ဘော်လ်ကန်ဒေသက မွန်တီနီဂရိုနိုင်ငံ ဆန်တီဟေးမြို့တော်မှာ သြဂုတ် ၁၂ ရက်က အစုလိုက်အပြုံလိုက် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာမှာ သံသယရှိ သေနတ်သမား အပါအဝင် လူ ၁၁ ဦး သေဆုံးခဲ့ပါတယ်။
အခင်းဖြစ်ပွားရာနေရာမှာ လူ ၉ ဦး သေဆုံးခဲ့ပြီး နှစ်ဦးမှာ ဆေးရုံမှာ သေဆုံးသွားခဲ့ကြောင်း အစိုးရရှေ့နေ အန်ဒရီယာနား-နာ့စ်တစ်ချ် က ဗီယက်စ်တီ သတင်းပေါ်တယ်ကို ပြောကြားပါတယ်။
တခြား ၆ ဦးကတော့ သူတို့ဒဏ်ရာတွေအတွက် ဆေးရုံမှာ ကုသမှုခံယူနေရကြောင်း -နာ့စ်တစ်ချ် က ဆိုပါတယ်။
သေဆုံးသူတွေထဲမှာ ကလေး နှစ်ဦး ပါဝင်ကြောင်း ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သံသယရှိ သေနတ်သမားဟာ အသက် ၃၄ နှစ်ဖြစ်ပြီး သူ့ရဲ့နာမည်ကို V.B လို့ အမည်ပေးထားကြောင်း ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူး ဇိုရမ် ဘရာချားနေး က ပြောပါတယ်။
မြို့ထဲက အိမ်တအိမ်မှာ သေနတ်သမားဟာ အသက် ၈ နှစ်အရွယ်နဲ့ ၁၁ နှစ်အရွယ် ကလေးငယ် ၂ ဦးတို့ကို အမဲလိုက်ရိုင်ဖယ်နဲ့ ပစ်သတ်ခဲ့ပြီး သူတို့အမေလည်း ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
သေနတ်သမားဟာ အနီးနားရှိ လူတွေကိုလည်း ဆက်လက်ပစ်ခတ်ခဲ့ရာမှာ ၇ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ ကလေးမိခင်ဟာ ဆေးရုံမှာ သေဆုံးသွားခဲ့ကြောင်း ဘရာချားနေးက ပြောကြားခဲ့ပါတယ်။
အခင်းဖြစ်ပွားရာကို ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာချိန်မှာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အရာရှိတစ်ဦး အသက်အန္တရာယ် စိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရရှိခဲ့ကြောင်းလည်း သူက ပြောပါတယ်။
သေနတ်သမားဟာ အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးသွားခဲ့ကြောင်း ဘရာချားနေးက ပြောပါတယ်။