ရခိုင်ပြည်နယ်၊ မောင်တောခရိုင်က မွတ်ဆလင် ကျောင်းသူ ကျောင်းသားတွေ စစ်တွေမြို့ အဝေးသင်တက္ကသိုလ်မှာ ကျောင်းတက်ခွင့်ရရှိတယ်လို့ စစ်တွေတက္ကသိုလ် ပညာရေးအသိုက်အဝန်း ကနေ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်က ဖြစ်ခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေကြောင့် အစ္စလာမ်ဘာသာဝင် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ ပညာသင်ကြားခွင့် ၅ နှစ် ဆုံးရှုံးခဲ့ရပြီး ၂၀၁၈ ခုနှစ်ကျမှ မောင်တောမြို့မှာ အဝေးသင်တက္ကသိုလ် ဌာနခွဲတခု ဖွင့်လှစ်ပြီး ပညာသင်ကြားခွင့် ရရှိရေးအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ကြတာပါ။
စစ်တွေတက္ကသိုလ် ပညာရေးဝန်ထမ်းတယောက်က“မောင်တောမှာ အဝေးသင်ဌာနခွဲ ဖွင့်ထားတာတော့ရှိတယ်။ ၂၀၁၈ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့တာ ဒီနှစ်မှာတော့ တိုက်ပွဲတွေကြောင့် အနီးကပ်သင်ပြမယ်။ ဘာသာရပ်ဆိုင်ရာ ဆရာ ဆရာမတွေနဲ့ ပါမောက္ခတွေ မောင်တောကို မသွားဝံ့ကြဘူး။ နောက်ပြီး ၂၀၂၂ ခုနှစ် ပညာသင်နှစ်မှာ Day တက်ရောက်တဲ့ မွတ်ဆလင် ကျောင်းသူ ကျောင်းသားတွေကိုလည်း စစ်တွေမှာ ကျောင်းတက်ခွင့်ပြုထားတယ်ဆိုတော့ အဝေးသင်တွေကိုလည်း ခွင့်ပြုလိုက်တာပါ။”
အခု ၂၀၂၂ ခုနှစ် တက္ကသိုလ်ပညာသင်နှစ်မှာ မောင်တော၊ ဘူးသီးတောင်က Day တက်ရောက်ကြမယ့် မွတ်ဆလင် တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေ ၁၀ နှစ်အကြာမှာ စစ်တွေတက္ကသိုလ် တက်ရောက်ခွင့် ရရှိခဲ့ကြပြီး အခုတဖန် အဝေးသင်တက္ကသိုလ် တက်ရောက်တဲ့ မွတ်ဆလင် ကျောင်းသူ ကျောင်းသားတွေပါ စစ်တွေမြို့မှာ ကျောင်းလာရောက်တက်ခွင့် ရရှိကြတာလည်း ဖြစ်ပါတယ်။
ဘူးသီးတောင်မြို့က မွတ်ဆလင်ကျောင်းသားတယောက်က “ကျနော်က Day ကနေ အဝေးသင်ကို ပြောင်းလိုက်တာပါ။ စစ်တွေမှာနေပြီး Day ကျောင်းတက်ရတာလည်း စားစရိတ် နေစရိတ်နဲ့ မတတ်နိုင်လို့ပါ။ အခုတော့ အဝေးသင်လာတက်တာပါ” လို့ ပြောပါတယ်။
၂၀၂၂ ခုနှစ် စစ်တွေအဝေးသင်တက္ကသိုလ်ကို စက်တင်ဘာ ၁၂ ရက်မှာ အနီးကပ်သင်တန်းတွေ စဖွင့်မှာဖြစ်ပြီး စာမေးပွဲကိုတော့ အောက်တိုဘာ ၇ ရက်နေ့မှာ စစ်ဆေးသွားမှာဖြစ်ကြောင်း အဝေးသင်တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေထံက သိရပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ကနေ စစ်တွေတက္ကသိုလ်မှ တက်ရောက်ပညာသင်ယူမယ့် မွတ်ဆလင်ကျောင်းသူ/ကျောင်းသား ၁၀၀ ကျော် ခရီးသွားလာခွင့် လက်မှတ်ပုံစံ (၄) ရရှိလို့ ကျောင်းအပ်နေကြပြီလို့ ကျောင်းသူ/ကျောင်းသားတွေထံက သိရပါတယ်။
တက္ကသိုလ်တက်ခွင့်ရတဲ့ မွတ်ဆင်ကျောင်းသားတဦးက "ကျနော်တို့ ဘူးသီးတောင်နဲ့ မောင်တောက ကျောင်းသူ/ကျောင်းသားတွေအားလုံး ခရီးသွားလာခွင့်ရရှိကြပါပြီ။ မနေ့က စလို့ ကျောင်းသွင်းကြပါတယ်။ ခရီးသွားလာခွင့် ပုံစံ(၄)က (၁၄) ရက်ပဲ ခွင့်ပြုချက်ပါတော့ ပြည်နယ် လဝက ရုံးမှာသွားရောက်အကြောင်းကြားထားရပါတယ်။"လို့ ပြောပါတယ်။
မောင်တောကနေ တက္ကသိုလ်တက်ရောက်မယ့် မွတ်ဆလင်ကျောင်းသူ/ကျောင်းသား ၂၂ ယောက်ကို မေလ ၂၁ ရက်က မောင်တောခရိုင်လဝကကနေ စတင်ခွင်ပြုချက်ပေးခဲ့ပြီးနောက် ခရိုင်တစ်ခုလုံးရှိ ကျောင်းသူ/ကျောင်းသား ၁၀၀ ကျော်ကို ဆက်လက်ခွင်ပြုပေးခဲ့တာလည်းဖြစ်ပါတယ်။
မောင်တောခရိုင်လဝက တာဝန်ရှိသူ တဦးက "ခရီးသွားလာခွင့် ပုံစံ(၄)က ၁၄ ရက်သာထုတ်ပေးလို့ရတာ။ ကျန်းမာရေးအတွက် ဆေးကုသဖို့ သွားသူတွေဆိုရင်တော့ ဆရာဝန်ထောက်ခံချက်နဲ့ ရက်ထပ်တိုး လျှောက်ထားရတယ်။ အခုတက္ကသိုလ်တက်ရောက်မယ့် ကျောင်း/သူကျောင်းသားတွေကတော့ ပြည်နယ်မှာ သွားရောက်အကြောင်းကြားပေးရင် ရပြီ။ ကျောင်းပိတ်လို့ ပြန်လာတဲ့အချိန်မှလည်း အဲ့ဒီပုံစံ (၄) စာရွက်နဲ့ ပြန်လာလို့ရပါတယ်။"လို့ ရှင်းပြပါတယ်။
စစ်တွေတက္ကသိုလ်ကျောင်းဝင်ခွင့်ကို မေလ ၁၇ ရက်မှ မေလ ၂၇ ရက်နောက်ဆုံး သတ်မှတ်ထားခဲ့ ပေမဲ့ ခရီးသွားလာခွင့်စောင့်ဆိုင်းနေတဲ့ ကျောင်းသူ/ကျောင်းသားတွေ ရှိနေတာကြောင့် လာမယ့် ဇွန်လ ၁၀ ရက်အထိ ထပ်တိုးထားပါတယ်။
ယခုပညာသင်နှစ်မှာ စစ်တွေတက္ကသိုလ်မှာ ရခိုင်တစ်ပြည်နယ်လုံးမှ မွတ်ကျောင်းသူ/ကျောင်းသား ၃၀၀ ကျော် ကျောင်းဝင်ခွင့်ရရှိထားပြီး မောင်တောခရိုင်ကနေ ၁၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။