close

မွေ့တုံရွာ

close

September 13, 2022

မွေ့တုံရွာကို စစ်ကောင်စီတပ် မီးရှို့၊ ပြည်သူကာကွယ်ရေးတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွား

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ မွေ့တုံရွာကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူကာကွယ်ရေးတပ်တို့ စက်တင်ဘာ ၁၃ ရက် ဒီနေ့ညနေ ၄ နာရီလောက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူ ဗိုလ်ဥက္ကာက “ဒီကောင်တွေ ရွာကို မီးရှို့တာဟာ သက်သက်ယုတ်မာတာ ဖြစ်တယ်ဗျ။ ကျနော်တို့ သူတို့ လှုပ်ရှားနေတာကို ပထမ စောင့်ကြည့်နေသေးတယ်ဗျ။ အဲဒီလို စောင့်ကြည့်နေတုန်း ‌ဒီနေ့ နေ့လယ် ၁ နာရီလောက်ရောက်တော့ မွေ့တုံရွာကို မီးရှို့တယ်။ အဲဒီလို မီးရှို့တော့ ကျနော်တို့ စောင့်ကြည့်မနေနိုင်တော့ဘဲ ညနေ ၄ နာရီရောက်တော့ စစ် (-) တွေကို ရွာထဲအထိ သွားပစ်ခဲ့တယ်ဗျ။ စစ်‌ခွေး အကျအဆုံးကတော့ အတိအကျမသိရသေးဘူး။ ကျနော်တို့ဘက်ကတော့ အကျအဆုံး မရှိခဲ့ဘူးဗျ”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပုလဲမြို့နယ်၊ ရွာထင်ရွာထဲက  အိမ်တလုံးကို မီးရှို့ကာ ရွှေလောင်ရွာမှာ တပ်စွဲပြီးနောက် မွေ့တုံရွာကို လာမီးရှို့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“ကျနော်တို့ရွာကို အကြောင်းမဲ့ မီးလာရှို့ကြတာပါဗျာ။ မြေပြင်မှာ တိုက်ပွဲလည်းမဖြစ်ပါဘူး။ ပြည်သူကို သက်သက်ဒုက္ခပေးတာပါ။ ကျနော်တို့ အခု ရွာပြန်စရာလည်း မရှိတော့သလို အိမ်လည်း မရှိတော့ပါဘူးဗျာ။ မွေ့တုံဆိုတဲ့ ရွာကြီးက မီးလောင်ကွင်းကြီး ဖြစ်နေပါပြီ”လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

မွေ့တုံရွာဟာ အိမ်ခြေ ၂၀ဝ ကျော်အထက်ရှိပြီး စစ်ကောင်စီရဲ့ အခုလို မီးလာရှို့တာ ၃ ကြိမ်ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

မွေ့တုံရွာကို မီးရှို့ခဲ့တဲ့ စစ်တပ်ဟာ လက်ရှိအချိန်မှာ ပုလဲမြို့ပေါ်ကို ပြန်လည်ဆုတ်ခွာသွားပြီလို့ ကျားသစ်နက် တာဝန်ရှိသူက ပြောပါတယ်။

မွေ့တုံရွာကို စစ်ကောင်စီက မီးရှို့ခဲ့လို့  အိမ်ခြေအများအပြား ဆုံးရှုံးနိုင်ပြီး နယ်မြေလုံခြုံရေးအရ ရွာထဲ မဝင်ရသေးတာကြောင့် မီးလောင်ဆုံးရှုံးမှု အရေအတွက် အတိအကျ မသိရသေးဘူးလို့ ဒေသခံရွာသားတွေက ပြောပါတယ်။

အခုတိုက်ပွဲမှာ စစ်ကောင်စီတပ်ကို ဒေသခံ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က ဦးဆောင်ပြီး ဒေါင်းနက်အဖွဲ့၊ ဗမာဒေါင်းအဖွဲ့တို့ ပူပေါင်းတိုက်ခိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်နေတာကြောင့် ဒေသခံရွာသားတွေကတော့ ဘေးလွတ်ရာကို စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။

2 days Ago

January 31, 2022

ပုလဲမြို့နယ် မွေ့တုံရွာကို စစ်တပ်က မီးရှို့

စစ်ကိုင်းတိုင်း၊ ပုလဲမြိုနယ်၊ မွေ့တုံကျေးရွာကို စစ်ကောင်စီတပ်က  ဇန်နဝါရီ ၃၁ ရက် ဒီနေ့ ည ၈ နာရီလောက်က  မီးရှို့ခဲ့တယ်လို့  ဒေသခံရွာသားတွေထံက  သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ မကွေးတိုင်း၊ မြိုင်မြို့နယ်ကနေ ဒီကနေ့ မနက်ကတည်းက အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာပြီး ညပိုင်းမှာ ရွာကို မီးရှို့ခဲ့တာဖြစ်ပါတယ်။

မွေ့တုံရွာခံတစ်ဦးက “အခု ည ၈ နာရီလောက်ကမှ ရွာကို မီးရှို့နေတာဗျ။ သူတို့က ကျနော်တို့ရွာကို  နေ့လယ်ခင်းလောက်ကမှ  သေနတ်တွေနဲ့ပစ်ခတ်ပြီး ရွာထဲဝင်လာကြတယ်။ ရွာသူ၊ရွာသားတွေကတော့ သူတို့ရွာထဲမရောက်ခင်က ဘေးလွတ်ရာကို ထွက်ပုန်းနေရတယ်။ အခုလည်း ရွာထဲ မီးရှို့နေတာ အဝေးကနေပဲကြည့်နေရတယ်။ ဘာလို့အခုလိုရှို့တာလဲဆိုတော့ဗျာ ဒီကောင်တွေက သူတို့မထင်ရင် မထင်သလို လုပ်နေကြတာပဲ။ ဘယ်လိုပြောလို့ ပြောရမှန်းတောင်မသိတော့ဘူးဗျာ။ တစ်ရွာလုံး မလောင်ပါစေနဲ့လို ဆုတောင်းနေရုံကလွဲလို့ ဘာမှမရှိတော့ဘူး”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီနေ့ ဇန်နဝါရီ ၃၁ ရက် တရက်တည်းမှာ  စစ်ကိုင်တိုင်းအတွင်းက ကျေးရွာ ၆ ရွာလောက်ကို မီးရှို့သွားတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ မြင်းမူမြို့နယ်က  ပရက်ထိုင်းကျေးရွာ၊ ဒီပဲယင်းမြို့နယ်က ငဝဲတောကျေးရွာနဲ့ မင်းကင်းမြိုနယ်က အနောက်တောကျေးရွာ၊ ဘင်ကျေးရွာနဲ့ အုံနှဲဘုတ်ကျေးရွာတွေကို မီးရှို့ခဲ့ပြီးနောက် ပုလဲမြို့နယ် မွေ့တုံရွာကို ဝင်ရောက်မီးရှို့ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းကို  ထိန်းချုပ်နိုင်ဖို့  ကြိုးစားလာရာမှာဒေသခံတွေ အကြောက်တရားဖြစ်သွားအောင်လို အခုလိုကျေးရွာတွေကို မီးရှို့ခဲ့လို့ ဒေသခံတွေက ပြောပါတယ်။

8 months Ago
Up