတဲ့ အလုပ်သမား အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့လို့ မြောင်းမြမြို့နယ်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

2 days Ago
Up