မွန်ပြည်နယ်ထဲက ကျေးရွာတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီဟာ အခုရက်ပိုင်းအတွင်း ရွာသားတွေကို စစ်မှုထမ်းဖို့ တပ်သားသစ်တွေ စတင်ခေါ်ယူ စုဆောင်းနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေထဲက ရွာတွေအားလုံးမှာ တရွာကို အသက် ၁၈ နှစ်ကနေ ၄၀ ကြားအရွယ် အနည်းဆုံး လူ ၁၅ ယောက် စစ်မှုမထမ်းမနေရ သတ်မှတ်ထားပြီး စိတ်ဝင်စားတဲ့ လူငယ်လူရွယ်တွေ စစ်မှုထမ်းဖို့ ဝင်နေကြပါတယ်။
မွန်လူငယ်တဦးက “လက်ရှိအခြေအနေအရ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး မွန်ပြည်သစ်ပါတီရဲ့ ထိပ်တန်းလူတချို့လောက်ပဲ အကျိုးစီးပွားကို အသုံးချပြီး စစ်မှုထမ်းရမယ်ဆိုရင် မွန်ပြည်သစ်ပါတီထဲ ဝင်ရောက်မှာမဟုတ်ဘူး။ စစ်အာဏာရှင်ကို တွန်းလှန်မယ်ဆိုရင် ဆန္ဒအလျောက် စစ်မှုထမ်းဖို့ဆိုရင် လက်ခံကြိုဆိုတယ်” လို့ ပြောပါတယ်။
အခုလို စစ်မှုထမ်းတပ်သားသစ် ခေါ်ယူတာနဲ့ပတ်သက်ပြီး မွန်ပြည်သစ်ပါတီဘက်က လူသိထင်ရှား တရားဝင် သတင်းထုတ်ပြန် ပြောဆိုအသိပေးထားတာမျိုး မရှိသေးပါဘူး။
အခုလို မွန်ပြည်သစ်ပါတီဘက်က စစ်မှုထမ်း တပ်သားသစ်တွေ စတင်ခေါ်ယူနေတဲ့အပေါ်မှာ မွန်ပြည်သစ်ပါတီ ထိပ်တန်းခေါင်းဆောင်တွေထဲမှာ သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။
နိုင်ငံရေးလေ့လာသူတဦးက “စစ်ရေးကို နိုင်ငံရေးစားပွဲဝိုင်းမှာ ငြိမ်းချမ်းစွာအဖြေရှာမယ့် နည်းလမ်းကိုသာ သွားခဲ့နေပေမဲ့ သက်ရောက်မှုက သိပ်ပြီးမထူးခြားလာတာရယ်၊ တနိုင်ငံလုံးမှာ စစ်ကောင်စီကို တိုက်ခိုက်ဆန့်ကျင်နေတဲ့အချိန်မှာ မွန်ပြည်သစ်ပါတီဘက်က တခြား တိုင်းရင်းသားလက်နက်ကိုင်တွေလို စစ်အင်အား တိုးချဲ့ပြင်ဆင်လာခဲ့တယ်။ မွန်ဒေသတခုလုံးရဲ့ အကျိုးစီးပွားကို ကာကွယ်နိုင်ဖို့ အခုလို စစ်အင်အားတိုးချဲ့လာတာ ဖြစ်တယ်” လို့ သုံးသပ်ထားပါတယ်။
ဒေသတွင်းမှာ ပြီးခဲ့တဲ့လတွေက စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲတွေဖြစ်ခဲ့လို့ မွန်ရွာတွေအများစုပါဝင်တဲ့ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်ရှိ ကမ်းမလိုက်၊ မာလာတော၊ တလွဲထော်၊ ကော့ကွေး၊ မိဂလို၊ ကော့ကာ၊ ကမ်းနီ၊ ကော့ကြိုက်၊ ရွာကလေး၊ ကျောက်ဖျာ၊ မြေနီကုန်း၊ ကော့ဘိန်း၊ ကော့ပေါက်၊ ငှက်ပျောတော စတဲ့ရွာတွေထဲက ဒေသခံ သောင်းနဲ့ချီ ထွက်ပြေးနေခဲ့ရပါတယ်။
မွန်ပြည်သစ်ပါတီဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို လက်ခံပြီး နေပြည်တော်ကို ၃ ကြိမ်လောက် သွားရောက်ကာ စစ်ခေါင်းဆောင်နဲ့ရော စစ်ကောင်စီဩဇာခံ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
လက်နက်ကိုင်တပ်တွေအနေနဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေကို လိုက်နာပြီး အများပြည်သူ နေထိုင်တဲ့ ကျေးရွာ၊ လူနေရပ်ကွက်တွေကို ရှောင်ရှားတိုက်ပွဲဖော်ကြဖို့ မွန်ပြည်သစ်ပါတီက ထုတ်ပြန်တိုက်တွန်းတယ်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကမ်းနီနဲ့ အနီးတဝိုက် ကျေးရွာတွေ မီးရှို့ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီက ဇန်နဝါရီ ၂၉ ရက်မှာ ထုတ်ပြန်လိုက်တာဖြစ်ပြီး ကမ်းနီရွာရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင် နေအိမ်တွေကို ဗိုလ်အယ်စေးဝါး ဦးဆောင်တဲ့ Lion Battalion commando ပူးပေါင်းစစ်ကြောင်းတပ်ဖွဲ့က စတင်မီးရှို့ခဲ့တာလို့ စွပ်စွဲထားသလို စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျည်ထိမှန်ပြီး နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့လည်းဆိုပါတယ်။
ဗိုလ်စောအယ်စေးဝါး ဦးဆောင်တဲ့ Lion Battalion Commando အဖွဲ့က ဇန်နဝါရီ ၂၄ ရက်နဲ့ ၂၆ ရက်တို့မှာ ကမ်းနီကျေးရွာ အုပ်ချုပ်ရေးမှူးရုံးနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေရဲ့ နေအိမ်တွေကို စတင်မီးရှို့ရာကနေ ကျေးရွာအတွင်းက နေအိမ်တွေ ကူးစက်မီးလောင်ခဲ့တယ်လို့ ဆိုပါတယ်။
မီးလောင်မှုကြောင့် ကမ်းနီကျေးရွာက နေအိမ် ၂၁ လုံးနဲ့ ကျေးရွာသား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ညောင်ရိပ်ကျေးရွာမှာတော့ နေအိမ် ၁၈ လုံး မီးလောင်ခဲ့တယ်လို့ မွန်ပြည်သစ်ပါတီက ထုတ်ပြန်ထားပါတယ်။
ကော့ပိန်းကျေးရွာ မွန်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက “ရွာသားတွေက ရွာကို ဒီ PDF တွေ မီးရှို့တာ၊ အမြောက်တွေကျတော့ ဟိုက ပစ်တာပေါ့နော်။ သူတို့က ရှို့တာ ဥက္ကဋ္ဌအိမ်၊ နောက် မီးငြှိမ်းတာကို မပေးငြှိမ်းဘူး။ ငြှိမ်းရင် ပစ်သတ်မယ် ဘာညာနဲ့ ရွာသူ ရွာသားကို ခြောက်တော့ ရွာသူရွာသားတွေကြ မလုပ်ရဲဘူး။ သူတို့ပြောတာ ဥက္ကဋ္ဌအိမ်တို့၊ ပြည်သူ့စစ်ခေါင်းဆောင်အိမ်တို့ ဟိုအရင်တုန်းက ပြည်သူ့စစ် လုပ်ခဲ့ဖူးတဲ့လူတွေလေ။ အိမ်က ကပ်တယ်။ အိမ်ကကပ်တော့ ဘယ်တတ်နိုင်မလဲ” လို့ ပြောပါတယ်။
အခုလိုမီးရှို့မှုနဲ့ပတ်သက်ပြီးတော့ ဗိုလ်အယ်စေးဝါး ဦးဆောင်တဲ့ Lion Battelion Commando - ဗျူဟာစစ်ကြောင်းဘက်က ထုတ်ပြန်တာ မရှိပါဘူး။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် နေအိမ်တချို့ ပျက်စီးခဲ့ကြောင်းလည်း မွန်ပြည်သစ်ပါတီက ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ မွန်ပြည်သစ်ပါတီအနေနဲ့ စစ်ဘေးရှောင်တွေအတွက် အကူအညီနဲ့ ကျန်းမာရေးအတွက် လုပ်ဆောင်နေပြီး ကျေးရွာတွေအတွင်း လုံခြုံရေးအစီအမံတွေ ကြိုတင်ပြင်ဆင်ထားကြဖို့ ထုတ်ပြန် တိုက်တွန်းထားပါတယ်။
ဇန်နဝါရီ ၂၀ ရက်ကနေ ၂၆ ရက်အထိ ကျုံးဒိုးဒေသတဝိုက် တိုက်ပွဲတွေကြောင့် စစ်ကောင်စီဘက်က ၉၀ ကျော် သေဆုံးခဲ့ပြီး ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Lion Battalion Commando - ဗျူဟာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲတွေကြောင့် ကျုံဒိုးမြို့နဲ့ အနီးနားက ကျေးရွာ ၂၀ လောက်က ထောင်နဲ့ချီတဲ့ ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ကျေးရွာတချို့ ဘုန်းကြီးကျောင်းတွေမှာ စစ်ရှောင်စခန်း ၉ ခု ဖွင့်လှစ်ထားကာ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးရှိ ကမ်းနီ၊ မိဂလုံ၊ ကော့ဘိန်း စတဲ့ကျေးရွာတွေဟာ မွန်ပြည်သစ်ပါတီ သထုံခရိုင်ဌာနချုပ် ထိန်းချုပ်နယ်မြေထဲမှာ ပါဝင်နေသလို မွန်လူမျိုးအများစု နေထိုင်ကြတဲ့ ကျေးရွာတွေ ဖြစ်ပါတယ်။