မွန်ပြည်နယ်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၄ ဦး တွေ့ရှိခဲ့ကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက မေ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
ပေါင်မြို့နယ်မှာ ၅ ဦး၊ ကျိုက်ထိုမြို့နယ်မှာ ၂ ဦး၊ သံဖြူဇရပ်မြို့နယ်မှာ ၂ ဦး၊ မုဒုံမြို့နယ်မှာ ၂ ဦး၊ မော်လမြိုင်မြို့နယ်မှာ ၁ ဦး၊ ကျိုက်မရောမြို့နယ်မှာ ၁ ဦးနဲ့ ချောင်းဆုံမြို့နယ်မှာ ၁ ဦး တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
အတည်ပြုလူနာတွေကို သက်ဆိုင်ရာမြို့နယ် ကိုဗစ်ကုသဆောင်တွေကို ပို့ဆောင်ထားပြီး တချို့ကို နေအိမ်မှာ ကွာရန်တင်း ထားရှိပါတယ်။
ကိုဗစ်အရေး ကူညီဆောင်ရွက်နေသူတယောက်က “မွန်ပြည်နယ်မှာလည်း တဖြည်းဖြည်းနဲ့ တွေ့ရှိနှုန်းက များလာတယ်လို့ ပြောလို့ရတယ်။ အခုဆို ကိုဗစ်စင်တာကို ပို့တဲ့သူတွေရှိသလို အိမ်မှာပဲ ကွာရန်တင်းထားတဲ့သူတွေလည်း ရှိတယ်။ ပြီးတော့ လူစုလူဝေးတွေ ပုံမှန်သွားလာနေကြတာကြောင့် ကူးစက်မှုလည်း ထပ်မံတွေ့ရှိလာနေတာကြောင့် လူတွေ မပေါ့မဆကြပါနဲ့” လို့ ပြောပါတယ်။
မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးမှာ ကိုဗစ်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းကို လိုက်နာကြဖို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားပေမဲ့ လူစုလူဝေးတွေဟာ အရင်လို ပုံမှန်အတိုင်းပဲ သွားလာနေကြတယ်လို့ ဆိုပါတယ်။
မွန်ပြည်နယ်ရှိ အကျဥ်းထောင်တွေကနေ ဒီနေ့ မေ ၃ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၃၂ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်တယ်လို့ ထောင်အာဏာပိုင်တွေနဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။
ကျိုက်မရောအကျဉ်းထောင်မှ အကျဉ်းသား ၅ ဦး၊ အကျဉ်းသူ ၂၁ ဦး၊ သထုံအကျဉ်းထောင်မှ အကျဉ်းသား ၆ ဦး၊ စုစုပေါင်း ၃၂ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရရှိခဲ့တယ်လို့ ဆိုပါတယ်။
မွန်ပြည်နယ်အတွင်းမှာ နိုင်ငံရေးအကျဥ်းသားတချို့ ပြန်လွှတ်ပေးလိုက်တယ်လို့ စစ်ကောင်စီဘက်က ပြောဆိုထားပေမဲ့ ဘယ်သူတွေပါဝင်လာသလဲဆိုတာ အတိအကျ မသိရသေးဘူးလို့ ပုဒ်မ ၅၀၅-က နဲ့ ထောင်ကျနေတဲ့ မိသားစုဝင်တွေနဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။
စစ်ကောင်စီဘက်က ပြန်လွှတ်ပေးလိုက်တဲ့ နိုင်ငံရေးအကျဉ်းသား အများစုဟာ ထောင်ဒဏ် ၃ နှစ် ကျခံရသူတွေဖြစ်ပြီး လွတ်ရက်ပြည့်တဲ့သူတွေလည်း ပါတယ်လို့ ဆိုပါတယ်။
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၂,၁၅၃ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း စစ်ကောင်စီက မေလ ၃ ရက်မှာ ထုတ်ပြန် ကြေညာထားတာပါ။