close

မွှေးပျံ့နေဆဲပင်

close

March 3, 2023

သူရဲကောင်းတို့ သင်းရနံ့ကား မွှေးပျံ့နေဆဲပင်

ဘုရားစင်မှာ အမြတ်တနိုးတင်ထားတဲ့ ပန်းလေးတွေ။ အချို့ကြွေ အချို့ကား ဝေနေဆဲ။ ဝေသောပန်းတို့ ရနံ့လှိုင်သလို အကြွေပန်းတို့ သင်းရနံ့ကလည်း ကြိုင်နေဆဲပင်။ အလှသွေးကြွယ်လို့ ဝေနေချိန်မှာ ပင်ကိုယ်မွှေးပျံ့တဲ့ရနံ့ ရှိမှသာ ကြွေချိန်မှာလည်း သင်းရနံ့ကြိုင်ခွင့်ရှိတာ ပန်းတို့သဘာဝ၊ ပန်းတို့ရဲ့သဘော။ လူ့ဘဝ၊ လူ့မနော၊ လူ့သဘောမှာလည်း ဒီအတိုင်းရှိမယ်ထင်ပါရဲ့။

‘သူတော်ကောင်းတို့သင်းရနံ့ လေညာသို့ဆန်တက်မွှေးပျံ့နေ’ သတဲ့။ သူရဲကောင်းတို့ သင်းရနံ့လည်း ထိုနည်းနှင်နှင်။ ကျန်ရစ်သူရဲ့နှလုံးသားမှာ စွဲထင်ခဲ့တဲ့ သင်းရနံ့တို့ကား တမ်းတမ်းတတ မွှေးမွှေးမြမြ။ ‘သူရဲကောင်းတို့စံ’ အဖြစ် ကမ္ပည်းတင်ကျန်ရစ်မြဲပင်။

သူရဲကောင်းတို့ဂုဏ်ကို ဖွင့်ဖို့ဆိုရင် မှန်ကန်ခြင်းနဲ့ ရဲရင့်ခြင်းတို့ ပါစမြဲ။ မှန်ကန်ရဲရင့်ခြင်း မပါဘဲနဲ့တော့ ပြည့်မစုံ။ ‘ရဲရင့်ခြင်း’ ဆိုတာ ‘အစွမ်းသတ္တိ ထက်မြက်ခြင်း’ ပဲပေါ့။ ‘အစွမ်းသတ္တိ’ ဆိုတာလည်း ‘ရဲဝံ့စွာစွမ်းဆောင်နိုင်တဲ့အရည်အချင်း’ ကို ခေါ်ပါသတဲ့။ ဒါက မြန်မာအဘိဓာန်ရဲ့ အလိုအရ။ အဲ့သလို ရဲဝံ့စွာ စွမ်းဆောင်နိုင်တဲ့ ထူးခြားတဲ့ အရည်အချင်းနဲ့ ပြည့်စုံသူတွေဟာ လမ်းခုလတ်မှာ ကျဆုံးခဲ့ရပေမဲ့ သူတို့ကျဆုံးမှုကိုတော့ ‘ဂုဏ်ပြောင်တဲ့သေဆုံးမှု’ (Glorious Death) လို့ လူအများက အသိအမှတ်ပြု ဦးညွှတ်ကြ။ ဂုဏ်ပြုမဆုံး ကျေးဇူးသစ္စာကို စောင့်သိတတ်ကြပေါ့။

ပင်ကိုယ်ရနံ့ရှိမှ ကြွေချိန်မှာလည်း သင်းရနံ့တို့ မွှေးပျံ့နိုင်ကြတယ်။ လူ့သဘာဝမှာလည်း ဒီသဘောတွေ့ရတယ်။ ရှင်စဉ်မှာ မွှေးရနံ့ရှိမှ သေချိန်မှာလည်း မွှေးရနံ့ရှိတယ်။ ဘဝတလျှောက် ကြုံတွေ့ခဲ့ရတဲ့သူတွေထဲမှာ တချို့ကိုတော့ လက်လှမ်းမမီပေမဲ့ ကြားရမြင်ရ တွေ့ရတာတွေနဲ့ပဲ ဂုဏ်ပြုနိုင်ခဲ့တယ်။ စိတ်ထဲမှာ အစဉ်အမြဲ ‘ကတညုတ’ ကို အာရုံပြုပြီး အမြတ်တနိုး သိမ်းထားရသူတွေလည်း ရှိတယ်။ အဲ့ဒီထဲက ‘သိတွေ့ကြုံ’ ရဖူးသူတယောက်က ကိုဂျင်မီ။

ကိုဂျင်မီကို ဘဝတကွေ့မှာ နီးနီးကပ်ကပ် ကြုံတွေ့ခဲ့ရဖူးတယ်။ သူ့အကြောင်းကို စေ့စေ့ငုငု မဟုတ်ပေမဲ့ အဖြစ်အပျက်တချို့ အာရုံထဲဝင်လာတယ်။ သူ့အကြောင်းပြောရင် ထောင်တွင်းကာလကို ချန်ထားလို့မရ။ ထောင်ထဲမှာဆို နေ့စဉ် မြင်တွေ့နေကြရတာဆိုတော့ အခက်အခဲကြားမှာ သံယောဇဉ် ပိုကြီးတတ်ကြတယ်။ တချို့တော့လည်း  ကျောင်းတော်က ရန်စတွေလို ဖြစ်သွားကြတာလည်း ရှိရဲ့။ ဖြစ်ရိုးဖြစ်စဉ်တခုပါပဲ။

စာရေးသူတို့ ၅ တိုက်က လူစုံ၊ အဖွဲ့အစည်းစုံ၊ စရိုက်စုံပါပဲ။ ပါတီစုံကလူတွေရှိသလို ကျောင်းသားတွေလည်းရှိ။ အလုပ်သမား လယ်သမားတွေလည်း ရှိပေါ့။ အလွှာစုံ ယုံကြည်ချက် အစုံပါပဲ။ ကျောင်းသားအဖွဲ့တွေထဲကကြည့်ရင် မကသ လို့ခေါ်တဲ့ ‘မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၊ ဗကသလို့ခေါ်တဲ့ ဗမာနိုင်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ။ အောက်ဗလို့ အတိုခေါ်တဲ့ အောက်ဗမာပြည် ဗကသ။ ယူဂျီတွေအနေနဲ့ဆိုလည်း ABSDF နဲ့ ဗကပယူဂျီ။

အဖွဲ့အစည်းခြင်းအားပြိုင်တာ၊ လူပုဂ္ဂိုလ်တဦးချင်း အားပြိုင်ကြတာတွေလည်း ရှိတယ်။ အဲ့ဒီလို အားပြိုင်မှုတွေထဲမှာ ထဲထဲဝင်ဝင် ပါဝင်သူတွေရှိသလို ကင်းကင်းနေသူတွေရှိရဲ့။ ကိုယ့်အဖွဲ့အစည်းကို ကာကွယ်ကြ၊ အမွှမ်းတင်ကြ၊ စည်းရုံးကြပေါ့။ အဲ့ဒီလိုအုပ်စုတွေထဲ အားလုံးနဲ့ အဆင်ပြေပြေနေတဲ့သူတွေထဲမှာ ကိုဂျင်မီ ခေါ် ကိုကျော်မင်းယု တယောက်လည်း အပါအဝင်ပေါ့။

ကိုဂျင်မီကိုတော့ ၁၉၈၈ အရေးတော်ပုံကာလကတည်းက သိခဲ့တာ။ အဲ့ဒီတုန်းက သူက ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂမှာ ‘ဂျင်မီ၊ ဘကျော်’ ဆိုပြီး အတူတူ နာမည်ထွက်လာခဲ့တာ။ စစ်တပ်က အာဏာသိမ်းတော့ ‘လူ့ဘောင်သစ်ဒီမိုကရက်တစ်’ အမှုဆောင်တယောက်။ သူ့လိုပဲ ကိုဖြိုးမင်းသိန်းလည်း သန်လျင်လူ့ဘောင်သစ်ကပဲ။ သူကတော့ ‘အောက်ဗကသ’ အနေနဲ့ ရပ်တည်တယ်။ မောင်ဌေးကြွယ်နဲ့ ကိုအောင်မျိုးတင့်တို့က မကသ။ ကိုကိုကြီးကလည်း ဗကသအနေနဲ့ အသီးသီးကိုယ်စားပြု ရပ်တည်နေကြတာ။

ကျနော်နဲ့ စကားပြောဖြစ်တော့ ‘သူ ဘာနဲ့ရပ်တည်ရင် ကောင်းမလဲ’ လို့ စဉ်းစားနေသတဲ့။ “ကိုဂျင်မီက အားလုံးနဲ့အဆင်ပြေတယ်။ ၈၈ အခြေအနေအရ ပါတီမှာပါဝင်ခဲ့ပေမဲ့ ကျောင်းသားအဖြစ် ရှိနေသင့်တယ်။ ပြီးတော့ ထောင်တွင်းအုပ်စုပြဿနာတွေဟာ တချိန်မဟုတ်တချိန် ကြီးထွားလာမှာပဲ။ အများစုဟာ အဖွဲ့အစည်းစိတ်ကြီးသလို ဂိုဏ်းဂဏစိတ်တွေ များနေတယ်။ လူငယ်အချင်းချင်း ပြဿနာကို ညှိနှိုင်းပေးနိုင်မယ့်သူဟာ လိုအပ်ချက်တခု ဖြစ်လာမှာ။ ကိုယ့်သဘောကတော့ ကိုဂျင်မီကို ဗကသ၊ မကသလည်းမဟုတ် ပါတီအနေနဲ့လည်း မဟုတ်ဘဲ အရင်ကရပ်ခဲ့တဲ့အတိုင်း ‘ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ’ အနေနဲ့ ရပ်တည်တာ ကောင်းမယ်ထင်တယ်” လို့ အကြံပြုခဲ့တယ်။ နောက်တော့ သူလည်း အဲ့ဒီအတိုင်း ရပ်တည်ခဲ့တာကို တွေ့ရတယ်။

တကယ်လည်း လူငယ်တွေကြားထဲ ပြဿနာရပ်တွေ ဖြစ်လာခဲ့ရင် ကိုဂျင်မီက အဆင်ပြေပြေ ဖြေရှင်းပေးတတ်တာကို တွေ့ရတယ်။ တိုက်ထဲမှာ ညီညီညွတ်ညွတ်လုပ်ရမယ့်ကိစ္စရပ်တွေ ပေါ်လာရင် ကိုဂျင်မီတို့ မောင်ဌေးကြွယ်တို့နဲ့ အခြားသော လူငယ်အဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက် လုပ်ကိုင်ကြတယ်။ လူငယ်ပေမဲ့ လေးစားရလောက်သူတွေပါပဲ။ တိုက်ထဲမှာ နိုင်ငံရေးအထိမ်းအမှတ်နေ့တွေကအစ ထောင်အာဏာပိုင်တွေနဲ့ အရေးဆိုတိုက်ပွဲဝင်စရာ ရှိရင်လည်း သူတို့အချင်းချင်း ညှိနှိုင်းဆောင်ရွက်ပြီး လူကြီးတွေနဲ့ ညှိနှိုင်းအကြံဉာဏ်ယူ လုပ်ကိုင်ကြတယ်။ ဒါကြောင့် အဲ့ဒီအချိန်ဟာ ‘၅ တိုက်ကလူညီတယ်’လို့ ပြောစမှတ်ပြုကြရတယ်။ တကယ်လည်း ညီခဲ့ကြပါတယ်။

ကိုဂျင်မီရဲ့အားသာချက်က အချင်းချင်းကြားမှာ Negotiate လုပ်နိုင်စွမ်းပဲ။ သည်းခံဇွဲသန်ပြီး ဖြစ်နိုင်ခြေကို ရအောင်ယူကာ ညှိနှိုင်းဆောင်ရွက်နိုင်ခြင်းပါပဲ။ Negotiator ကောင်း တယောက်ပါပဲ။ ရန်သူနဲ့ကြားမှာတော့ ပြတ်သားစွာရပ်တည်တတ်ပြီး စည်းဖြတ်ထားနိုင်သူ တယောက်ပါ။ သူ့ကို အဲ့သလိုပဲ အကဲဖြတ်ခဲ့တယ်။

နောက်အားသာချက်တခုကတော့ ပရိသတ်ကို လှုံ့ဆော်နိုင်စွမ်းရှိခြင်းပဲ။ ဒါနဲ့ပတ်သက်ပြီး စတင်သတိထားမိတာက ရန်သူလက်ချက်နဲ့ အင်းလျားကန်ပေါ် ကျဆုံးသူတွေကို သတိတရ အထိမ်းအမှတ်ပွဲ ပြုလုပ်ရာမှာ ကိုဂျင်မီက စင်မြင့်ပေါ်ကနေ “ဤတံတား ဖြူသလား၊ နီသလား” လို့ မေးလိုက်၊ ပရိသတ်ကလည်း “နီတယ်ဟေ့ နီတယ်ဟေ့” လို့ အော်ဟစ်လိုက်နဲ့။ ဟစ်ကြွေးသံတွေဟာ အင်းလျားကန်ရေပြင်တခုလုံးကို ဖုံးလွှမ်းသွားခဲ့တယ်။ “တံတားဖြူကို တံတားနီ” လို့ အမည်ပြောင်းပေးနိုင်ခဲ့တယ်။ အခု ကျနော်တို့အားလုံး ‘တံတားနီ’ လို့ပဲ အသိအမှတ်ပြု ခေါ်ဝေါ်နေကြပြီ။ ‘ဖြူတဲ့တံတားလည်း နီခဲ့ပါပြီ…’ ကျော်မင်းယုရေ။

အင်းစိန်ထောင်အတွင်း တိတ်ဆိတ်တဲ့ညတွေမှာဆို ကိုယ့်အတွေးနဲ့ကိုယ် အိမ်လွမ်းစိတ် ဝင်နေချိန်မှာ ဂျင်မီရဲ့ သီချင်းဆိုသံ ထွက်ပေါ်လာမြဲ။ အနုပညာမှာ ဝါသနာကြီးတာလည်း သတိထားမိတယ်။ နောက်မှသိရတာက သူ့အမေကလည်း မြန်မာ့အသံ ဓာတ်ပြားရအဆိုတော် ဆိုပဲ။ ဂျင်မီက အင်းသားအမျိုးအနွယ်တယောက်။ ဒါကြောင့် သူ့ကို ‘ငဖိန်း’ လို့ နာမည်ပြောင် ပေးခဲ့ကြတယ်။ ‘ငါးဖိန်းငါး’ ကို အင်းသားစားပြီး အင်းသားသေရင် ငါးဖိန်းငါးက ပြန်စားသတဲ့။ အဲ့လို စကြနောက်ကြရာက သူ့ကို ‘ငဖိန်း’ လို့ နာမည်ပြောင်ပေးခဲ့ကြတာ။ သူကတော့ စိတ်မဆိုးတဲ့အပြင် ပြုံးရွှင်နှစ်ခြိုက်စွာပဲ အမည်နာမကို လက်ခံခဲ့တယ်။ အချင်းချင်းကြား သည်းခံခွင့်လွှတ်စိတ်ရှိတဲ့သူ၊ ရဲဘော်ရဲဘက်စိတ် ပြည့်ဝသူတယောက် အဖြစ်လည်း မြင်ခွင့်သာခဲ့ပါတယ်။

၅ တိုက်မိသားစုတွေ ခွဲခွာဖို့ အကြောင်းဖန်လာတော့ ကိုဂျင်မီက  ၃ တိုက် ရောက်သွားတယ်။ ကျနော်က ၁ တိုက်မှာပေါ့။ ကိုဖြိုးမင်းသိန်းကတော့ ဗကပအမှုတွဲတွေနဲ့ အတူနေမယ်ဆိုပြီး ၄ ရှည်တိုက် ရောက်သွားတယ်။ မကြာပါဘူး။ နှစ်လ သုံးလ အကြာမှာ သူကိုယ်တိုင် အတူနေဖို့ တောင်းဆိုထားတဲ့ ဗကပအမှုတွဲတွေနဲ့ အခန်းခွဲလိုက်ကြတယ်။ အတူနေကြမယ် ဆိုကတည်းက တနေ့ ဒီလိုဖြစ်လာနိုင်တယ်လို့တော့ ခန့်မှန်းမိပါရဲ့။ မတူညီတဲ့စရိုက်ရှိသူတွေကြားမှာ အတ္တသိပ်ကြီးရင် ညှိယူနေထိုင်နိုင်ဖို့ ခက်ခဲတတ်တာကလည်း လောကဓမ္မတာတခုပဲ မဟုတ်လား။ အဲ့ဒီအမှုတွဲအချို့နဲ့ပဲ တောင်ငူထောင်မှာ အကြီးအကျယ် ရုန်းရင်းဆန်ခတ် ဖြစ်သွားလိုက်သေးသတဲ့။

ကိုဂျင်မီကတော့ ၃ တိုက်ရောက်ချိန်မှာ ဗကပအမှုတွဲ ကိုစိုးမြင့်နဲ့တွေ့ပြီး သူ့ဝါသနာကို ထပ်မံဖြည့်ဆည်းခွင့် ရသွားတယ်။ မနက်မနက်ဆိုရင် ကိုဂျင်မီရဲ့ ‘အာအာအာ အူအူအူ’ နဲ့ အဆိုကျင့်နေသံကို ကြားနေရတယ်။ ဂီတနုတ်စ်တွေကို လေ့လာလိုက်သေးတယ်။ အတန်လေးကြာလာတော့ ဂျင်မီက သူရေးထားတဲ့သီချင်းကို ထောင်ဝင်စာထွက်တဲ့အခါတိုင်း ၅ ည အားလုံးကို ကြုံရင်ကြုံသလို ဆိုပြလေ့ရှိတယ်။ သူဆိုပြလို့ စိတ်ထဲစွဲနေတာက “ဂျင်မီကို ဂျင်မီက ဒူးနဲ့တိုက်တယ်… ဦးနဲ့ခိုက်တယ်။ ရေထဲမှာ လိပ်ပြာကူး…အေးဆေးပါ..” တဲ့။

နောက်တော့ ဆရာဦးဝင်းတင်ဆီက သတင်းပညာ သင်ယူနေတယ်လို့လည်း ကြားရတယ်။ မကြာခင် ရတတ်ရာရာ စာရွက်လေးတွေနဲ့ ထောင်တွင်းသတင်းစာထုတ်ပြီး တိုက်အနှံ့ ပေးဖတ်ခဲ့တယ်။ အဲ့ဒီသတင်းစာကို အာဏာပိုင်တွေ မိသွားချိန်မှာတော့ ကိုဂျင်မီဟာ ‘ကိုယ့်လက်ဖဝါးပေါ်ကျလာတဲ့ မီးခဲကို သူတပါးလက်ထဲ ခါမထုတ်ဘဲ’ သူ့တာဝန် သူယူလိုက်သတဲ့။ ၂၀၁၆ တုန်းက ‘သူ့လိုလူ ဝန်ကြီးချုပ်ဖြစ်သင့်တာ’ လို့ ကိုယ့်ဟာကို ကောက်ချက်ချမိသေးရဲ့။

နောက်တော့ ကျနော်လည်း ထောင်ပြောင်းခံရတယ်။ ကိုဂျင်မီတို့သတင်း သဲ့သဲ့ကြားလိုက်ရတယ်။ ထောင်ကထွက်ပြီး တခါနှစ်ခါလောက် တွေ့သေးတယ်။ သူတို့ ‘ပွင့်လင်းလူ့အဖွဲ့အစည်း’ မျက်နှာဖုံးစွပ်ပြီး သမဂ္ဂကို ဆက်လုပ်နေကြောင်း၊ ဆက်လုပ်စရာရှိတာတွေ လုပ်ကိုင်နေကြောင်း၊ သူ့သီချင်းတွေလည်း အသံသွင်းဖို့နဲ့ စာတွေလည်း ရေးနေကြောင်း လမ်းမှာမတ်တပ်ရပ်ပြီး ကြုံတုန်းဆုံတုန်းလေးမှာ မရပ်မနား အတိုချုံ့လို့ ပြောသွားသေးတယ်။ အဲ့ဒီအချိန်မှာ သူလည်းအိမ်ထောင်ကျလို့ ချစ်စရာသမီးတယောက် ရနေပြီ။

၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်တပ်ကအာဏာလုယူချိန်မှာ ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အဖမ်းခံရတယ်ဆိုတော့ စိတ်မကောင်းဖြစ်ခဲ့ရသေးတယ်။ ‘ဒီလူ တောင့်ခံနိုင်ကောင်းပါရဲ့’ လို့ ၅ တိုက် သံယောဇဉ်စိတ်နဲ့ သံသယကို ဖြေဖျောက်ခဲ့တယ်။ တယောက်ပြီးတယောက် အဖမ်းခံရတာတွေဟာ ခတ်စိတ်စိတ် ဖြစ်လာတယ်။

‘ကိုဂျင်မီနဲ့ ကိုဇေယျာသော်တို့ အဖမ်းခံလိုက်ရပြီ’ ဆိုကတည်းက ‘ဒီလူတွေ သူတို့တာဝန် သူတို့ယူသွားမှာပဲ၊ ကိုယ့်လွတ်မြောက်ရေးအတွက် သူတပါးကို အပြစ်ပုံချပြီး ‘လိုပြသက်သေ’ လုပ်သွားမှာမဟုတ်ဘူးလို့’ ကြုံတွေ့ခံစားစိတ်က အလိုလိုသိနေခဲ့တယ်။ ကြိုးပေးခံရတဲ့သတင်း ကြားလိုက်ရတော့ ‘လူကို ခွေးသတ်လေခြင်း’လို့  ဒေါသစိတ်တို့ ကျိတ်မနိုင်ခဲမရ။ တဆက်တည်း နှမြောတသစွာနဲ့ ‘လက်နက်ချအညံ့ခံလိုက်ရင် အသက်ချမ်းသာရရှာမှာ’ လို့ သူရဲဘောကြောင်သူတို့ရဲ့ စိတ်နဲ့ နှိုင်းယှဉ်စဉ်းစား တွေဝေလိုက်မိသေးရဲ့။ သူရဲကောင်းအပေါင်းကို စော်ကားမိလိုက်သလိုပါပဲ။ ရင်ထဲမှာ တအုံနွေးနွေး။ သူကတော့ ဂုဏ်သိက္ခာနဲ့ သေလမ်းရွေးသွားခဲ့တယ်။ ရင်ထဲမှာ မွှေးမြနေဆဲလေ။

ဟိုတရက်က ‘ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတော့ ဒဏ်ငွေတသိန်းနဲ့ လွတ်သွားပြီ’ တဲ့။ ‘အော်.. ကျော် ငြိမ်း လေး လွတ်သွားပြီပဲ’ လို့ သူ့ကွယ်ရာမှာ ခေါ်လေ့ရှိတဲ့ နာမည်ပြောင်အတိုင်း အမှတ်တမဲ့ မြည်တမ်းလိုက်မိသေးရဲ့။ လူသားစိတ်နဲ့ကြည့်ရင် ဘယ်သူမဆို အကျဉ်းကလွတ်လာတာ ဝမ်းသာစရာပါ။ တာဝန်ကြီးကြီး ယူခဲ့ဖူးသူတယောက်အတွက် တာဝန်ခံလိုစိတ် … တာဝန်ယူလိုစိတ်ကတော့ ……။ သူ့ဘဝ သူပြဋ္ဌာန်းသွားပြီပဲ။

ဂုဏ်သိက္ခာအတွက် သေခြင်းတရားကို ရွေးချယ်လိုက်ကြတဲ့ သူရဲကောင်းတွေကို အကြိမ်ကြိမ် ဦးခိုက်နေမိရဲ့။ တာဝန်ခံပြီး တာဝန်ယူသွားကြသူတွေကို မြတ်နိုးစိတ်နဲ့ အခါခါ ထွေးပိုက်နေမိတယ်။ ဘဝလမ်းမှာ ခြေချော်လက်ချော်ဖြစ်သွားသူ ကိုဂျင်မီကတော့ သူ့သီချင်းထဲကလိုပဲ ‘ဒူးနဲ့တိုက်ပြီး ဘယ်သူ့ကိုမှ ဦးမညွှတ်ဘဲ သူ့ကိုယ်သူ ဦးခိုက်သွားတယ်။’ လိပ်ပြာသန့်သန့်နဲ့ ‘ရေထဲမှာလား လေထဲမှာလား စကြဝဠာအနှံ့မှာ’ ကူးခတ်နေပြီထင်ပါရဲ့။

အချို့သောပန်းတို့ကြွေပြီး အချို့သောပန်းတို့ကား ဝေနေဆဲ။ ဝေသောပန်းအချို့က ရနံ့ကင်းပေမဲ့ အကြွေပန်းတို့ သင်းရနံ့ကား လေညာဆန်လို့ မွှေးမြသင်းထုံမြဲ။ သူရဲကောင်းတို့ သင်းရနံ့လည်း ထိုနည်းနှင်နှင်။ ကျန်ရစ်သူတို့ရဲ့ နှလုံးသားမှာ စွဲထင်ခဲ့တဲ့ သူရဲကောင်းတို့ သင်းရနံ့တို့ကား တမ်းတမ်းတတ မွှေးမွှေးမြမြ။ ‘သူရဲကောင်းတို့ စံ’ အဖြစ် ကမ္ပည်းတင်ကျန်ရစ်ခဲ့မှာပါ။

‘ရေထဲမှာ.. လိပ်ပြာကူး … အေးဆေးပါ…’ တဲ့လား ဂျင်မီရယ်။

ဂန္ထဝင်မောင်ထူး

5 mins Ago
Up