ထောင်ဒဏ် ၂၅ နှစ်ချမှတ်ခံရထားတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပေါ် စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှု အယူခံကို နိုဝင်ဘာ ၁၅ ရက်နေ့မှာ ပြည်နယ်လွှတ်တော်တရားရုံးက ပယ်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၇၁(စ) နဲ့ အမှု ၂ မှုဖွင့်လှစ်ထားတာပါ။
အဲဒီအမှုတွေဟာ တရားစွဲအဖွဲ့အစည်း ခွင့်ပြုမိန့်မပါတာကြောင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးက အမှုတစ်ခုလုံးကို ချေဖျက်ကြောင်း အမိန့်ချမှတ်ပြီးနောက် စစ်ကောင်စီက တရားစွဲအဖွဲ့အစည်း ခွင့်ပြုမိန့်လျှောက်ထားပြီး ပြန်လည်တရားစွဲထားတဲ့ အမှုတွေလည်း ဖြစ်ပါတယ်။
စစ်ကောင်စီက ပြန်လည်တရားစွဲဆိုထားတဲ့အမှုအရ ဝန်ကြီးချုပ်ဒေါက်တာအေးဇံဟာ တာဝန်ထမ်းဆောင်စဉ် ပြည်သူ့ဝန်ထမ်းဖြစ်ခဲ့တဲ့အတွက် တရားစွဲဆိုမယ်ဆိုရင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၉၇ အရ နိုင်ငံတော် သမ္မတ ခွင့်ပြုမိန့် လိုအပ်တာကြောင့် အမှုတစ်ခုလုံးကို ထပ်မံချေဖျက်ပေးဖို့ ရှေ့နေအဖွဲ့က အယူခံ လျှောက်တင်ခဲ့တာပါ။
ဒါပေမဲ့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ ချေဖျက်အမိန့်အယူခံကို မွန်ပြည်နယ် တရားလွှတ်တော်က နိုဝင်ဘာ ၁၅ ရက်နေ့မှာ ပယ်ချကြောင်း အမိန့်ချလိုက်တာ ဖြစ်ပါတယ်။
ဒါကြောင့် ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပေါ် စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုတွေကို လာမယ့်ရုံးချိန်းကစပြီး မော်လမြိုင်မြို့နယ်တရားရုံးမှာ ပြန်လည် စစ်ဆေးတော့မှာ ဖြစ်ပါတယ်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ်၊ ပုဒ်မ ၁၃၀(က)အတွက် ထောင်ဒဏ် ၂ နှစ်၊ ၅၀၅(ခ)နဲ့ ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၂၅ နှစ် အမိန့်ချမှတ်ခံထားရပါတယ်။
ထောင်ဒဏ် ၂၁ နှစ် ချမှတ်ခံထားရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ အဂတိမှု ၉ မှုအတွက် အယူခံကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက လက်မခံဘဲ ပလပ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ဒီဗွီဘီကို ပြောပါတယ်။
ဒေါက်တာအေးဇံကို မွန်ပြည်နယ်ဝန်ကြီးချုပ် တာဝန်ယူစဉ်ကာလအတွင်း လုပ်ပိုင်ခွင့်ကို အသုံးပြုကာ စီးပွားရေးလုပ်ငန်းရှင်တွေဆီကနေ ငွေကြေးရယူခဲ့တယ်ဆိုပြီး စစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ အမှု ၉ မှု ဖွင့်ပြီးနောက် ပြီးခဲ့တဲ့ မေ ၁၆ ရက်မှာ ထောင်ဒဏ် ၂၁ နှစ် အမိန့်ချမှတ်ထားတာပါ။
အဲဒီထောင်ဒဏ်အမိန့်အတွက် သြဂုတ် ၁၁ ရက်က နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှာ ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ ရှေ့နေအဖွဲ့က အယူခံ သွားရောက်လျှောက်ထားခဲ့ပါတယ်။
အဲဒီအယူခံကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက လက်မခံဘဲ အောက်ရုံး ဆုံးဖြတ်ချက်သာ အတည်ဖြစ်တယ်လို့ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
အသက် ၆၈ နှစ်အရွယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အမှု ၁၁ မှု ဖွင့်လှစ်ပြီး ထောင်ဒဏ် ၂၅ နှစ် ပြစ်ဒဏ်ချမှတ်ထားပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ်၊ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၁၃၀(က) နဲ့ ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၂၅ နှစ် အမိန့်ချမှတ်ခံထားရပါတယ်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက ကျိုက်မရော ဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားပါတယ်။