စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်က စစ်ရှောင်တဲမှာ နေထိုင်တဲ့ စစ်ရှောင်အမျိုးသမီးနှစ်ဦး မြေွကိုက်ခံခဲ့ရတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ကိုဂျောင်ဒီအွန်က ပြောပါတယ်။
စစ်ရှောင်တဲမှာ နွားလှန်သွားရင်း အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတဦး ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲပိုင်းက မြွေကိုက်ခံခဲ့ရပြီး ည ၁၂ နာရီမှာလည်း အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတဦး ထပ်မံမြွေကိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
မြွေကိုက်ခံထားရတဲ့ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးကို မြန်မာထုတ် ဘီပီအိုင် မြွေဆိပ်ဖြေဆေး ခြောက်လုံးနဲ့ အိန္ဒိယမြွေဆိပ်ဖြေဆေး လေးလုံးအထိ ထိုးပေးထားပြီး လက်ရှိမှာ အခြေအနေ မစိုးရိမ်ရတော့ဘူးလို့ ပြောပါတယ်။
“မနေ့ကဟာကလည်း အမျိုးသမီးတဦး စစ်ရှောင်တဲမှာနေတာ၊ ကျွဲ နွားတွေ နေရာသွားရွှေ့တဲ့အခါ မြွေကိုက်ခံရတာ။ အကောင်ကလည်း တော်တော်ကြီးပါတယ်။ အခုအခြေအနေက သက်သာတဲ့အနေအထားမှာ ရှိနေပါတယ်” လို့ ကိုဂျောင်ဒီအွန်က ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကိုးတောင်ဘို့တိုက်နယ်မှာ စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရသူ ၄၇ ယောက်ထိရှိပြီး ၃ ယောက် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
မြွေဆိပ်ဖြေဆေးတွေကလည်း ဝယ်ယူဖို့ ခက်ခဲလာတဲ့အပြင် စျေးလည်းတက်နေတာကြောင့် မြွေကိုက်ခံရတဲ့ စစ်ရှောင်တွေအနေနဲ့ အချိန်မီဆေးမရရှိရင် အချိန်မမီဘဲ အသက်သေဆုံးတာထိ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
ကိုးတောင်ဘို့တိုက်နယ်က စစ်ရှောင်တသောင်းကျော်အတွက် မြေကိုက်ခံရတဲ့ အန္တရာယ်ကနေ လျော့နည်းအောင် လည်ရှည်ဖိနပ်တွေ လိုအပ်နေပြီး စစ်ရှောင်တွေမှာ လည်ရှည်ဖိနပ်တွေ ရှိနေပါက မြွေကိုက်ခံရမှုနှုန်းကို လျော့ချပေးနိုင်မယ်လို့ ပြောပါတယ်။
ကိုးတောင်ဘို့တိုက်နယ် ကျေးရွာ ၂၆ ရွာက ဒေသခံရွာသား သောင်းနဲ့ချီ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်အတွင်း ရွာသား ၃ ယောက် စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတိုင်း ရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ရွာသားတွေဟာ နေရပ်စွန့်ခွာထွက်ပြေးရင်း အခုလိုမြွေကိုက်ခံရတာဖြစ်ပါတယ်။
မြွေအကိုက်ခံရတဲ့သူတွေကတော့ အသက် ၂၈ နှစ်နဲ့ ၂၁ နှစ် အရွယ် အမျိုးသမီး နှစ်ယောက်၊ အသက် ၄၅ နှစ်အရွယ် အမျိုးသား တယောက် စုစုပေါင်း ၃ ယောက်ဖြစ်ပါတယ်။
မြေကိုက်ခံရတဲ့ အမျိုးသမီးနှစ်ယောက်ကတော့ ဆေးဦးတဲ့အတွက် အသက်မသေပေမဲ့ အမျိုးသားကတော့ စောင့်ကြည့်အနေထားမှာရှိနေတယ်လို့ ကန့်ဘလူမြို့နယ် ပကဖအဖွဲဝင် တယောက်က ပြောပါတယ်။
“မြွေကိုက်လူနာတွေကိုတော့ ကျန်းမာရေးဆရာဝန်တွေဆီရောက်အောင်တော့ ကူညီပေးရတာပေါ့ဗျာ။ အဓိကတော့ စစ်ကောင်စီလာတယ်ဆိုရင် အသက်လုပြေးရတာဆိုတော့ ဘာအကာအကွယ်မှ မယူနိုင်ကြဘူး။ အခုချိန်က စပါးရိတ်သိမ်းချိန်ဆိုတော့ မြွေတွေက ပိုပေါနေတယ်။”
ကန့်ဘဘူမြို့နယ်၊ ကိုးတောင်ဘို့ တိုက်နယ်မှာ စစ်ကောင်စီတပ်ဝင်ရောက်လို့ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရသူ စုစုပေါင်း ၃၇ ယောက်အထိရှိနေပြီး သေဆုံးသူ ၃ ဦး ရှိကာ မြွေဆိပ်ဖြေဆေးBPI တစ်လုံးကို ကျပ် ၁၈၀,၀၀၀ အထိ ပေးဝယ်နေရတယ်လိုလည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ကိုးတောင်ဘို့တိုက်နယ်အတွင်းကကျေးရွာတွေကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတိုင်း ကျေးရွာတွေကို မီးရှို့ဖျက်ဆီး၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်၊ လူသားဒိုင်းအဖြစ် ပေါ်တာဆွဲ တာကြောင့် ရွာသားတွေ ကျေးရွာအတွင်းမနေရဲကြတော့ဘဲ ယာခင်းနဲ့ တော ၊ တောင်တွေထဲ ပြောင်းရွေ့နေထိုင်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။