close

မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့

close

May 5, 2023

ကေအန်ယူ ပစ်ခတ်မှုကြောင့် မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးနှင့် အရပ်သား ၁ ဦး သေဆုံး

ကေအန်ယူ တပ်မဟာ ၄ လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ တပ်ရင်း ၁၁ ရဲ့ တပ်ဖွဲ့ဝင်တွေ ပစ်ခတ်တာကြောင့် အရပ်သားတဦးနဲ့ တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့တယ်လို့ မွန်ပြည်ကာကွယ်ရေးတပ် MSDF က မေလ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

တော်လှန်ရေးလှုပ်ရှားမှုတွေကို ပူးပေါင်းလုပ်ဆောင်ဖို့ KNLA တပ်ရင်း ၁၁ က ဗိုလ်ကြီးစောဘွဲ့မှူးနဲ့ တခြားတာဝန်ရှိသူတွေကို ဧပြီလ ၂၉ ရက်နေ့မှာ သွားရောက်တွေ့ဆုံခဲ့ပြီး အဲဒီကအပြန် နောက်တရက် မနက်ပိုင်းမှာ ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

မွန်ပြည်ကာကွယ်ရေးတပ်ရဲ့ တာဝန်ရှိသူတဦးကတော့ "သူတို့နဲ့ သွားတွေ့တာကလည်း အားလုံးအဆင်ပြေပြေပဲ၊ ဘာပြဿနာမှ မဖြစ်ခဲ့ဘူး။ တပ်ရင်း ၁၁ က တပ်ဖွဲ့ဝင်တွေကလည်း ကျနော်တို့နဲ့ အရင်ကတည်းက ရင်းနှီးပြီးသား လူတွေ၊ ဘာလို့အခုလိုပစ်လဲဆိုတာကိုတောင် ကျနော်တို့ မသိရသေးဘူး" လို့ ပြောပါတယ်။

မွန်ပြည်ကာကွယ်ရေးတပ်ရဲ့ ဦးဆောင်မှုအောက်မှာရှိတဲ့ တနင်္သာရီတပ်၊ တပ်ရင်း ၃ တာဝန်ခံ နိုင်တမော့ချမ်းနဲ့ တပ်ဖွဲ့ဝင် ၁၀ ဦးခန့်ဟာ KNLA တပ်ရင်း ၁၁ တာဝန်ရှိသူတွေနဲ့ သွားရောက်တွေ့ဆုံပြီး အပြန် ဧပြီလ ၃၀ ရက် မနက် ၇ နာရီလောက်မှာ မြိတ်ခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ မိုင်တိုင် ၂၃ အနီး ပထမအကြိမ် ပစ်ခတ်ခံခဲ့ရပြီး တပ်ခွဲမှူးနဲ့ တပ်သားတဦးသေဆုံးခဲ့တဲ့အပြင် ဆုံလည်သေနတ်တလက်၊ M 16 သေနတ်တလက်နဲ့ လက်ပစ်ဗုံးတချို့လည်း ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

"စပစ်ခံရတာနဲ့ တပ်ရင်း ၁၁ ကို ကျနော်တို့ ဆက်သွယ်နေကျ ဆက်သွယ်ရေးလိုင်းတွေကနေ ဆက်သွယ်တာ လုံးဝမရဘူး၊ အလောင်းလည်း တလောင်းမှ ကျနော်တို့ ပြန်မသယ်ခဲ့နိုင်ဘူး" လို့ မွန်ပြည်ကာကွယ်ရေးတပ်ဘက်က ပြောပါတယ်။

အဲဒီနေ့ မနက်မှာပဲ နိုင်တမော့ချမ်း ဦးဆောင်တဲ့ တပ်ဖွဲ့ကို လက်နက်လာပို့တဲ့ အခြားတပ်ဖွဲ့ဝင် ၄ ဦးကိုလည်း ဘုတ်ပြင်းမြို့နယ်၊ ကော့ဟံသာရွာအနီး KNLA တပ်ရင်း ၁၁ တပ်ဖွဲ့ဝင်တွေက တားဆီးပြီး M 16 သေနတ်နှစ်လက်၊ HK 16 သေနတ်နှစ်လက်နဲ့ Shot Gun ခေါက်ချိုးသေနတ်နှစ်လက်ကို သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပစ်ခတ်မှုဖြစ်ပြီး လွတ်မြောက်လာတဲ့တာဝန်ခံ နိုင်တမော့ချမ်းနဲ့ တပ်ဖွဲ့ဝင် ၉ ဦး ပြည်ကြိီးမဏ္ဍိုင်မြို့အနီး နေ့လယ် ၁၂ နာရီလောက်မှာ ထပ်မံတိုက်ခိုက်ခံရလို့ အရပ်သားယာဥ်မောင်းတဦးနဲ့ တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့တဲ့အပြင် AK 47 သေနတ်တလက်လည်း ဆုံးရှုံးခဲ့ရတယ်လို့ မွန်ပြည်ကာကွယ်ရေးတပ်ဘက်က ပြောပါတယ်။

"ဆုံးသွားတဲ့ အရပ်သားယာဥ်မောင်းကတော့ အစည်းအဝေးပြီး ပြန်ကြလို့ ကားနဲ့လိုက်ပို့ဖို့ ငှားလာတဲ့သူပါ"

အခုလိုပစ်ခတ်မှုနဲ့ပတ်သက်ပြီး KNU တပ်မဟာ ၄ စစ်ရုံးကို ဒီဗွီဘီက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်ရေးလိုင်း အခက်အခဲကြောင့် ဖုန်းလက်ခံဖြေကြားနိုင်ခြင်း မရှိခဲ့ပါဘူး။

မွန်ပြည်ကာကွယ်ရေးတပ်ဘက်ကတော့ အခုဖြစ်စဥ်နဲ့ပတ်သက်ပြီး လူမျိုးရေးပဋိပက္ခတွေမဖြစ်အောင် ညှိနှိုင်းလုပ်ဆောင်သွားမယ်လို့ပြောပါတယ်။

"ကျနော်တို့ကတော့ ဒါတွေကို အခြေခံပြီး လူမျိုးရေးပဋိပက္ခတွေမဖြစ်အောင် အထူးဂရုစိုက်ပြီး ညှိနှိုင်းသွားဖို့ရှိပါတယ်။ KNU ဗဟိုက လူကြီးတွေကိုလည်း ဆက်သွယ်ပြီး သေချာစကားပြောဖို့ ကြိုးစားနေပါတယ်"

ဒုတိယအကြိမ် ပစ်ခတ်ခံရပြီးနောက် တပ်ဖွဲ့ဝင် ၅ ဦးနဲ့ အဆက်သွယ်ပြတ်တောက်သွားခဲ့ပြီး တာဝန်ခံ နိုင်တမော့ချမ်း အပါအဝင် ၄ ဦးနဲ့သာ အဆက်သွယ်ရသေးတယ်လို့လည်း ပြောပါတယ်။

"ကျနော်တို့ တပ်ဖွဲ့ဝင်တွေ မြေပြင်မှာ လိုက်ရှာနေတုန်းပဲ၊ အသက်ရှင်နေသေးရဲ့လားဆိုတာကိုတောင် ကျနော်တို့ မပြောနိုင်သေးဘူး"

မွန်ပြည်ကာကွယ်ရေးတပ် MSDF ကတော့ KNU တာဝန်ရှိသူတွေအနေနဲ့ အခုလို ပြစ်မှုကျူးလွန်ခဲ့တဲ့ တပ်မဟာ ၄ တပ်ရင်း ၁၁ က တပ်ဖွဲ့ဝင်တွေကို အမြန်ဆုံး စုံစမ်းဖော်ထုတ်အရေးယူပေးဖို့ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - MSDF တပ်ဖွဲ့ဝင်များ

17 mins Ago

October 3, 2022

ခေါဇာတိုက်ပွဲတွင် မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် ၂ ဦး ကျဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့မှာ ဒီကနေ့ အောက်တိုဘာ ၃ ရက်နေ့ ညနေ ၅ နာရီခွဲလောက်က ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်အတွင်း မျိုးချစ်ရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်လို့ မွန်ပြည်ကာကွယ်ရေးတပ်(MSDF –S) တောင်ပိုင်း ပြောခွင့်ရ နိုင်နဂါးက ဒီဗွီဘီကို ပြောပါတယ်။

မွန်ပြည်ကာကွယ်ရေးတပ်က ခေါဇာမြို့မှာ စစ်ကြောင်းလှုပ်ရှားစဉ် စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ - ၃၁) နဲ့ ထပ်တိုက်တွေ့ဆုံပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

၂၅ မိနစ်နီးပါးအကြာ နှစ်ဖက်တိုက်ပွဲအတွင်း အာဏာရှင်ဖြုတ်ချရေးအတွက် တိုက်ပွဲဝင်နေတဲ့ မွန်ပြည်ကာကွယ်ရေးတပ်က မျိုးချစ်ရဲဘော် ၂ ဦး အသက်ပေးလှူခဲ့ရတာပါ။

အဲဒီနှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က တပ်ရင်းဗိုလ်ကြီး တဦးနဲ့ တပ်သားတဦး သေဆုံးပြီး နောက်ထပ် တပ်သား တဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း သတင်းရရှိထားတယ်လို့ မွန်ပြည်ကာကွယ်ရေးတပ်(MSDF –S) တောင်ပိုင်း ပြောခွင့်ရ နိုင်နဂါးက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း အင်အားမမျှပေမယ့် မွန်ပြည်ကာကွယ်ရေးတပ်က လုံခြုံစိတ်ချရာနေရာကို ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မွန်ပြည်ကာကွယ်ရေးတပ်(တောင်ပိုင်း)ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့ကလည်း ခေါဇာနယ်မြေရဲစခန်းကို တပ်တည်ထောင်ပြီးနောက် ပထမဦးဆုံး စစ်ရေးအဖြစ် ဝင်ရောက် တိုက်ခိုက်ခဲ့ထားတာပါ။

မွန်ပြည်ကာကွယ်ရေးတပ်(တောင်ပိုင်း)ဟာ စစ်တပ် အာဏာသိမ်းပြီးနောက် မွန်လူငယ်တွေ အပါအဝင် မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့ တစ်ခုလည်း ဖြစ်ပါတယ်။

7 months Ago
Up