close

မွန်အမျိုးသားစာသင်ကျောင်း

close

January 7, 2022

မွန်အမျိုးသားစာသင်ကျောင်းမှ ကျောင်းသားကျောင်းသူများ ၁၀ တန်းစာမေးပွဲ ဖြေဆိုမည်မဟုတ်

စစ်ကောင်စီရဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မွန်အမျိုးသားစာသင်ကျောင်းတွေက ကျောင်းသူ၊ ကျောင်းသားတွေ ဝင်ရောက် ဖြေဆိုမှာမဟုတ်ဘူးလို့ မွန်အမျိုးသား ပညာရေးကော်မတီ တာဝန်ရှိသူတွေက ပြောပါတယ်။

မွန်အမျိုးသား စာသင်ကျောင်းတွေဟာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ စာသင်ကျောင်းပေါင်း ၁၃၄ ကျောင်းရှိပြီး ကျောင်းသူ၊ ကျောင်းသား ၁၀၀၀၀ ကျော်ကို မွန်စာပေတွေနဲ့ အစိုးရသင်ရိုးညွှန်းတမ်းတွေ သင်ကြားပေးနေတာပါ။

ဒါပေမဲ့ မွန်အမျိုးသားစာသင်ကျောင်းတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာသိမ်း စစ်ကောင်စီနဲ့ အဆက်အသွယ်မလုပ်ဘဲ သီးခြားရပ်တည်ခဲ့တာပါ။

မွန်အမျိုးသားစာသင်ကျောင်းက ကျောင်းသူ၊ ကျောင်းသားတွေဟာ အာဏာမသိမ်းခင်က အစိုးရရဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေကို နှစ်စဉ် ဝင်ရောက် ဖြေဆိုခဲ့တာပါ။

စစ်ကောင်စီလက်ထက်မှာတော့ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေကို ကျောင်းသားအများစုက ဝင်ရောက်ဖြေဆိုမှာ မဟုတ်တော့ပေမဲ့ တချို့ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို မိမိဆန္ဒအတိုင်း စာမေးပွဲတွေ ဝင်ရောက်ဖြေဆိုနိုင်တယ်လို့ မွန်အမျိုးသား ပညာရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“တခုတော့ရှိတယ်ပေါ့လေ၊ မိဘတွေရဲ့သဘောက တချို့တွေက အစိုးရစာမေးပွဲ ဝင်ဖြေချင်တဲ့ အပိုင်းတွေရှိတယ်။ သူတို့ဟာနဲ့သူတို့ နီးစပ်ရာကျောင်းနဲ့ နီးစပ်ရာ မြို့နယ်ပညာရေးမှူးတွေနဲ့ သူတို့ဖာသာသူတို့ သွားလုပ်တာရှိတယ်။ ကျနော်တို့ကတော့ မလုပ်ပေးပါဘူး။”

စစ်ကောင်စီရဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေကို ဝင်ရောက် ဖြေဆိုသွားမှာမဟုတ်ပေမယ့် မွန်အမျိုးသား စာသင်ကျောင်းတွေမှာ မိမိတို့သင်ရိုးညွှန်းတမ်းအတိုင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။

ဒါ့အပြင် ကျောင်းသူ၊ကျောင်သားတွေကို ရှေ့ဆက်ပညာရေး မဆုံးရှုံးစေဖို့အတွက် နိုင်ငံတကာ အသိအမှတ်ပြု အထက်တန်းအဆင့် အောင်မြင်ကြောင်း လက်မှတ်တွေ ထိုးပေးနိုင်တဲ့အထိ ပြင်ဆင်ထားတာပါ။

လက်ရှိမှာတော့ ကိုယ်ထူကိုယ်ထ ရပ်တည်နေရတဲ့ မွန်အမျိုးသား စာသင်ကျောင်းတွေဟာ ပြည်တွင်း၊ ပြည်ပအလှူရှင်တွေနဲ့ ရပ်ရွာဒေသက အလှူငွေတွေကို မှီခိုရပ်တည်နေရတဲ့ အတွက်ကြောင့် ကျောင်းဆရာ၊ ဆရာမ လစကအစ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတာပါ။

မွန်အမျိုးသား ပညာရေးကော်မတီ တာဝန်ရှိသူတစ်ဦးက “ဘက်ပေါင်းစုံအခက်အခဲ ရှိတယ်ပေါ့။ အဓိကတော့ ငွေကြေးအရင်းအမြစ်၊ နည်းပညာအရင်းအမြစ် အမျိုးစုံသော အခက်အခဲတွေ ရှိတယ်။ ဒါပေမဲ့ မွန်ကွန်မြူနတီကနေ အားပေးထားတယ်။ ရပ်ရွာအဖွဲ့အစည်းက အားပေးထားတယ်။ မွန်ရဟန်းတော် သံဃာတော် ဘုန်းကြီးတွေ အားပေးထားတယ်။ ဆိုတော့ ကျနော်တို့က ဒီအတိုင်းပဲ ရပ်တည်နေရတာပေါ့” လို့ ပြောပါတယ်။ 

မွန်အမျိုးသားစာသင်ကျောင်းတွေဟာ ပြီးခဲ့တဲ့ အစိုးရအဆက်ဆက်ကတည်းက တရားဝင် အသိအမှတ်ပြု မခံရတဲ့အတွက်ကြောင့် ကိုယ်ထူကိုယ်ထ ရပ်တည်နေရတာပါ။

လက်ရှိမှာတော့ အာဏာသိမ်းစစ်ကောင်စီဟာ တက္ကသိုလ်ဝင်တန်း စာမေးပွဲလျှောက်လွှာတွေကို ဇန်နဝါရီ ၁၅ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်တယ်လို့ ထုတ်ပြန်ထားတာပါ။

2 mins Ago

November 2, 2021

မွန်အမျိုးသားစာသင်ကျောင်းများ ပြန်ဖွင့်နိုင်ခြင်းမရှိသေး

မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါ  ကူးစက်မှုတွေ ရှိနေသေးတဲ့အတွက်ကြောင့် မွန်အမျိုးသားစာသင်ကျောင်းတွေကို ပြန်လည် ဖွင့်နိုင်ခြင်း မရှိသေးဘူးလို့ မွန်အမျိုးသား ပညာရေး ကော်မတီ တာဝန်ရှိသူတွေက ဒီဗွီဘီကို ပြောပါတယ်။

မွန်အမျိုးသားစာသင်ကျောင်းတွေဟာ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ  စာသင်ကျောင်းပေါင်း ၁၃၀ ကျော် ရှိနေတာ ဖြစ်ပြီး အဲဒီကျောင်းတွေမှာ တက်ရောက်သင်ကြားနေတဲ့ ကျောင်းသူ၊ ကျောင်းသား ၁၀၀၀၀ ကျော်ရှိနေတာ ဖြစ်ပါတယ်။

ကိုဗစ်ကပ်ရောဂါကူးစက်မှု ကာလအတွင်း မွန်အမျိုးသားစာသင်ကျောင်းတွေက ကျောင်းသူ၊ ကျောင်းသား ၄၀၀ နီးပါး ရောဂါ ကူးစက်ခံလိုက်ရတာဖြစ်ပြီး တချို့ကတော့ ပြန်လည် ကောင်းမွန်လာပါတယ်။

ကျောင်းသားမိဘတွေက ရောဂါကူးစက်မှု တချို့ကျန်ရှိနေသေးတဲ့အတွက်ကြောင့် ကလေးတွေကို ကျောင်းလွှတ်ဖို့ စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

မွန်အမျိုးသားစာသင်ကျောင်းတွေဟာ ပြန်မဖွင်နိုင်သေးတဲ့ကာလမှာ ကျောင်းသူ၊ကျောင်းသားတွေ ပညာသင်ယူခွင့် မဆုံးရှုံးဖို့အတွက် နေအိမ်တွေမှာ စာသင်ကြားနိုင်တဲ့ Home Base Learning အစီအစဉ်နဲ့ သင်ကြားပေးသွားမယ်လို့ ကျောင်းဆရာ တစ်ဦးက ပြောပါတယ်။

မွန်အမျိုးသားစာသင်ကျောင်းတွေက ပြည်တွင်း၊ပြည်ပအလှူရှင်တွေနဲ့ ရပ်ရွာဒေသက အလှူငွေတွေနဲ့ မှီခိုရပ်တည်နေရတဲ့ အတွက်ကြောင့် အခက်အခဲမျိုးစုံ ရင်ဆိုင်နေဆဲ ဖြစ်ပါတယ်။ မွန်အမျိုးသားစာသင်ကျောင်းတွေကို စစ်ကောင်စီက အကူအညီ တစ်စုံတစ်ရာ ထောက်ပံ့ပေးတာ မရှိဘူးလို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ မြန်မာနိုင်ငံတဝန်း နိုဝင်ဘာ ၁ ရက်နေ့ကစပြီး မြို့နယ် ၄၆ မြို့နယ်လွဲလို့ ကျန်မြို့နယ် အားလုံးက အခြေခံပညာကျောင်းတွေကို ပြန်လည် ဖွင့်လှစ်ဖို့ စီစဉ်ခဲ့တာပါ။  

ဒါပေမဲ့ နေပြည်တော်နဲ့ ရခိုင်ပြည်နယ်ကလွဲပြီး ကျန်ဒေသတွေမှာ ကျောင်းသူကျောင်းသားတွေ  အနည်းငယ်သာ ကျောင်းတက်တာ တွေ့ရခဲ့ရပြီး ရန်ကုန်မှာလည်း ကျောင်းလာတက်တဲ့ကျောင်းသားတွေ မရှိသလောက်နည်းပါး တယ်လို့ ဒေသခံတွေက ပြောပါတယ်။

2 months Ago
Up