close

မွန်ပြည်နယ်နေ့

close

March 19, 2022

မွန်ပြည်နယ်နေ့ပွဲ အကျဉ်းချုံးကျင်းပ၊ မွန်ပြည်နယ်အရှိန်အဟုန်ဖြင့်တိုးတက်လာနိုင်ဟု စစ်ခေါင်းဆောင်ပြော

မွန်ပြည်နယ်ဟာ အရှိန်အဟုန်နဲ့ တိုးတက်လာနိုင်တဲ့  အလားအလာကောင်းတွေ တွေ့မြင်နေရပြီဖြစ်တယ်လို့  အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လ ၁၉ ရက် ဒီနေ့ ကျရောက်တဲ့ ၂၈ နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောပါတယ်။ 

မွန်ပြည်နယ်ရဲ့ အခြေခံကောင်းတွေဖြစ်တဲ့ သဘာဝအရင်းအမြစ်နဲ့ မြေပေါ်မြေအောက် သယံဇာတတွေကြွယ်ဝတာ၊ မြတ်ဗုဒ္ဓရဲ့ သာသနာထွန်းလင်းတောက်ပရာဒေသဖြစ်တာ၊ မွန်၊ တိုင်းရင်းသားတို့ရဲ့ ရှည်လျားလှတဲ့ သမိုင်းစဉ်နဲ့ အဆင့်မြင့်တဲ့ ယဉ်ကျေးမှု အမွေအနှစ် များစွာရှိတာ၊ ပင်လယ်ပြင်နဲ့ ပင်လယ်ကမ်းရိုး တန်းဧရိယာတွေနဲ့ ထိစပ်နေတာကြောင့် ထာဝရငြိမ်းချမ်းရေးရရှိခြင်းဖြင့် ဆယ်စုနှစ်အတွင်း အရှိန်အဟုန်နဲ့ တိုးတက်လာနိုင်တဲ့ အလားအလာကောင်းတွေ တွေ့မြင်နေရပြီလို့ စစ်ခေါင်းဆောင်က ပြောပါတယ်။ 

ဒီနေ့ ကျရောက်တဲ့  မွန်ပြည်နယ်နေ့ အခမ်းအနားကို မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမမှာ  အာဏာသိမ်း စစ်ကောင်စီက  လုံခြုံရေးအပြည့်နဲ့ အကျဉ်းချုံးကျင်းပခဲ့တာပါ။

အခမ်းအနား ကျင်းပရာ ပြည်နယ်ခန်းမအနီးပတ်ဝန်ကျင်းမှာတော့ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ အင်အားရာနဲ့ချီ လုံခြုံရေး ချထားကာ  မွန်ပြည်သူတွေကိုတော့ အထဲကို ဝင်ခွင့်မပေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီနှစ်မှာ ကျရောက်တဲ့ မွန်ပြည်နယ်နေ့ အခမ်းအနားကိုတော့ စစ်ကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင် အပါအဝင် စစ်ကောင်စီရဲ့ ပြည်နယ်အဆင့် အဖွဲ့ဝင်တွေလည်း တက်ရောက်ခဲ့တာပါ။

စစ်တပ်အာဏာမသိမ်းခင် မွန်ပြည်နယ်နေ့ အခမ်းအနားတွေကို မော်လမြိုင်သံလွင်ဥယျာဉ်ဝင်းအ တွင်းမှာ ပျော်ပွဲရွှင်ပွဲတွေနဲ့ ၃ ရက်တိုင်တိုင် ကျင်းပလေ့ရှိခဲ့တာ ဖြစ်ပါတယ်။

1 min Ago
Up