ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြိုရှိ၊ ကျောက်တစ်လုံး မွတ်စလင်ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ဒုက္ခသည်တွေကို ဧပြီ ၂၃ ရက်ကစပြီး မေလ ၁၄ ရက်နေ့အတွင်းလုံးပြောင်းရွေ့ပေးဖို့ စစ်ကောင်စီက အဓမ္မရွှေ့ပြောင်းခိုင်းနေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
ဧပြီ ၂၄ ရက်က မြို့နယ်တာဝန်ရှိသူတွေနဲ့ ပြည်နယ်စစ်ကောင်စီဥက္ကဋ္ဌ ဦးထိန်လင်း ကိုယ်တိုင်လာရောက်ပြီး ဒုက္ခသည်တွေကို နေရာသစ်သို့ ပြောင်းရွှေ့နေတာကို လာရောက်ကြည့်ရှုခဲ့တယ်လို့လည်း မွတ်ဆလင်ဒုက္ခသည်တွေက ပြောပါတယ်။
ကျောက်တစ်လုံးဒုက္ခသည်စခန်းနေ အမျိုးသားတဦးက “ကျနော်တို့ လုံးဝမပြောင်းချင်ကြဘူး။ ပြည်နယ်ဝန်ကြီးချုပ် လာရောက်ကြည့်ရှုမှာ ဖြစ်တဲ့အတွက် ထွေအုပ်က အဓမ္မပြောင်းခိုင်းတယ်။ အဲ့ဒီနေရာမှာ လူတွေနေဖို့ လုံးဝအဆင်မပြေပါ။ ရေမရှိဘူး။ လျှပ်စစ်မီးမရှိဘူး။ မိုးရာသီ ရေလွှမ်းတယ်။ ဝတ်ပြုဆောင် မရှိဘူး၊ မြို့နဲ့လည်းဝေးတယ်။ အဲ့ဒါကြောင့် ကျနော်တို့ လုံးဝမပြောင်းနိုင်ကြတာ”လို့ပြောပါတယ်။
ကျောက်တစ်လုံးဒုက္ခသည်စခန်းမှာ မွတ်စလင်အိမ်ထောင်စု ၃၀၀ ကျော် လူဦးရေ ၁၅၀၀ ကျော်ရှိနေထိုင် နေကြတာပါ။
သူတို့ဟာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်မတိုင်ခင်က ကျောက်ဖြူမြို့ပေါ်က အရာရှိ ရပ်ကွက်၊ ပြင်ဖြူမော် ရပ်ကွက်၊ သမ္ဗာန်ချောင်း ရပ်ကွက်တွေမှာ နေထိုင်ခဲ့ကြသူတွေဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေကြောင့် အဲဒီလူတွေရဲ့အိမ်တွေဖျက်ဆီးခံရပြီး ကျောက်တစ်လုံးဒုက္ခသည်စခန်းမှာ ခိုလှုံနေခဲ့တာ အခုဆိုရင် ၁၂ နှစ်နီးပါးရှိအထိ ရှိနေပါပြီ။
မွတ်စလင်တွေကတော့ သူတို့ပြောင်းရမယ့် နေရာသစ်ဟာ မြို့နဲ့အလှမ်းဝေးပြီး လုပ်ကိုင်စားသောက်ရတာ အဆင်မပြေတဲ့အတွက် ဒီစခန်းသစ်သို့ မပြောင်းရွေဖို့ အကြိမ်ကြိမ် ငြင်းဆိုခဲ့ကြပြီး မြို့ပေါ်ရှိ သူတို့ရဲ့မူလနေရာတွေ ပြန်မရရင်တောင် မြို့နဲ့အနီးဆုး နေရာချထားပေးဖို့ NLD အစိုးရလက်ထက်ကတည်းက တောင်းဆိုခဲ့ကြပါသေးတယ်။
ဒါပေမဲ့ သူတို့ကို ပြန်လည်နေရာချထားဖို့ ကျောက်ဖြူမြို့နဲ့ ၃ မိုင်ဝေးတဲ့ နေရာသစ်တခုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်က စီစဉ်ထားခဲ့ပါတယ်။
နေရာသစ်မှာ လူနေအိမ် ၃၆၃ လုံး၊ စာသင်ကျောင်း၊ ဆေးပေးခန်း၊ အုပ်ချုပ်ရေးမှူးရုံး၊ ရေမီးရရှိရေး အပါအဝင် မြေယာလျော်ကြေးပေးဖို့အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အရေးပေါ်ရန်ပုံငွေထဲမှငွေကျပ် သန်းပေါင်း ၂၀၀၀ ကျော်အထိ အသုံးပြုပြီး တည်ဆောက်ထားခဲ့ကြတာပါ။
မြေနေရာသစ်မှာ ဆောက်လုပ်ထားတဲ့နေအိမ်တွေဟာ တအိမ်ကို ကျပ် ၂၅ သိန်းကုန်ကျပြီး အလျား ၂၂ ပေ၊ အနံ ၁၂ ပေရှိတဲ့ သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်အခင်းဖြစ်ပေမဲ့ အရည်အသွေး အလွန်နိမ့်လို့ ရေရှည်လူနေထိုင်လို့ မရဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။
လက်ရှိ ကျောက်တစ်လုံးစခန်းရှိနေအိမ်တွေကို UNHCR ကဆောက်လုပ်ပေးထားတာဖြစ်ပြီး ဒီနေအိမ်တွေကိုလည်း အာဏာပိုင်တွေကို ဖြိုယူခွင့်မပေးဘူးလို့ ဒုက္ခသည်တွေက ဆိုပါတယ်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ကျောက်တလုံး မွတ်စလင်ဒုက္ခသည်စခန်းကို မတ် ၉ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နဲ့ နိုင်ငံတကာသံတမန်တွေ ရောက်လာခဲ့ပေမဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ တင်ပြခွင့်မရခဲ့ဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။
ကျောက်တလုံး မွတ်စလင်ဒုက္ခသည်စခန်းမှ ဒုက္ခသည် လူကြီးတဦးက “ကျနော်တို့ကို တင်ပြဖို့ အချိန်ပေးတဲ့အချိန်မှာ အာဏာပိုင်တွေက အစည်းအဝေးအခမ်းအနား ပြီးဆုံးကြောင်း ကြေညာလိုက်တာ။ ကျနော်တို့ ဘာမှ မတင်ပြနိုင်ခဲ့ကြရဘူး။ သူတို့ ဘာတွေဆွေးနွေးလဲ ဆိုတော့ သူတို့ plan ကို သူတို့ချပြပြီး Powerpoint ထိုးပြီး ရှင်းပြသွားတာ။ ဒီဟာက ရေကန်၊ ဒီဟာက IDP စခန်းနေရာချထားတဲ့ မြေကွက်က ဦးပိုင်ကုမ္ပဏီပိုင်မြေက ဘယ်လောက်ပါတယ်၊ ခမရ ၅၄၂ တပ်ပိုင်မြေက ဘယ်လောက်ပါတယ်၊ ဒီမြေနေရာတွေအတွက် ပြည်နယ်အစိုးရရဲ့ ရန်ပုံငွေ သန်း ဘယ်လောက်နဲ့ ဒီမြေနေရာတွေကို ဝယ်ရတယ်။ ဒီစခန်းရဲ့ အိမ်ခြေ ၃၆၇ အိမ်မှာ အိမ်တလုံးကို ကုန်ကျငွေက ဘယ်လောက်ကုန်တယ် ဆိုတာကို Powerpoint နဲ့ထိုးပြီး ရှင်းပြသွားတာ။ ခရိုင်အုပ်ချုပ်ရေးမှူးက Powerpoint နဲ့ထိုးပြတယ်။ နိုင်ငံတကာသံတမန်တွေကို သူတို့မှာ ပါလာတဲ့ ဘာသာပြန်နဲ့ ဘာသာပြန်ပြတယ်။ အဲဒါပါပဲ” လို့ ပြောပါတယ်။
ကျောက်ဖြူ၊ ကျောက်တလုံး မွတ်စလင်ဒုက္ခသည်စခန်းမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ကျောက်ဖြူမြို့ပေါ်ရပ်ကွက်က မွတ်စလင်တွေကို မြို့နဲ့ ၃ မိုင်ကျော်ဝေးတဲ့ ကျောက်တလုံးဘုရားအနီးမှာ ဒုက္ခသည်စခန်း ဖွင့်လှစ်ထားရှိခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ အဆိုပါနေရာနဲ့ ၂ ဖာလုံကျော်ဝေးတဲ့ နေရာမှာ မိသားစုတစုအတွက် အလျား ၄၀၊ အနံ ၂၀ ပေရှိတဲ့ မြေတကွက်ပေးကာ နေအိမ်တွေကို ကျပ် သန်း ၂,၀၀၀ ကျော် အကုန်ခံပြီး တည်ဆောက်ထားတယ်ဆိုတဲ့ နေရာသစ်မှာ ကျောက်တလုံး IDP စခန်းက ဒုက္ခသည်တွေကို ဧပြီလအတွင်း အပြီးပြောင်းရွှေ့နေရာချပေးဖို့ စစ်ကောင်စီက ကြိုးစားနေတာလည်း ဖြစ်ပါတယ်။
“ဒီ IDP စခန်းမှာ တောင်းဆိုစရာတွေက အများကြီးပဲလေ။ ပုံစံ ၁၀၅/၁၀၆ မပေးဘူး။ ပုံစံ ၁၁ မပေးဘူး။ ပုံစံ ၁၁ က အမွေဆက်ခံလို့ရတဲ့ အထောက်အထားပဲ။ မြေစာရင်းမှာ လုပ်ရတာ။ ဆိုလိုတာက အခု သူတို့ပေးတဲ့ မြေနဲ့အိမ်ကို သားသမီးနဲ့ ဇနီး အမွေဆက်ခံနိုင်ရမယ်။ အဲဒီလိုမပေးတော့ ကျနော်တို့ပိုင်တယ်လို့ သတ်မှတ်လို့မရဘူး။ ကျနော်တို့က ကျောက်ဖြူမြို့ပေါ် ရပ်ကွက်တွေက ထွက်ပြေးလာခဲ့ကြရတာ။ ရပ်ကွက်တိုင်းမှာ သာသနိကအဆောက်အအုံ ဗလီဝတ်ကျောင်းတခုစီ ရှိတယ်။ အဲဒီ ဗလီဝတ်ကျောင်းနေရာတွေကိုတောင် မပေးဘူး။ ပလပ်မြေနေရာတွေ များစွာရှိတယ်။ ပေးပါလို့ အကြိမ်ကြိမ် တောင်းခဲ့တယ်။ ခရိုင်နဲ့ ပြည်နယ်တောင်မက ဗဟိုအထိ တောင်းပေမဲ့ မပေးဘူး။”
ကျောက်ဖြူ၊ ကျောက်တလုံး မွတ်စလင်ဒုက္ခသည်စခန်းမှာ အိမ်ခြေ ၃၆၇ အိမ်၊ လူဦးရေ ၁,၀၀၀ ကျော် နေထိုင်နေတာပါ။
အစိုးရက ပြန်လည်နေရာချထားဖို့ ငွေကျပ်သန်း ၂,၀၀၀ ကျော် အကုန်အကျခံ ဆောက်လုပ်ထားတဲ့ လူနေအိမ်တွေမှာ လူမနေထိုင်မီကတည်းက ပြိုပျက်နေကြပြီး အဲဒီနေရာမှာ ဒီရေတွေတက်ကာ ဆားငံရည် ပတ်လည်ဝန်းရံထားတဲ့နေရာဖြစ်တာကြောင့် မိုးရာသီမှာ အခက်အခဲကြုံလာနိုင်လို့ နေထိုင်ဖို့ မဖြစ်နိုင်ကြောင်း ဒုက္ခသည်တွေဆီက သိရပါတယ်။